Social Icons

Sunday, November 25, 2012

ကချင်ပြည်နယ် မငြိမ်းချမ်းလျှင် မြန်မာပြည် လည်း မငြိမ်းချမ်းပါ


ပန်းချီပြပွဲ ဖွင့်ပွဲနေ့တွင် ဈေးအမြင့်ဆုံး အဖြစ် ရောင်းချခဲ့ရသော ပန်းချီကားနှင့် ပန်းချီဆရာ မင်းသူရိန်
ကချင်
ပြည်နယ် စစ်ဘေးသင့် ဒေသတွင်ရှိသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဒုက္ခကို ကူညီ ဖြေရှင်းနိုင်ရန်နှင့် ကချင်ပြည်နယ် ငြိမ်းချမ်းစေရန် ပြည်သူလူထု တစ်ရပ်လုံးပါဝင်၍ ဖားကန့်မြို့မှ ငြိမ်းချမ်းရေး ဆန္ဒပြု လက်မှတ် ၁ သိန်း ၁ သောင်းကျော်ကို အောက်တိုဘာ ၂၀ ရက်က သမ္မတရုံးသို့ ပို့ဆောင်ခဲ့ပြီး ကေအိုင်အေမှ တာဝန်ရှိခေါင်း ဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများထံသို့လည်း စစ်ဘေးသင့် ပြည်သူများ ထူထောင်ရေးနှင့် ပြန်လည် နေရာချထားရေး အဖွဲ့မှ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

...


“စစ်ပွဲတွေကြာမြင့်နေတာနဲ့ အမျှ ဘယ်လောက် ကယ်ဆယ်ရေးပဲ လုပ်လုပ် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးတွေ ကတော့ ပျက်စီးမှာပဲ။ ပြည်သူ့လွှတ်တော် ကလည်း ကချင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မပြော ဘူး။ လုံးဝ အားမရပါဘူး။ နိုင်ငံရဲ့ စာမျက်နှာမှာ ကျွန်တော်တို့ရဲ့ ကချင်စစ်ပွဲဟာ မှေးမှိန်နေပါတယ်။ ကချင် စစ်ပွဲဟာ တိုင်းပြည် ရဲ့ တခြားအရေးအခင်းတွေကိုပဲ အရေးကြီးတယ်လို့ ယူဆပါတယ်။ ကချင်ပြည်နယ် မငြိမ်းချမ်းရင် မြန်မာနိုင်ငံကြီးလည်း မငြိမ်းချမ်းပါဘူး။ နိုင်ငံကြီး မငြိမ်းချမ်းသေးသမျှ တော့ ကျွန်တော်တို့ တိုင်းပြည်ကြီး ဖွံ့ဖြိုးလာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟု လူမှု ကယ်ဆယ်ရေးအဖွဲ့မှ ဦးခင်မောင်ဝင်း က ပြောကြားခဲ့သည်။ အဆိုပါ စစ်ဘေးသင့် ပြည်သူများကို စိတ်ဓာတ် ပြန်လည်မြှင့်တင် ပေးရန်နှင့် စိတ်ဓာတ် ကျဆင်းမှုကြောင့် အသက်ဆုံးရှုံးမှုမှာ များပြားလျက် ရှိကြောင်း ဆက်လက် ပြောကြား ခဲ့သည်။

ယင်း ကချင် စစ်ဘေးသင့်ဒေသရှိ တိုင်ရင်းသား ညီအစ်ကို မောင်နှမများ အတွက် ရည်ညွှန်း၍ ငြိမ်းချမ်းခြင်း ပန်းချီပြပွဲ တစ်ခုပြုလုပ်ခဲ့ရာ ပွဲစီစဉ်သူ ဒေါ်ဖြူအိသိမ်းက “အဓိက ကတော့ သူတို့ရဲ့ စိတ်ခံစား ချက်လေးတွေကို ပြေပျောက် စေချင် လို့ပါ။ အစစ အရာရာ လှူဒါန်းချင် ပေမယ့်လည်း ငွေကြေး မတတ်နိုင်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုတာကလည်း အကောင်အထည်မပေါ် သေးတဲ့အတွက် သူတို့ အင်အားမဲ့နေတယ်လို့ ခံစားနေရပါတယ်။ သူတို့စခန်းမှာ နေရတဲ့ အချိန်တွေလည်း အလကားဖြစ်နေတော့ လက်မှုသင်တန်းလေး တွေရှိရင် စိတ်သက်သာရာ ရမလားဆိုပြီး တွေးမိတယ်။ သင်တန်းပေးမယ် ပြီးရင် သူတို့ဘာတွေ လုပ်နိုင်မလဲ။ လုပ်နိုင်တာတွေကို ဒီဘက်မှာ ဈေးကွက်ဖြန့်ပေးမယ်။ ရောင်းလို့ ရတဲ့ငွေက သူတို့ ဝင်ငွေပေါ့။ ကိုယ့်ဘာသာ ရပ်တည်လာ နိုင်အောင် ခုလိုရန်ပုံငွေပွဲ စီစဉ်ရတာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းခြင်း ပန်းချီပြပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် တော်ဝင်နှင်းဆီ၊ သီရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပန်းချီဆရာ ၁၇၀ ၏ ပန်းချီကား ၁၇၀ ကို ပြသခဲ့သည်။ အဆိုပါ ပန်းချီကား ရောင်းရငွေများ ကို ကချင်ပြည်နယ် သို့ လှူဒါန်း မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ပန်းချီဆရာ မင်းသူရိန်ကလည်း “ကျွန်တော့်ဆီက ပန်းချီကား လှမ်းတောင်း တော့ ကျွန်တော်က နယ် ရောက်နေတယ်။ အဲဒါနဲ့ ကြိုက်တဲ့ ကားယူသွား ရောင်းရရင် ပြီးရော၊ လှူရရင်ပြီးရော ဆိုပြီး ပေးလိုက်တာ ခုလိုရောင်းရတော့ ကလေးတွေ အတွက်လည်း အလှူဖြစ် သွားတာပေါ့။ အရမ်းဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .