Social Icons

Wednesday, August 24, 2016

ကချင်လူမျိုးများရဲ့ အားနည်းချက်



1. အသားထဲကလောက် ပြသာနာ
2. ဘာသာရေးကို ခုတုံးလုပ် ပြသာနာ
3. စီးပွားရေး ပြသာနာ
4. လူ့အရင်းအမြစ် ပြသာနာ
5. အရပ်ဘက်အဖွဲ့အစည်းများ အင်အားနည်း ပြသာနာ
6. ဗမာကြောက်တဲ့ ပြသာနာ
7. ကချင်မျိုးနွယ်စုများ မစည်းလုံးခြင်း ပြသာနာ

1.အသားထဲကလောက်ပြသာနာ

ကိုယ့်လူမျုးကိုဘဲ ပြသာနာ ရှာတဲ့ အဖွဲ့ဖြစ်တယ်။ တိုးတက်ရေးကို ဟုတ်သိပတ်သိမလုပ် ကိုယ့်ယုံကြည်ကာ ခေါင်းစဉ်ဖြစ် ထင်တိုင်းကြေးတယ်။ တချို့က ဒုတိယပင်လုံကို သတိ သင့်တယ် ဒီတခါမှားရင် နောက်ပြန်ဆုတ်ဖို့ ခက်ကြောင်းပြောလည်း ငြိမ်းချမ်းရေးမှငြိမ်းချမ်း ရေး စွတ်ငြိမ်းချမ်းချင်တယ်။ ဒါပေမယ့် အသားထဲက လောက်ပြသာနာက အချိန်တန်ရင် ငြိမ်သွားပါလိမ့်မယ်။ ထိုအတန်းစားသည် လက်တစုပ်စာမျှသာ။ သိုပေမယ့် အသားထဲက လောက်များလည်း အသိတရားရဖို့ သင့်ပါပြီ။

2.ဘာသာရေးကိုခုတုံးလုပ်ပြသာနာ

ဘာသာရေးဟာ နိုင်ငံရေး၊ နိုင်ငံရေးဟာ ဘာသာရေး မသဲကွဲကြပါဘူး။ ကျနော့် အမြင်ပြော ရရင် သာသာရေးဟာ ပြည်သူရဲ့အခြေခံတွေကိုဘဲ လုပ်သင့်ပါတယ်။ ဥပမာ လူ့ပညာရေးအ ရင်းအမြစ်တည်ထောင်တဲ့ အရေးကြီးကိစ္စလိုမျိုးမှာပေါ့။ ဘာသာရေးဟာ နိုင်ငံရေးမဖြစ်နိုင် တလို နိုင်ငံရေးဟာလည်း ဘာသာရေးမဖြစ်နိုင်ပါဘူး။ ဘာကြောင့်ဒီလို ပြောရသလဲဆိုရင် ကချင်ဒေသမှာ ခရစ်ယာန်ဘာသာကွဲတွေ များပြားလို့ပါပဲ။ ဒါက အဓိကအကြောင်းရင်းထဲက တခုပါ။ ဒါကြောင့် ဘာသာရေးကို အခြေမခံတဲ့ အရပ်ဘက်အဖွဲ့အစည်းက အင်းအားကြီးလာ ရပါမယ်။ (နံပါတ်၅ တွေ ဆက်လက်ဖော်ပြမည်) ဘာသာရေးထက် အရပ်ဘက်အဖွဲ့အစည်း က အင်အားကြီးရပါမယ်။ ဒါမှသာ အားလုံးပါဝင်လာမည် ဖြစ်ပါတယ်။

3.စီးပွားရေးပြသာနာ

သံယံဇာတလုပ်တဲ့ စီးပွားရေးတိုင်းလိုလိုက စစ်အစိုးရ ထိန်းချုပ်မှု အောက်မှာပါ။ ကချင်ဒေသ တိုးတက်ရေးအတွက်က အစိုးရရဲ့ ဘတ်ဂျတ်ကိုဘဲ မျော်နေရပါတယ်။ ကချင်ပြည်နယ်လွတ် တော်ဟာ စစ်အစိုးရထိန်းချုပ်မှုအောက်မှာ အပြည့်ရှိတယ်ဆိုတာ သိသာတယ်။ ကချင်ပြည် နယ်တိုးတက်ရေးအတွက် ဟုတ်တိပတ်တိ တခုမှ မလုပ်ပါဘူး။ သံယံဇာတတွေ ကုန်သ လောက်ဖြစ်နေတာတောင် ကချင်ပြည်နယ်ဟာ တုန်းရင်းကတုန်းရင်းပဲ။ ကချင်လူမျိုးတိုး တက်ရေး အတွက် စီးပွားရေး ဟုတ်တိပတ်တိ မရှိဘူး။ ကချင်လူငယ်တွေ အလုပ်ရဖို့ အလုပ် ရုံတွေ မရှိပါဘူး။ ဒါလည်း ပြည်နယ်အစိုးရမလုပ်ရင် အစိုးရကိုဘဲ မျော်နေရတဲ့ ပြသာနာပါ။

အခုဆိုရင် ဖုန်းဘေထည့်ရင်တောင် အခွန်ထမ်း (အခွန်ဆောင်) ရပါတယ်။ မြန်မာနိုင်ငံတိုးတက်ဖို့လား။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တိုးတက်ဖို့ဘဲလား။ ဒါကတော့ စောင့် ကြည့်ရမယ့် အခြေအနေဘဲ ရှိပါသေးတယ်။

4.လူ့အရင်းအမြစ်ပြသာနာ

လူ့အရင်းအမြစ် မရှိတာက အဆိုးဆုံးပြသာနာပါ။ ဒီလို ဖြစ်အောင် ပညာရေးစနစ်ကိုစိတ် ကြိုက် ဖန်တီးခဲ့ကြတယ်။ KIO/KIA ကို လက်ညိုးထိုးပြီး ကချင်ဒေသကို ခေါင်းပုံဖြတ်ခဲ့ကြ တယ်။ အခုချိန်ကျနော်တို့ ကချင်လူမျိုးတွေရဲ့ လူ့အရင်းအမြစ်ကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာ အရေးကြီးပါတယ်။ ဒါက ပင်လုံပျက်စီးစေခြင်းနဲ့ မဆိုင်ပါဘူး။ ဗမာနဲ့အတူအတူနေ နေ၊ မနေနေ လုပ်ရမှာက ကချင်လူမျိုးရဲ့ လူ့အရင်းအမြစ်ကို တည်ထောင်ရမှာပါ။ ဒါက ပင်လုံထက် အရေးကြီးပါတယ်။ ဒါကို ကချင်တမျိုးသားလုံးသိတဲ့နေ့ဟာ ကချင်ဒေသငြိမ်းချမ်း ရေးအစစ်အမှန်ရတဲ့ နေ့ပါပဲ။

ဒါဟာ ပင်လုံစာချုပ်ထက်အရေးကြီးပါတယ်။

5.အရပ်ဘက်အဖွဲ့အစည်းကအင်အားနည်းပြသာနာ

အရင်က ပိုဒ့်မှာလည်း ပြောဖူးပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ အင်အားနည်းသွား ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းကို အလုငွေနဲ့တည်ဆောက် ကြပါတယ်။ အဖွဲ့ဝင်တွေလည်း လုပ်အားပေးပါပဲ။ ဒါက အင်အားနည်းစေတဲ့ အကြောင်း ရင်းပါပဲ။ ပြီးတော့ ဦးတည်ချက်ဟာ ဝမ်းဝေး (One Way) ပါပဲ။ တခြားတိုးတက်ရေးတွေ မလုပ်တော့ပါဘူး။ Pat Ja San ဘိန်းတိုက်ဖြတ်ရေးအရပ်ဘက်အဖွဲ့အစည်း ဘိန်းပဲ တိုက်ဖြတ်ပါတယ်။ ဘိန်းမရှိရင် အလုပ်မရှိ မိန်သွားပါတယ်။ ထိုတို့ အဖွဲ့အစည်းတွေ အရမ်း များပါတယ်။

6.ဗမာကြောက်တဲ့ပြသာနာ

တချို့က စစ်အစိုးရကို သာမက ဗမာလူမျိုးကိုပါ ကြောက်ကြပါတယ်။ ကချင်လူမျိုးဆိုတာ သမိုင်းရှိတယ်။ Land Mark လည်း ရှိပါတယ်။ ဗမာလူမျိုးတွေကို ဘာအကြောင်းနဲ့မှ ကြောက် စရာမရှိပါဘူး။ ကြောက်ရမယ်ဆိုရင် သူတို့က ငါတို့ကို ကြောက်ရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် သမိုင်းကြွေးက ဆပ်မကုန်ပါဘူး။ ကြောက်ရင် ဗမာကဘဲ ကချင်လူမျိုးကို ကြောက်ရမှာပါ။ လက်နက်ဆိုတာ သမိုင်းလောက်ကြောက်စရာမရှိပါဘူး။ ဗမာလူမျိုးက ကချင်တွေကို တောင်ပန်းရပါမယ်။ သမိုင်းအဆက်ဆက် ကချင်တွေကို လိမ်ညာခဲ့တဲ့ အပြစ်ပေါ့။ ထိုအပြစ်ကြွေးကို တောင်းပန်သင့်ပါတယ်။

လက်နက်ဘယ်လောက်ရှိရှိ၊ လူဘယ်လောက်များများ သမိုင်းအရ ဗမာကို ကြောက်စရာ မရှိ ပါဘူး။ ဒါကို ကချင်လူမျိုတိုင်း သတိချပ်စေချင်ပါတယ်။

7.ကချင်မျိုးနွယ်စုများမစည်းလုံးခြင်းပြသာနာ

စည်းလုံးခြင်းဟာ ဒီလောက်အရေးမကြီးဘူးလို့ ကချင်တော်တော်များများက ထင်ကြတယ်။ ဒါပေမယ့် ဒါကတကယ် အရေးကြီးပါတယ်။ ဒီ့ထက်ပိုစည်းလုံးသင့်ပါတယ်။ဒီ အခြေခံ အချက်တွေကို မလုပ်ဘူးဆိုရင် ကချင်ဒေသဟာ စစ်အာဏာရှင်လက်အောက် အခွံတတ် တတ် မျှသာ။ အခုသွေးကွဲဖို့လည်း မဖြစ်နိုင်၊ အခွံတတ်တတ်သာ ရှိနေတဲ့ ကချင်ဒေသမှာ ကချင်လူမျိုးအချင်းချင်းသွေးကွဲဖို့က အချိန်မရှိသေးပါဘူး။


 အခုချိန်က ဘာလုပ်ရန် အသင့်ဆုံးလဲဆိုတာက ကချင်လူမျိုးများရဲ့ ကံကြမ္မာဖြစ်ပါတယ်။

Myusha Gintawng

Thursday, August 18, 2016

မလုပ်နိုင်ရင် ပင်လုံညီလာခံလို့ နာမည် မပေးပါနဲ့



ပဋိဥာဉ်တစ်ရပ်ကို ချိုးဖောက်ပြီး အသစ်ဆွဲဖို့ဆိုတဲ့ ကိစ္စဟာ အဟောင်းကို ဖျက်မှ ဖြစ်ပါလိမ့်မယ်။ အသစ်လုပ်ချင်ရင် အဟောင်းဖျက်ဆိုတဲ့ သဘော ပါ။ ပြည်ထောင်စု ( သို့မဟုတ် ) တိုင်းပြည် တည်ထောင်တဲ့ ပဋိဥာဉ်တွေ (သို့မဟုတ် ) အုပ်ချုပ်သူ ပဒေသရာဇ်တွေနဲ့ဖြစ်စေ ၊ အစိုးရနဲ့ဖြစ်စေ ပြည် သူတွေနဲ့ အာဏာခွဲဝေမှု သဘောတူညီထားတဲ့ ပဋိဥာဉ်တွေကိုတိုးတက်တဲ့ အတွေးအခေါ်ရှိတဲ့ နိုင်ငံတွေက ဘယ်တော့မှ ဖောက်ဖျက်ဖို့ မကြိုးစားကြ ပါဘူး။ အရပ်သားအစိုးရမှန်သမျှကလည်း အဲဒီ ပဋိဥာဉ်တွေအတိုင်း နိုင်ငံကို ဆက်လက်တည်ဆောက်ကြသလို တစ်ခါအာဏာရှင်စိတ်မရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ကလည်း တတ်နိုင်သမျှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုက်နာကျင့်သုံးပြီး အဲဒီ ပဋိဥာဉ်ပါပြဌာန်းချက်တွေနဲ့အတူ ဒီမိုကရေစီ စနစ်အောက်မှာ လိုက်ပါလာကြတာ အလေ့အထပါပဲ။

အင်္ဂလန်နိုင်ငံမှာ ခရစ်နှစ် ၁၂၀၀ ကျော် ကာလတွေကတည်းက စခဲ့တဲ့ ပဒေသရာဇ် အုပ်ချုပ်သူု ဘုရင်တွေရဲ့ အကြွင်းမဲ့ အာဏာကို မှူးမတ်တွေ ကတဆင့် ပြန်လည်ထိန်းညှိဖို့ စခဲ့တဲ့ မဂ္ဂနက်တာစာချုပ်ကြီးက ဘုရင်တွေ ထံက အာဏာကို ခွဲဝေယူတဲ့ အလေ့အကျင့်ရဲ့ အစအဖြစ် ယခုအထိ တိုင်အသိမှတ်ပြုထားဆဲဖြစ်ပြီး အဲဒီ စာချုပ်ခေတ်ကနေတဆင့် စည်းမျဉ်းခံဘုရင်စနစ် ၊ ပါလီမန်ဒီမိုကရေစီခေတ်တွေကို အဆင့်ဆင့်ကူးပြောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ လွတ်လပ်ရေးကြေငြာစာတမ်းက အခုထိ သက်ဝင်နေဆဲဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ အစလို့ပြောနိုင်တဲ့ ၁၃ ပြည်နယ်ပေါင်းစည်းမှုမှာလည်း ၁။ အချုပ်အခြာ အာဏာကိုပြည်သူများ ပိုင်ဆိုင်ရေး ၂။ ပြည်သူပြည်သားတိုင်း လုံးဝ တန်းတူညီမျှရေး ၊(၃) ။ အုပ်ချုပ်ရေးအဖွဲ့က အာဏာကို မတရားသောနည်းလမ်းဖြင့် သိမ်းပိုက်မှုကို အလွှဲသုံးစားပြုမှုမှ ကာကွယ်ရေး ၊(၄)။ ပြည်နယ်တွေရဲ့ အခွင့်ရေးကို ဗဟိုပြည်ထောင်စုမှ ၀င်ရောက်စွပ်ဖက်မှုမှ ကာကွယ်ရေးဆိုတဲ့မူကြီး လေး ချက်ကို အခြေခံခဲ့တာဖြစ်ပါတယ်။ ယနေ့ထက်တိုင်လည်း အခြေခံ ဥပဒေမှာ လိုတိုးပိုလျှော့ အနည်းငယ်သာလုပ်လို့ အဲဒီမူတွေအတိုင်း ဆက်သွားနေ ဆဲဖြစ်ပါတယ်။

အမေရိကန် သမ္မတ အဆက်ဆက်မှာ စစ်သားတွေ တပ်မတော်သား စစ်မှုထမ်းကနေတဆင့် သမ္မတ ဖြစ်လာခဲ့သူတွေကို တွေ့ရမှာဖြစ်ပေမဲ့ သူတို့ကလည်း လွတ်လပ်ရေးကြေငြာစာတမ်းပါပြဌာန်း ချက် တွေ ၊ မူတွေ ၊ အခြေခံ ဥပဒေတွေကို အတတ်နိုင်ဆုံးလိုက်နာကျင့်သုံးကြတာကြောင့် တိုင်းပြည်က ဒီကနေ့အထိ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရပ်နေဆဲဖြစ်ပါတယ်။ အိန္ဒိယဆိုရင်လည်း လွတ်လပ်ရေးကြေငြာ စာတမ်းရှိသလို ၊ ကုလသမဂ္ဂမှာဆိုရင်လည်း ကုလသ မဂ္ဂစတင်တည်ထောင် တဲ့ ပဋိဥာဉ်ဆိုတာ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီ ပဋိဥာဉ်ကလည်း တစ်ခုရှိပြီး သား ဖြစ် တဲ့အတွက် နောက်တစ်ခုဆွဲမယ်ဆိုရင် အရင်တစ်ခုက ဖျက်ရမဲ့ သဘောဖြစ်ပါတယ်။

ရှိပြီးသားပဋိဥာဉ်တွေ ဒီမိုကရေစီစံနှုန်းရှိတဲ့ အခြေခံ ဥပဒေ သူတွေကို ဖောက် ဖျက်သူတွေလည်း ကမ္ဘာမှာရှိပါတယ်။ အာဏာရှင်တွေပါ။ အာဏာရှင်ဆန် တဲ့အတွက် ရှိပြီးသား တိုင်းပြည်တည်ထောင်ရေးအခြေခံမူတွေ ၊ တန်းတူရေး မူတွေကို အကြောင်းအမျိုးမျိုးပြ ဖျက်ကြတော့တာပါပဲ။ အာဏာသိမ်းပြီး ဖွဲ့စည်း ပုံတွေကိုလည်း လိုရာရေးဆွဲတဲ့အတွက် သူတို့ရဲ့ လုပ်ဆောင်မှုတွေက လူထုထောက်ခံမှု မရှိတာ ၊နိုင်ငံတကာထောက်ခံမှု မရှိတာတွေနဲ့ ရင်ဆိုင်ရပြီး သူတို့ရဲ့ စိတ်တိုင်းကျပြင်ဆင်ရေးဖျက်တာတွေကလည်း တရားမ၀င် ဖြစ်နေ တတ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပင်လုံစာချုပ်ဟာ ပြည်ထောင်စု တည်ထောင်ဖို့ ပဋိဥာဉ် ဖြစ်ပါတယ်။ လွတ်လပ်ရေးကြေငြာစာတမ်းလည်းရှိပြီးဖြစ်ပါတယ်။ သို့သော် အဲဒီ ပဋိဥာဉ်နဲ့ ကြေငြာစာတမ်းဟာ အာဏာရှင်အစိုးရအဆက်ဆက် မကြာခဏ ချိုးဖောက်ခံရပါတယ်။ ဒါပေမဲ့ တရားဝင်မှုအရဆိုရင်တော့ လွတ်လပ်ရေးနေ့ ၊ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ပြည်ထောင်စုနေ့ ၊ ပင်လုံစာချုပ်ကို ဦးဆောင်သူတွေ ကွယ်လွန်တဲ့ အာဇာနည်နေ့တွေ ရှိနေဆဲဖြစ်တာကို ကြည့်ရင် အသက်ဝင်နေဆဲဆိုတာ လုံးဝ မငြင်းနိုင်တဲ့ အရာတစ်ခုပဲဖြစ်ပါ တယ်။

လူထုက ထောက်ခံတဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ အာဇာနည်နေ့ကို နိုင်ငံတ၀ှမ်းမှာ ကျင်းပကြတာ ၊ လူထုက ပန်းခွေချ တာကြည့် ရင်ပဲ ပင်လုံရဲ့ တန်ဖိုး အာဇာနည်ခေါင်းဆောင်တွေရဲ့ တန်ဖိုး အပေါ် ပြည် သူတွေရဲ့ အသိမှတ်ပြုလက်ခံမှုကိုတွေ့နိုင်ပါတယ်။ တကယ်တော့ ပင်လုံဆို တာ မြန်မာ့သမိုင်းမှာဖြစ်တောင့်ဖြစ်ခဲလို့ဆိုနိုင်တဲ့ အုပ်ချုပ်မှု မတူညီ ၊ မျိုးနွယ်စု မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင် ဆန်း တို့အကြား အင်္ဂလိပ်အောက်ကနေ လွတ်လပ်ရေးအတူတကွယူဖို့ ၊ တန်းတူရည်တူနဲ့ ဒီမိုကရေစီကို မျှဝေခံစားဖို့ ၊ ပြည်ထောင်စုထူထောင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်တူကိုယ်တူ ၄ ပြည်ထောင် ပူးပေါင်းခဲ့ကြခြင်း ဖြစ်ပါတယ်။
 ပင်လုံစာချုပ်အကြောင်းပြောမယ်ဆိုရင် ၊ ပင်လုံကတိက၀တ် ၊ ပင်လုံစိတ်ဓါတ် သုံးခုတွဲမှ ပြည့်စုံမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လက် မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ကို ကြည့်မယ်ဆိုရင်ပဲ (၁) လွတ်လပ်၍အချုပ်ခြာအာဏာ ပိုင်သောနိုင်ငံ (၂) လွတ်လပ်သော သဘောဆန္ဒနဲ့ အညီပူးပေါင်းပါဝင်ကြခြင်း ၊(၃) တန်းတူရေး (၄) ကိုယ်ပိုင်ပြဌာန်းခွင့် (၅) ဖက်ဒရာယ်ပြည်ထောင်စုစစ်စစ်မူ ( ၆) လူနည်းစုတွေအတွက် အခွင့်ရေးကာကွယ်ခြင်း (၇) ဒီမိုကရေစီ အခြေခံ အခွင့်ရေးများ (၈) ပါတီစုံ ဒီမိုကရေစီ စနစ် (၉) ဘာသာရေးကို အခြေမခံ တဲ့ နိုင်ငံ (၁၀) ခွဲထွက်ခွင့်ဆိုတာကိုအခြေခံခဲ့တာဖြစ်ပါတယ်။ သျှမ်း (ရှမ်း) ၊ ကချင် ၊ ချင်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ် အပိုဒ် (၇) မှာဆိုရင် ‘ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည့် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိမှတ်ပြုထားပြီးသော အခွင့်ရေးများ ခံစားပိုင်ခွင့်ရရှိစေမည် ။ ‘ ဆိုတာ ပါရှိတယ်။

ယခင်ကတည်းက သျှမ်းပြည်က ရရှိထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေးတွေကို ထိခိုက်ခြင်းမရှိဖို့ဆိုတာ ပါဝင်သလို ၊ အပိုဒ် (၉) မှာကတော့ ဗဟိုအစိုးရကနေရတဲ့ အခွန်တွေထဲက ကချင်တောင်တန်းနယ်နဲ့ ချင်းတောင်တန်းနယ်တွေထဲက ရသင့်ရထိုက်တဲ့ ဘဏ္ဍာရေး အကူညီတွေ ထိခိုက်မှု မရှိစေရ ။ မြန်မာပြည် နဲ့ ပြည်ထောင်စု သျှမ်းပြည် (နယ်မြေစု) ရဲ့ ဘဏ္ဍာရေးအစီစဉ်များကဲ့သို့ ကချင်တောင်တန်းနဲ့ ချင်းတောင်တန်းဒေသတွေ အတွက် အလားတူ ဘဏ္ဍာရေးအစီစဉ်တွေကို ထားရှိကျင့်သုံးရန် ဖြစ်တယ် ဆိုပြီး ပါရှိပါတယ်။ သဘောက တော့ အင်္ဂလိပ်အုပ်ချုပ်မှုအောက် မှာက တည်း က သျှမ်းပြည်ပဒေသရာဇ် စီရင်စုက ရနေခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ၊ သယံဇာတခွဲဝေခွင့်နဲ့ အခွန်ခွဲဝေခွင့်တွေကို ကချင်နဲ့ ချင်း နယ်တွေကလည်း ရရှိစေဖို့ ဖြစ်ပါတယ်။ ခွဲထွက်ခွင့်ကတော့ ၁၀ နှစ်ပေါင်းကြည့် တန်းတူရည် တူမရှိဘူးဆိုရင်ခွဲထွက်နိုင်တယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံကတိက ၀တ်ကြောင့် ၁၉၄၇ ခုနစ် အခြေခံ ဥပဒေမှာပါလာခဲ့တာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ၂၁ ရာစုပင်လုံနဲ့ ပတ်သက်လို့ သံသယ၀င်နေသူတွေ ရှိနေ တာကို စာရေးသူသတိထားမိပါတယ်။ အများစုက သံသယ၀င်နေကြ တာက တိုင်းရင်းသားတွေဘက်ကပါ။ ပင်လုံဆိုတာဘာကိုလဲဆိုတာ အမြဲမေး ခွန်းထုတ်တာ သတိထားမိပါတယ်။ ဆိုရရင်တော့ အဟောင်း (၂၀) ရာစုက စာချုပ်က အစိုးရအဆက်ဆက်အနေနဲ့တစ်ခါမှ အသိ မှတ်ပြု ဖော်ဆောင်ပေး ခဲ့မှု မရှိခဲ့ဘူး ။ ဒါကြောင့် ဘယ်အစိုးရပဲဖြစ်ဖြစ် ဗမာ အစိုးရအဖြစ် တိုင်းရင်း သားတွေက မြင်နေကြတာဖြစ်ပါတယ်။

အခုလုပ်မဲ့ ၂၁ ပင်လုံဟာ နဂို ၁၉၄၇ ပင်လုံရဲ့ အဆက်လား အဟောင်းရဲ့ ရလာဒ်ကို ပယ်ဖျက်တာလား စသဖြင့် မေးမြန်းကြတာလည်း သတိထားမိပါတယ်။

ဒါပေမဲ့နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောတာက ပင်လုံစိတ်ဓါတ် ၊ ပင်လုံ သတ္တိဆိုတာမျိုးတွေလောက်ပဲကြားရပါတယ်။ ဒီမိုကရေစီ ဖက်ဒရာယ် ပြည်ထောင်စုပြောနေပေမဲ့ ဘယ်လိုသွားမလဲ ကိုယ်စားလှယ်တွေကို ရေရေရာရာချမပြနိုင်ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့ ဆိုတဲ့ ကိစ္စကို ငြိမ်းချမ်းရေးရပြီးမှာပြင်မယ်ဆိုပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောနေပြန်ပါတယ်။ နောက်အခုညီလာခံမှာ ဆွေးနွေးမှာက နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စသာဖြစ်ပါတယ်။ အရေးကြီးတဲ့ သယံဇာတခွဲဝေခွင့် မပါပါဘူး။

ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေရာမှာတော့ ကွာခြားပါတယ်။ ဗိုလ် ချုပ်အောင်ဆန်းကတော့ ရှင်းပါတယ်။ အဲဒီ ပင်လုံစာချုပ်ချုပ်တဲ့ အချိန်မှာ သူ့မှာ နိုင်ငံရေးအာဏာ ၊ အုပ်ချုပ်မှု အာဏာ အပြည့်မရှိပေမဲ့ တနှစ်အတွင်း လွတ်လပ်ရေးယူမယ်။ တောင်တန်းမြေပြန့် မခွဲခြားပဲ လွတ်လပ်ရေးယူမယ်။ အားလုံးတန်းတူအခွင့်ရေးရစေမယ်ဆိုတာနဲ့ အုပ်ချုပ်မှုအာဏာ ၊ သယံဇာတ အခွန်ဘဏ္ဍာ ခွဲဝေမှုကအစဆိုပြီး သွားခဲ့တာပဲဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ အာမခံချက်ရှိအောင်လည်း သူမကွယ်လွန်ခင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းဝေးတွေမှာ တင်သွင်းတဲ့ လမ်းညွှန်ပြဌာန်းချက် အဆို (၇) ရပ်မှာ ပါရှိခဲ့ပါတယ်။ သူမကွယ်လွန်ခင် တလအလို ၁၉၄၇ ခုနစ် ဇွန်လ ၁၆ ရက်နေ့မှာ တင်သွင်းခဲ့တာပါ။

ဒါပေမဲ့ ဗိုလ်ချုပ် ကွယ်လွန်သွားတော့ ဆက်ခံသူတွေက ကတိတွေ စဖျက်တော့ တာပါပဲ။ သမ္မတအဖြစ် တိုင်းရင်းသား တစ်ဦးကိုခန့်ထားခဲ့ပေမဲ့ အာဏာ မရှိ သလို ၊ ပြည်နယ်အုပ်ချုပ်မှုအတွက် ရွေးကောက်ပွဲက ရွေးချယ်တာ မဟုတ်ပဲ ဗဟိုအစိုးရက ခန့်ထားတဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

အခုလတ်တလော ဝေဖန်နေ ကြတဲ့အထဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သူ့နယ်မြေနဲ့ သူ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီအချို့ကို အန်အယ်လ် ဒီဘက်က နယ်မြေအုပ်ချုပ်ခွင့်ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်ရာထူးတွေ မပေးခဲ့တာဟာ လူမျိုးစုတိုင်းရင်းသားတွေအနေနဲ့ အန်အယ်လ်ဒီ အပေါ် ယုံကြည်မှုလျော့ကျစေခဲ့တဲ့ အချက်ဖြစ်နေသလို ဦးနု၊ ဦးနေ၀င်း အစိုးရတွေနဲ့ အန်အယ်လ်ဒီရဲ့ စဉ်းစားပုံ မကွာဘူးဆိုတဲ့ ဝေဖန်ချက်ကလည်း ရှိနေပါတယ်။

ပင်လုံလို့ ပြောလိုက်ရင် ခွဲထွက်ခွင့်လို့ ပြေးမြင်ကြပေမဲ့ တကယ်တော့ ခွဲထွက်ခြင်းမခွဲထွက်ခြင်းက တိုင်းရင်းသားတွေ သက်သောင့်သက်သာနဲ့ စိတ်ပိုင်း ၊ရုပ်ပိုင်း လုံခြုံမှု ရှိခြင်း မရှိခြင်းဆိုတဲ့ အချက်တွေအပေါ်မှာသာ မူတည်တယ်လို့ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အခြေခံ ဥပဒေအရ ခွဲထွက် ခွင့်ပေးဖူးတာ မြန်မာနဲ့ ဆိုဗီယက်နှစ်နိုင်ငံထဲရှိဖူးတယ် ဆိုပေမဲ့ ဆိုဗီယက်က နယ်မြေတွေကို သိမ်းပိုက်ရင်းစုစည်းခဲ့တာဖြစ်ပြီး မြန်မာရဲ့ ပြည်ထောင်စုအဖြစ် ဦးတည်တဲ့အနေထားကတော့ လွတ်လပ်စွာမိမိဆန္ဒ အရ လေးပြည်ထောင် ပူးပေါင်းခဲ့ခြင်းပဲဖြစ်ပါတယ်။ အတူယှာဉ်တွဲနေထိုင်ရေး ဖက်ဒရာယ်လစ်ဇင် Coming Together ကနေလာခဲ့တာဖြစ်ပါတယ်။

တကယ်တော့ အခုလုပ်ဖို့ စီစဉ်နေတဲ့ ညီလာခံက သမ္မတ ဦးသိန်းစိန် လက် ထက် က လုပ်ခဲ့တဲ့ ညီလာခံရဲ့အဆက်ဖြစ်ပါတယ်။ သာမန်ဖြေလျှော့ မှုလောက် ပဲ အရင်သွားမယ်ဆိုရင် တခြားနာမည်နဲ့ သုံးပြီးပေါ့ပေါ့ပါး ပါးဆွေးနွေး တာကောင်းပါတယ်။ ပင်လုံ နာမည်ပါနေတော့ ကြီးကျယ်လွန်း အားကြီးပါ တယ်။ နောက်မှသာ ပြည်ထောင်စု ပုံစံအတွက် ဆက်ဆွေးနွေး သွားတဲ့ ပုံစံမျိုးပါ။

ပင်လုံနာမည်သုံးမယ်ဆိုရင်လည်း ပင်လုံနဲ့ ကိုက်ညီတဲ့ အဆင့်တန်း ရှိရမှာဖြစ် ပါတယ်။ ပင်လုံလို့နာမည်သုံးတဲ့အတွက် တင်ပြတောင်းဆိုသူတွေကလည်း ရဲရဲတင်းတင်းနဲ့ တောင်းဆိုလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော်က ပြောတဲ့ ဖက်ဒရာယ်အဆင့်တန်းပုံစံနဲ့ တိုင်းရင်း သား လက်နက်ကိုင်တွေဘက်က တင်ပြတဲ့ ပုံစံအဆင့်တန်း က တော်တော် ကွာဟတာပါ။ အရေးတကြီးလိုနေတာက အန်အယ်လ်ဒီအနေနဲ့ ဖက်ဒရာယ်နဲ့ ပတ်သက်လို့ နှစ်ဘက်လက်ခံနိုင်တဲ့ ကြားကြတဲ့ စာတမ်းတွေ ရှိနေဖို့လိုနေတာ ပကတိအခြေနေပါ။

ချုပ်ပြောရမယ်ဆိုရင် ပင်လုံစာချုပ်ဟာ နိုင်ငံရဲ့ နှစ်ပေါင်းထောင်နဲ့ချီ သမိုင်းအတွင်း ပထမဆုံး ရရှိထားတဲ့ ပြည်ထောင်စုထူထောင်မှုအတွက် တိုင်းပြည်အတွင်းက ခေါင်းဆောင်တွေအားလုံး စိတ်တူကိုယ်တူနဲ့ ချုပ်ဆိုထားတဲ့ ပြည်ထောင်စု ပဋိဥာဉ်ဖြစ်ပါတယ်။ အင်မတန်ကြီးကျယ်ပါတယ်။ လက်ရှိ အာဏာရ အန်အယ်လ်ဒီ အစိုးရအနေနဲ့ ပါတီ သက်တမ်းတလျှောက် ၊ မဲဆွယ်ခဲ့မှုတလျှောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ မဲဆွယ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရုပ်ပြပြီး ပြည်ထောင်စုပဋိဥာဉ်ကို လိုက်နာမှုမရှိ ၊ ဗိုလ်ချုပ်ရဲ့ လမ်းစဉ်ကို ရိုက်ချိုးပြီး အသစ် ထပ်မံ အကောင်ထည်ဖော်ဖို့ စဉ်းစားတာ ကောင်းမကောင်းဆိုတာကလည်း စဉ်းစားစရာကိစ္စပါပဲ။

ပင်လုံ ပြည်ထောင်စု ပဋိဥာဉ်နဲ့ လွတ်လပ်ရေးကြေငြာစာ တမ်းပါ ပြဌာန်း ချက်တွေဆိုတာ အရပ်သားအစိုးရအနေနဲ့ လွယ်လွယ်ကူကူဖောက် ဖျက် လို့ကောင်းတဲ့ အရာမဟုတ်သလို တစ်နေ့မှာ အဲဒီပြည်ထောင်စု ပန်းတိုင် ဆိုတာ မဖြစ်မနေသွားရမဲ့ အရာပါ။ တဘက်မှာလည်း ပင်လုံစာချုပ်ဟာ တိုင်းရင်းသားပြည်သူအားလုံး တန်းတူရည်တူ နဲ့ ပြည်ထောင်စုကို ပိုင်ဆိုင်ကြောင်း သက်သေပြတဲ့ ပဋိဥာဉ်လည်းဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။

 ( ဆောင်းပါးရှင် - စိုင်းထွန်းအောင်လွင်)

Wednesday, August 17, 2016

ကချင်နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်မလဲ (စ-ဆုံး)



 (1) ဘုရားကျောင်းကနေ စလုပ်ရမယ်။

        ဒီနေ့ ကချင်တွေ ဟာ ခရစ်ယာန်များပါတယ်။ စစ်ဘဲတိုက်မယ်ဆိုရင် နှစ်ဖက်လုံး အထိ နာကြမှာ အမှန်ပဲ။ ဒီနေ့ အသင်းတော်တွေဟာ ဘုရားကြောင်း ပြိုင်ဆောက်နေကြတယ်။ ကချင်လူမျိုးကို  ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဆိုတာ တော်တော်ရှားတယ်။ ကချင်လူငယ်တွေကို ပြုစုပျိုးထောင်တာ အင်မတန်နည်းတယ်။ ဘုရားကျောင်းဆောက်ဖို့ အလျှူငွေတွေ မတရားကောက်တယ်။
      တကယ်လို့ ဘုရားကျောင်းဆောက်မယ့် အလျှူငွေတွေကိုလူသားအရင်းအမြစ်တည်ထောင်ရာမှာ အထောက်အကူပြုမှာပါပဲ။ အခုလောလောဆယ် ကချင် လူမျိုးတွေမှာ လူသားအရင်းအမြစ်မရှိသေးပါဘူး။
     ဘယ်အသင်းတော်ရဲ့ ဘုရားကျောင်းက ဘယ်လောက်တန်တယ်ဘဲ လိုက်ပြိုင်နေကြတယ်။ ဘယ် အသင်းတော်က လူတော် ဘယ်လောက် မွေးထုတ်ပေးလိုက်ပြီ ဆိုတာ မပြိုင်ကြဘူး။
      ကချင်လူမျိုးတွေ တိုးတက်ဖို့ဆိုရင် ကချင် အားလုံးဟာ ပညာတတ်ဖြစ်ရပါမယ်။ KIA/KIO က အခု စစ်တိုက်နေတယ်။ ကချင်တစ်မျိုးသားလုံးရဲ့ အခြေခံ၊ လူသားအရင်းအမြစ်တွေကို ပြုစုပျိုးထောင် ဖို့က ခရစ်ယာန်အသင်းတော်များရဲ့ တာဝန်သာဖြစ်ပါကြောင်း ရေးသားအပ်ပါတယ်။


အပိုင်း (2)
KIO/KIA ရဲ့ မူကို ပြောင်းလဲရပါမယ်။

အရင်တုန်းကဆို ကချင်လူငယ်တွေ စီးပွားရှာရတာမလွယ်ပါဘူး။ စုဆောင်းရေးခေါ် ပါတယ်။ ဥပမာ ရွှေ မော်၊ ကျောက်စိမ်းလုပ်ကွက်၊ ပယင်းမော်၊ ကျွန်းသစ်လုပ်ကွက် စသည် ဘယ်နေရာမှာ မဆို ကချင်လူငယ်တွေကို သိပ်ပြီး မတွေ့ရပါဘူး။

ကျနော် ဖားကန့်ရောက်သွားတော့ ကုမ္ပဏီ တွေက အသိတွေကို ကချင်လူငယ်တွေ အလုပ်လာလုပ်ကြလား မေးကြည့်တော့ မရှိသလောက်ပါပဲတဲ့။ နယ်ခံတွေဖြစ်ပြီး ဝင်မလုပ်ကြတာကို သူကိုယ်တိုင် အံသြပါတယ်တဲ့။

ကချင်လူငယ်တွေကို  စီးပွားရေးလုပ်ဖို့ ဘာကတားမြစ်နေတာလဲ။ KIO/KIA ကလည်း တစိတ်တဒေသ ပါဝင်နေပါတယ်။.ဒါကလည်း သတိချပ်ဖို့ပါ။ ကချင်ဒေသက စီးပွားရေးတွေမှာ ကချင်လူငယ်တွေ ကိုယ်စား တခြားလူမျိုးတွေက အစားထိုးသွားပါတယ်။ အဓိက ကဗမာလူမျိုးတွေ ကချင်ပြည်နယ်ကို အများကြီး ဝင်ရောက်လာပါတယ်။

အဓိက ပြောချင်တာကဗျား၊ ကချင်လူငယ်တွေရဲ့ တက်လမ်းကို မပိတ်ထားမိဖို့ပါ။ အစိုးရကိုတော့ မဝေဖန်ချင်တော့ဘူး။ အစိုးရဝန်ထမ်းဆိုတာ ကချင်ပြည်သူတွေနဲ့ မဆိုင်သလိုပါဘဲ။ အားလုံးကို မသိမသာ ပထုတ်ထားကြပါတယ်။ ဒါက အာလုံး အသိပါ။ ဒါကြောင့် ဆက်မရေးတော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကချင်နိုင်တော်တည်ဆောက်ရေး ရေးနေတာကိုး။

KIA/KIO အနေနဲ့ လူငယ်တွေကို ပိုပြီး ပြုစုပျိုးထောင် သင့်ပါတယ်။ ကချင်တမျိုးသားလုံး စာတတ်မှ စီပွားရေးအဆင်ပြေမှ ကချင်နိုင်ငံတော်ကို တည်ထောင်နိုင်မှာပါ။ ကချင်လူငယ်တွေကို ပိုပြီး လမ်းပြဖို့ပါ။ ဝမ်းတထွာအတွက် ကိုယ့်ကချင် လူမျိုးခြင်း မနှိမ်သင့်တော့ပါဘူး။

KIO/KIA အနေနဲ့ ကချင်လူငယ်တွေရဲ့ အရင်းအမြစ်ကို ပျိုးထောင်သင့်ပါတယ်။ လမ်းစဉ်တွေရော ချမှတ်သင့်ပါတယ်။ ပိုပြီးတော့ ချမှတ်ဖို့ လိုလာပါပြီ။ KIO/KIA အနေနဲ့ကချင်တမျိုးသားလုံးအတွက် ရပ်တည်နေတာမှန်ရင် လူငယ်တွေရဲ့ လူသားအရင်းအမြစ်ကို ပျိုးထောင် သင့်ပါတယ်။

ကချင်တမျိုးသားလုံးရဲ့ အနာဂတ်သည် ကချင်လူငယ်များရဲ့ လက်ထဲတွေ ဖြစ်တယ်။



အပိုင်း (3)

ကချင်လူငယ် ပညာတတ်တွေ ဘယ်လောက်များလဲ။

ကချင်လူငယ်ပညာတတ်တွေ အင်မတန်နည်းနေပါသေးတယ်။ ကျနော့်စာတောက်လျောက် လူငယ်တွေရဲ့ ပညာရေးကို ကချင်တမျိုးသားလုံးရဲ့ လူ့အရင်းအမြစ်ကို ဘယ်လို ပျိုးထောင်မလဲ။ အခုအပိုင်း (3) မှာ ပညာရေးပြောပါမယ်။ ဒါကလည်း ထူထောင်သင့်တဲ့ အရင်းအမြစ်မှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ကချင်လူမျိုးတွေ စာပေမှာ အားနည်းကြပါတယ်။ မြို့တွေမှာ ရောက်နေတဲ့ လက်တစ်စုပ်စာ ကချင် လူမျိုးလောက်တာ စာတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားအရင်းအမြစ် ထူထောင်ရာမှာ အင်မတန် အားနည်းကြပါတယ်။

ကချင်လူမျိုးတွေရဲ့ လူသားအရင်းအမြစ်ကို ထူထောင်ဖို့လည်း ကချင်လူမျိုးများဟာ မစည်းလုံး ကြပါဘူး။ ဘာကြောင့်မစည်းလုံးသလဲလို့ အရင်းအမြစ်ကို ရှာလိုက်တော့ ခရစ်ယာန်ဘာသာတွေ ကွဲပြားနေကြရပါတယ်။ ခရစ်ယာန်ဘာသာတွေများလွန်းလို့ ရေတွက်ရမှာတောင် ခက်ခဲပါတယ်။

ဒီလိုမျိုး အကွဲကွဲအပြားပြားဖြစ်နေတာ KIO/KIA မှာ သာမက ကချင်ပြည်သူ အချင်းချင်းတောင် ကွဲပြားစေပါတယ်။ ဒါက ကချင် လူမျိုးတွေကို အင်းအားနည်းစေတဲ့ အဓိက အကြာင်းရင်း ဖြစ်နေပါတယ်။

အဓိက ပြသာနာက ဘာသာရေးမဟုတ်ဘူးဆိုတာ ကျနော်တို့ ရင်ထဲမှာ မမှတ်ထားခဲ့ကြဘူး။ အခုကျနော်တို့ ရင်ဆိုင်နေတာက ကချင်ဆိုတဲ့ ခေါင်းစဉ်အောက်က နိုင်ငံရေးပြသာနာ ဖြစ်ပါတယ်။

ကချင်လူမျိုးတွေမှာ ပညာတတ် အများကြီးရှိတယ်ဘဲ ထားအုံး။ ပညာတတ်တွေကို အလုပ်ပေးဖို့ နေရာမရှိပါဘူး။ ပညာတတ်ရင်တောင် အလုပ်မရှိတဲ့ လူပိုတွေ ဖြစ်နေရတယ်။ ကြာရင် အလုပ်မရှိတဲ့ လူက ပျက်စီးရတယ်။

ပိုက်ဆံချမ်းသာတဲ့ လူတစုရဲ့ သားသမီးတွေသာ အလုပ်ရကြတယ်။ ပြီးတော့ ပညာကောင်းကောင်းသင်နိုင်ကြတယ်။ နိုင်ငံခြားပညာတော်သင်အထိ သွားရကြတယ်။ စစ်ဘေးကြုံတော့လည်း လူချမ်းသာကချင်လက်တစုပ်စာက နိုင်ငံခြားကိုပြေးတယ်။ ရန်ကုန်ကို ပြေးတယ်။ တချို့ကြပြန်တော့ ဒုက္ခသည် အနေနဲ့ အနောက်နိုင်ငံတွေမှာ ခိုလုံသွားကြတယ်။

ပညာတတ်တချို့ကလည်း ဝမ်းရေးဖူလုံဖို့ အတွက် နိုင်ငံခြားကို ထွက်ခွာသွားကြရတယ်။

နိုင်ငံ့အတွက် စစ်တိုက်တာက ဆင်းရဲသားတွေ၊ ကိုယ့်လူမျိုးအတွက် မားမားရပ်တည်နေတာက ဆင်းရဲသားတွေပဲ ဖြစ်နေတယ်။

KIO/KIA ခရိုနီနဲ့ ကိုယ့်ဝမ်းတထွာအတွက် စီးပွားရှာနေတဲ့ စစ်ခေါင်းဆောင်တွေလည်း အသိတရားရဖို့ သင့်ပါပြီ။

နိဂုံးချုပ်ပြောရရင် ကျနော်တို့ ကချင်လူမျိုးတွေ ဘယ်လို စည်းလုံးကြမယ်။ အခြေခံလိုအပ်ချက်တွေ ဘယ်လို တည်ဆောက်ကြမယ်။ စစ်ပဲတိုက်နေတာဟာ ငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘူး။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ တမျိုးသားလုံးပညာတတ်ရေး၊ အခြေခံအဆောက်အဦးတွေ၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်လို တည်ဆောက်သွားမလဲဆိုတာ ပိုပြီးစဉ်းစားသင့်တယ်လို့ ရေးသားအပ်ပါတယ်။



အပိုင်း (4)

ဆယ်ကျပ်တန်သူကို တစ်ကျပ်နဲ့ ရအောင်ခိုင်းတယ်

ကချင်လူ့အဖွဲ့အစည်း(KIO/KIA မပါ)မှာ အလုပ်သွားလုပ်တဲ့ လူငယ်တချို့ညီးသံ ကြားဖူး ပါတယ်။ ပေးတာက တစ်ကျပ်ဖိုး ခိုင်းတာက ဆယ်ကျပ်လောက်ခိုင်းချင်ကြတယ်။ ပြီးတော့ လူမျိုးရေး (Myusha lam) ဆိုပြီး လုပ်အားပေးခိုင်းတတ်ကြတယ်။ ရေနွေးကြမ်း ထည့်ခိုင်းသည် အထိ။ ကချင်လူမျိုးတွေကို ချိုးနိမ်နေတာက ကချင်လူမျိုးဘဲ ဖြစ်နေတယ်။

ဒါကြောင့် ကချင်လူ့အဖွဲ့အစည်းမှာ အလုပ်မလုပ်ချင်ကြဘူး။ ကချင်စီးပွားရေးလုပ်ငန်းရှင်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ကချင်လူငယ်တွေဆိုရင် အလုပ်ကိုပိုခိုင်းချင်တယ် လူငယ်တွေက မလုပ်နိုင်တော့ လူငယ်တွေကို ပျင်းတယ် ဆိုပြီး နောက်ပိုင်းပြန်မသုံးတော့ဘူး။ ဒါက ဘယ်သူ့ကို အပြစ်တင်မလဲ။

ကိုယ့်လူမျိုးကိုဘဲ အလုပ်ပေးပါလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အလုပ်ခိုင်းတဲ့ ပုံစံတွေ ပြောင်းသင့်ပါကြောင်းပါ။

ပြီးတော့ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေ ခဏတာ အင်းအားရှိပြီး နောက်ပိုင်းပျောက်ကွယ်သွားကြတယ်။ မပျောက်ကွယ်ရင်တောင် မိန်သွားကြတယ်။ ဘာကြောင့်လဲ။

အရပ်ဘက်အဖွဲ့အစည်းမှာ ဝင်ငွေမရှိပါဘူး။ ပြီးတော့ အဖွဲ့ဝင်တွေလည်း အကုန်လုံး လုပ်အားပေးပါပဲ။ ဒီအဖွဲ့အစည်းကို ဘယ်လို ခိုင်မာအောင်တည်ဆောက်မလဲ မစဉ်းစားဘူး။

ဟုတ်ပါတယ်။ တခါလုပ်အားပေးနိုင်ပေမယ့် ကချင်လူမျိုးတော်တော်များဟာ ဆင်းရဲကြပါတယ်။ တခါလုပ်အားပေးနိုင်ပေမယ့် နောက်တခါလုပ်အားပေးနိုင်ဖို့ ခက်ကြပါတယ်။ ပြီးတော့ ကချင်လူငယ်တွေကို လူမျိုးရေးနဲ့ ဆွဲထားတယ်။ တန်ရာတန်ကြေးမပေးဘူး။လူမျိုးရေးဟုတ်တယ် လုပ်အားပေးရမယ်။ ခေါင်းစဉ် ကဒါဘဲ။

တန်ရာတန်ကြေးနဲ့ခိုင်းကြပါ။ ကိုယ့်လူမျိုးကို  ကိုယ်မပြုစုမပျိုးထောင်ရင် ဘယ်လူမျိုးက တာဝန်ယူမလဲ။ လူမျိုးရေးနဲ့ ကချင်လူငယ်တွေရဲ့ တက်လမ်းကို  မပိတ်စေချင်ပါဘူး။ မပိတ်သင့်ပါဘူး။

တစ်ကျပ်တန်တဲ့ သူကိုတောင် ဆယ်ကျပ်လောက်တန်အောင်ပျိုးထောင်ပြီး ခိုင်းပါ။ ဒါဆို ကချင်လူမျိုးဟာ နောင်တချိန် လူ့အရင်းအမြစ် တိုးတက်တဲ့ နိုင်ငံဖြစ်မှာပါ။


အပိုင်း (5) နိဂုံး

ကချင်မျိုးနွယ်စုများရဲ့ အင်အား

ကချင်မျိုးနွယ်စုတွေရဲ့ အင်အားကို လျှော့မတွက်သင့်ပါဘူး။ ပိုပြီး အင်အားကြီးအောင် လုပ်သင့်ပါတယ်။

ဒီနေ့ကချင်မျိုးနွယ်စုတွေကို သွေးခွဲနေတာ ရှိပါတယ်။ ရဝမ်တွေကို ဗမာဖြူလို့ မည့်ပြီး သွေးခွဲတယ်။ လီဆူးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်ဟု သွေးခွဲတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ကချင်လူမျိုးတွေရဲ့ အင်အားကို စစ်အစိုးရသိနေတာ သိသာပါတယ်။ အဓိကအင်အားကို ဘယ်လိုတည်ဆောက်မလဲ စဉ်းစားဖို့ အချိန်တန်ပါပြီ။ ပါဝင်လာလိမ့်မယ် ဆိုတဲ့ အတွေးလောက်နဲ့တော့ အလုပ်မဖြစ်တော့ပါဘူး။ အမှန်တကယ်စဉ်းစားတွေးခေါ် ဖို့ အချိန်တန်ပါပြီ။

ကယ်!!!!!!

လုပ်ငန်းစမယ်။

ကချင်မျိုးနွယ်စုတွေထဲမှာ ပညာတတ်ဘယ်လောက်ရှိသလဲ၊ အရင်ဖော်ထုတ်မယ်။

ပညာတတ်တွေကို ဘယ်လိုအသုံးပြုမယ်ဆိုတာ Plan ဆွဲမယ်။ ပြီးတော့ Plan အတိုင်း အကောင်အထည်ဖော်မယ်။

ထိုPlan ကို ဘယ်နှစ်နှစ် စီမံကိန်းချမလဲ။ နှစ်ပေါင်း (30) လား။ (50) လား။

ကျနော်အခုချိန်ထိ ကချင်တွေရဲ့ ပါးစပ်ဖျားမှာ နှစ်ပေါင်း (30,50,60) စီမံကိန်းလည်းမကြားဖူးပါဘူး။ ထိုသို့ ပြော၍ အထင်သေးတာ မဟုတ်ပါဘူး။ ကိုယ့်အားနည်းချက်ကို သိတာဟာ ရှက်စရာမဟုတ်ပါဘူး။ ကိုယ့်အားနည်းချက်ကို မသိခြင်းကဘဲ ရှက်စရာ ဖြစ်ပါတယ်။

စစ်နဲ့ပတ်သက်ပြီး နှစ်ပေါင်း (60) ဖြေရှင်းလာတာ အဆင်မပြေပါဘူး။ ဒါက နည်းလမ်းအသစ်တွေ လုပ်သင့်ပြီဆိုတဲ့ ခေါင်လောင်းသံလေးပါ။ ကြားတတ်ဖို့သာ လိုပါတယ်။

စင်ကာပူနိုင်ငံကို တည်ထောင်ဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်နှနှစ်စီမံကိန်းချရတယ်ဆိုတာ သိပါသလား။

တောင်ကိုရီးယားနိုင်ငံလို ဖွံဖြိုးတိုးတက်ဖို့ ဘယ်လောက်ကြာသလဲ။

ကချင်လူမျိုးတွေရဲ့ လူ့အရင်းအမြစ်ကို တည်ထောင်ဖို့ ဘယ်နှစ်နှစ် ကြာမလဲ။ Plan ဆွဲပြီး လုပ်ငန်းစလုပ် သင့်ပြီထင်ပါတယ်။

ကိုယ်မှာ လူ့အရင်းအမြစ်မရှိရင် ခွဲထွက်တာပဲ ဖြစ်ဖြစ်(ခွဲထွက်ဖို့ လူ့အရင်းအမြစ်သိပ် မရှိသေး)၊ ဖက်ဒရယ်အရ 21 ရာစု ပင်လုံမှာ ပူပေါင်းတာပဲ ဖြစ်ဖြစ် သူများလက်အောက်မှာ နေရဖို့က များပါတယ်။ လွတ်တော်ထဲက ကချင်ပြည်နယ်ဝန်ကြီးလို လူရီစရာ ဖြစ်နေအုံး မှာပါ။

(အပိုင်း (5) ပိုင်းထိ ရေးသွားတော့ ကချင်လူမျိုးတွေအတွက် အတွေးတခု ဒါမှမဟုတ် ဘယ်ကစလုပ်မယ်ဆိုတာ အတွေးပေါက်လောက်ပြီ ထင်ပါတယ်။ ကချင်လူမျိုးကို တကယ်ချစ်ရင် Plan ဆွဲ၍ နိုင်ငံတိုးတက်အောင် ဆောင်ရွက်သင့်ပါကြောင်း ရေးသားအပ်ပါတယ်။

ထိုတို့Plan အောင်မြင်သွားရင်

ခွဲထွက်ချင်သော် ရ၏။

ပူးပေါင်းချင်သော် ရ၏။

သင့်လူမျိုးကို ဘယ်သူမှ အနိုင်မကျင့်၊

ဘယ်သူမှ သင်တို့ ခွင့်ပြုချက်မရဘဲ သင်တို့ သံယံဇာတတွေကို ယူဆောင်သွား၍ မရ။)

ကျေးဇူးတင်ပါတယ် ။ အတွေးပွားဆွေးနွေးနိုင်ပါတယ်။ share နိုင်ပါတယ်။

(Myusha gintawng @ အမှန်အတိုင်း ဝေဖန်မည်။ )

စာရေးသူ၏ facebook link
https://mobile.facebook.com/profile.php?id=100013033697227&tsid=0.22513785865157843&source=typeahead&refid=17

Sunday, August 14, 2016

အိမ်ထောင်ရှင်များ ဆောင်ရန်ရှောင်ရန်


အိမ်ထောင်ရှင်မမတွေရော အိမ်ထောင်ရှင်မလောင်းတွေရောဖတ်ရအောင်လို့ဖတ်မိတဲ့စာလေး ကြိုးစားဘာသာပြန်ထားပါတယ်
၁-ကိုယ့်ခင်ပွန်းကိုဘယ်တော့မှမဟောက်ပါနဲ့  သူ့ကိုမရိုသေခြင်းလက္ခဏာပါ (သုတ္တံ ၁၅:၁)
၂-ကိုယ့်ခင်ပွန်းရဲ့အားနည်းချက်တွေကိုမိသားစုဝင်/သူငယ်ချင်းတွေကိုမပြောပြပါနဲ့ တစ်နေ့ကိုယ့်ဆီပြန်လာပါလိမ့်မယ် လင်မယားဆိုတာတစ်ဦးအကြောင်းတစ်ဦးထိန်းသိမ်းဖို့ပါ (ဧဖက် ၅:၁၂)
၃-အမူအရာအစောင်းအမြောင်းတွေနဲ့ ကိုယ့်ခင်ပွန်းကိုမဆက်ဆံပါနဲ့ သူဘယ်လိုအထာကောက်သွားမလဲဆိုတာမသိနိင်ဘူး အမြဲတမ်းပြန်ခံပြောတက်တဲ့အမျိုးသမီးတွေဟာပျော်ရွှင်တဲ့အိမ်ကိုမပိုင်ဆိုင်ကြဘူး (သုတ္တံ ၁၅:၁၃)
၎-ကိုယ့်ခင်ပွန်းကိုတခြားယောက်ကျားတွေနဲ့မနှိုင်းယှဉ်ပါနဲ့ သူတို့ရဲ့ဘဝအခြေအနေအားလုံးကိုကိုယ်မသိနိုင်ပါဘူး ခင်ပွန်းသည်ရဲ့မာန သိက္ခာကိုစော်ကားမိရင် ကိုယ့်အပေါ်သူထားတဲ့ချစ်ခြင်းမေတ္တာလည်းလျော့နည်းသွားပါလိမ့်မယ်
၅- ခင်ပွန်းရဲ့သူငယ်ချင်းတွေကို မကြိုက်လို့ဆိုတိုင်းမလေးမစားမဆက်ဆံပါနဲ့ သူတို့တွေကိုရှောင်ဖယ်အောင်သင့်ခင်ပွန်းပဲလုပ်သင့်ပါတယ် (သုတ္တံ ၁၁:၂၂)
၆- ခင်ပွန်းသည်လက်ထပ်ထားတာဟာသင့်ကိုပါ အိမ်အကူကိုမဟုတ်ဘူးတခြားသူကိုမဟုတ်ဘူး အိမ်ရှင်မတာဝန်ကိုယ်ဆောင်ရွက်ပါ(ကမ္ဘာဦး ၂:၂၄)
၇-သင့်ခင်ပွန်းကိုဂရုစိုက်ရမဲ့တာဝန်ကိုတခြားသူကိုမပေးပါနဲ့ ကိုယ့်ခင်ပွန်းဟာ ဇနီးသည်ရဲ့တာဝန်ဖြစ်ပါတယ်(ဧဖက်၅:၃၃)
၈-ခင်ပွန်းသည်အိမ်ကိုလက်ချည်းသက်သက်နဲ့ပြန်လာခဲ့ရင်အပြစ်မတင်ပါနဲ့ အားပေးပါ (တရားဟော၃:၂၈)
၉-အဖြုန်းကြီးတဲ့ဇနီးမဖြစ်ပါစေနဲ့ ခင်ပွန်းသည်ရဲ့ချွှေးဟာအဖိုးတန်ပါတယ်
၁၀- ခင်ပွန်းရဲ့သွေးသားဆန္ဒမဖြည့်ဆည်းပေးချင်လို့နေမကောင်းချင်ယောင်ဆောင်တာမျိုးမလုပ်ပါနဲ့ သူ့အလိုလိုက်လျောပါ တခြားတစ်ယောက်သင့်နေရာမယူပါစေနဲ့ ယောက်ကျားတိုင်း(ရွေးကောက်ခံလူအပါအဝင်)သွေးသားဆာလောင်မှုကိုကြာကြာမခံစားနိင်ကြပါဘူး (ရှောလမုန်၇:၁၂)
၁၁-ခင်ပွန်းသည်ကိုရည်းစားဟောင်းသို့မဟုတ်တွဲဖူးခဲ့သူတွေနဲ့နှိုင်းယှဉ်ခြင်းလုံးဝပလုပ်ပါနဲ့ သင့်ရဲ့အိမ်အဖက်ဆည်မရဖြစ်သွားပါလိမ်မယ်(ရှောလမုန် ၅:၉)
၁၂-အများရှေ့မှာခင်ပွန်းကိုယ်စားဖြေကြားခြင်းမပြုပါနဲ့ သူ့ဟာသူကိုယ်တွယ်ဖြေရှင်းပါစေ သင့်ကိုယ်စားတော့သူဖြေပေးနိင်ပါတယ် (သုတ္တံ၃၁:၂၃)
၁၃-ကလေးတွေရှ့မှာခင်ပွန်းကိုအော်ဟစ်ခြင်းစိန်ခေါ်ခြင်းမပြုပါနဲ့ ပညာရှိအမျိုးသမီးတွေအဲဒီလိုမလုပ်ကြပါဘူး(ဧဖက်၎:၃၁)
၁၄-ခင်ပွန်းသည်ရဲ့ထက်မြက်မှုကိုသူကိုယ်တိုင်မသိခင်သိပါစေ(သုတ္တံ၁၂:၄)
၁၅-ကိုယ့်သူငယ်ချင်းတွေကိုမိမိခင်ပွန်းနဲ့အနီးကပ်မလွန်ပါစေနဲ့
၁၆-ရေချိုးခန်းနဲ့မှန်တင်ခုံရှေ့မှာမလောပါနဲ့ (အချိန်ယူသင့်သလာက်ယူပြီးပြင်ပြင်ဆင်ဆင်နေပါ) အပြင်မှာ လှလှပပဖြစ်ဖို့အချိန်ပေးထားသူတွေသင့်ခင်ပွန်းဘေးမှာဝိုင်းဝိုင်းလည်နေတက်လို့ပါ(၁ဓမ္မရာဇဝင်၂၅:၃)
၁၇-သင့်မိဘမိသားစုဝင်နဲ့မိတ်ဆွေတွေဟာသင့်အိမ်ထောင်ရေးအဆုံးအဖြတ်မပေးနိင်ပါဘူး အချိန်ကုန်ခံမေးမနေပါနဲ့ ကိုယ်တိုင်ပြတ်သား ဆုံးဖြတ်ပါ (လု၂၁:၁၆)
၁၈-ချစ်ခြင်းမေတ္တာကိုငွေကြးပ်ါအခြေမခံပါနဲ့ မဟုတ်ရင်သူ့ထက်ငွေပိုရှာနိင်တဲ့တနေ့သူ့ကိုအရင်လိုနာခံပါ့ဦးမလား?
၁၉-ခင်ပွန်းသည်ဟာဂရုစိုက်မှုနဲ့နားထောင်ပေးမဲ့သူလိုအပ်တယ် သူ့ကိုအချိန်မပေးနိင်လောက်အောင်အလုပ်မများပါစေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးဟာအိမ်ထောင်ပျော်ရွှင်ဖို့အဓိကကျပါတယ်(ဂလာတိ၆:၉)
၂၀-ကိုယ့်အကြံအစည်ကသူ့ထက်ပိုကောင်းခဲ့ရင်တောင်မှသူနဲ့မယှဉ်ပါနဲ့ သူနဲ့ကိုယ်တဖွဲ့ထဲပဲလေ(ဂလာတိ၆:၁၀)
၂၁-သူ့အပေါ်အပြစ်တင်မစောပါနဲ့ တပြစ်တောက်တောက်လုပ်နေတဲ့အိမ်ရှင်မကိုဘယ်သူမှမလိုချင်ကြပါဘူး(ဧဖက်၎:၂၉)
၂၂-ပျင်းရိတဲ့ဇနီးဟာဂရုမစိုက်တဲ့ဇနီးပါပဲ ကိုယ်ရေချိုးဖို့တောင်မေ့နေတက်သူမျိုးပေါ(သုတ္တံ၂၄:၂၇/ ၂၀:၁၃)
၂၃-မယ်မယ်ရရချက်ကျွှေးပါ အစားအသောက်ကိုပေါ့ပျက်ပျက်သဘောထားတဲ့ယောက်ကျားမရှိပါဘူး(သုတ္တံ ၃၁:၁၄)
၂၄-ပြင်းထန်စွာတောင်းဆိုမှုမပြုပဲ အချိန်တိုင်းကိုပျော်မွေ့ပါ(လုကာ၁၁:၃)
၂၅- ခင်ပွန်းသည်အပါအဝင်အိမ်ကိုလာတဲ့သူတိုင်းကိုရေပူရေအေးကမ်းပြီးကြိုဆိုပါ ချိုသာတဲ့စရိုက်ဟာစစ်မှန်တဲ့အလှတစ်ပါးပါ(သုတ္တံ၃၁:၁၁)
၂၆-အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီးအဆိုးမြင်ဝါဒရှိသူတွေနဲ့မပေါင်းဖက်ပါနဲ့(သုတ္တံ၂၂:၁၄)
၂၇-အိမ်ထောင်ဆိုတာကိုယ်တန်ဖိုးထားရင်ထားသလောက်အဖိုးတန်တဲ့အရာပါ ပေါ့ပျက်ပျက်မထားသင့်ပါဘူး(ဟေဗြဲ၁၃:၄)
၂၈-ရင်သွေးတွေဟာဘုရားဆီကလာတဲ့ကောင်းချီးတွေဖြစ်တယ် ချစ်ခင်ပါကောင်းမွန်စွာသင်ပြပေးပါ (သုတ္တံ၂၂:၆)
၂၉-ဘယ်အကြောင်းနဲ့မှအိမ်ထောင်အပေါ်ကိုယ့်ရဲ့ဂရုစိုက်မှုကိုမလျှော့လိုက်ပါနဲ့ ဘယ်အသက်အရွယ်ရောက်ရောက်ဂရုစိုက်လွှမ်းမိုးနိင်ပါတယ်(သုတ္တံ၃၁:၂၈)
၃၀-ဆုတောင်းခြင်းအားကြီးတဲ့ဇနီးဟာသာလွန်ပြင်ဆင်တဲ့ဇနီးဖြစ်တယ် အဲဒါကြောင့်ခင်ပွန်းအတွက်အိမ်ထောင်အတွက်အမြဲဆုတောင်းပါ (၁သက်၅:၁၇)
(ခရစ်ဒစ်-မူးရင်းpostပိုင်ရှင်)

Monday, August 8, 2016

ပျော်ရွှင်မှုစစ်စစ်ကိုရလိုလျှင်...




ကျောင်းတစ်ကျောင်းမှာ ဆရာဟာ ကျောင်းသား ၅၀ ခန့်ကို ဘောလုံးတစ်ယောက် တစ်လုံးစီ ဝေလိုက်တယ်။

ပြီးတော့ ဘောလုံးတွေမှာ ကိုယ့်နာမည်ကို ရေးခိုင်းတယ်။

ရေးပြီးသွားတဲ့အခါ ကျောင်းသားတွေ အားလုံးကို အခန်းထဲမှာ ဘောလုံးတွေထားခဲ့ခိုင်းပြီးတော့ အပြင်ခဏထွက်စေတယ်။

ဆရာက စိတ်ကြိုက် ဘောလုံးတွေကို နေရာ ရွှေ့ပြီးတဲ့အခါကျမှ ပြန်ဝင်လာခိုင်းပြီး ကိုယ့်နာမည်ပါတဲ့ ဘောလုံးလေးတွေကို ပြန်ရှာစေတယ်။

ဒီအခါမှာ ကျောင်းသား ၅၀ လုံးဟာ တိုးကာဝှေ့ကာ ချွေးသံတရွှဲရွှဲနဲ့ အလုအယက် ကိုယ့်နာမည်ပါတဲ့ ဘောလုံးကို ပြန်လိုက်ရှာတာပေါ့။

ငါးမိနစ်လောက်ကြာတဲ့အခါမှာ အားလုံးကိုရှာတာရပ်ခိုင်းလိုက်တယ်။ တစ်ယောက်မှ ကိုယ့်ဘောလုံး ကို ကိုယ်ပြန်မရသေးဘူး။

ဒီတော့မှ ဆရာက တပည့်တွေကို ပြောတယ်။ "မိမိနီးစပ်ရာဘောလုံးတစ်လုံးကိုသာ ယူပြီးတော့ နာမည်ပိုင်ရှင်တွေကို ရှာပေးကြည့်ပါ" တဲ့။

ဆရာပြောတဲ့အတိုင်း ကျောင်းသားတွေ လိုက်လုပ်တဲ့အခါ ကျတော့မှ မိနစ်ပိုင်းအတွင်း ကျောင်းသားတွေ ဆီကို ကိုယ့်နာမည်ပါတဲ့ ဘောလုံးတွေ ပြန်ရောက်လာတယ်။

ဒီတော့မှ ဆရာက "တပည့်တို့ ဘဝမှာ ပျော်ရွှင်မှုကိုရှာတာဟာ အခု လေ့ကျင့်ခန်းလေးနဲ့ အလား သဏ္ဍာန် တူတယ်။ လူတွေ ဟာ ကိုယ့်ပျော်ရွှင်မှုဆိုတဲ့ နောက်ကိုပဲ ချွေးတဒီးဒီး ကျအောင် လိုက်ရှာ နေလေ့ ရှိတယ်။ ဒါပေမယ့်နောက်ဆုံးမှာ ပျော်ရွှင်မှု စစ်စစ်ကို တွေ့သလား ဆိုတော့ မတွေ့တတ်ဘူး။ တကယ် ပျော်ရွှင်မှု စစ်စစ်ကို ရလိုရင် ကိုယ်လက်လှမ်းမီရာ သူတစ်ပါး ပျော်ရွှင်မှု လေးတွေကို ဖြည့်ဆည်း ပေးကြည့်ပါ။ သူတစ်ပါး ကလဲ ကိုယ့် ပျော်ရွှင်မှု ဘောလုံးလေးကို ကိုယ့်ဆီကို အရောက် လာပေး ပါလိမ့်မယ်။"

-မှတ်စုကြမ်း

Thursday, March 3, 2016

"ခွဲရေး တွဲရေး အသဲပေးပြီး ဆုံးဖြတ်လိုက်ကြည့်ချင်"



ကချင်ပြည်သူတွေ ကို သေနတ်ပြောင်းဝတွေနဲ့ ချိန်ထားတဲ့ မြန်မာလူမျိုး အများစုနဲ့ဖွဲ့စည်းထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းသစ်များရဲ့ အကျိုးစီးပွားကာကွယ်စောင့်ရှောက်သော သက်ပြည့်လွန်ပင်စင်မသွားဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်မတော်ကြီးဟာ တမျိုးသားလုံးသာ မက လူသားမျိုးနွယ်စုအားလုံးရဲ့ အန္တရာယ်ဖြစ်တဲ့ ဘိန်းခင်းကြီးတွေ ကို ဖျက်ဆီးဖို့ သွားခွင့်ပြုလိုက်တဲ့အခါမှာ (မောထှာ၊ ပြောစရာတွေ များလို့ ပါအောင် ထည့်နေရတာပါ) ကချင်ပြည်သူတွေဟာ ပျော်ရွှင်စွာ နဲ့ ရိုးရာသီချင်းတွေ ဆိုပြီး ဘိန်ူခင်းတွေဆီ ထွက်ခွာသွားတယ် ဆိုတဲ့ သတင်းကို ဖတ်ရ၊ မြင်ရတော့ စိတ်မကောင်းဖြစ်မိရသဗျာ။

ကိုယ့်ဒုက္ခပေးနေတဲ့ ကျားဆိုး နှိမ်နှင်းမယ်ဆိုတာတောင် ခွင့်ပြုချက်ရပါမှ တဲ့လား။

ကြည့်ပါဦး၊ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကျောက်စိမ်းထွက်တဲ့ ဒေသသားကြီးတွေလေ၊ ဆင်းရဲလိုက်ကြတာများ။ လူငယ်အများစုဟာလည်း အရွယ်ရောက်လာတာနဲ့ ဘာမှ မျှော်လင့်ချက်မရှိ၊ တက်လမ်းမရှိတဲ့ တိုင်းပြည်မှာ စိတ်တွေလေပြီး ဘိန်းတွေစွဲ သေပွဲတွေ ဝင်ကြ၊ တခုတည်းသောထွက်ပေါက်က နာကြည်းမှုတွေနဲ့ လက်နက်ကိုင်ဆွဲ တိုက်ကြ ခိုက်ကြ။ ဆိုးသံသရာကြီး ထဲ လည်မဆုံးဖြစ်နေလိုက်တာ။

မကြာသေးမီက တရုတ်ပြည်မှာ ပြုလုပ်တဲ့ မနောပွဲဟာ ဂင်းနစ်စံချိန်တွေ ဝင်လို့တဲ့ ကချင် ကျား မ မဟူ ဂုဏ်ယူစွာနဲ့ တင်ကြ၊ ရှယ်ကြပြန်တယ်။
အောင်လ လို လက်ဝှေ့ကျော်တွေကလည်း ကချင်လူမျိုးတွေ ဂုဏ်ကို ဆောင်ပြန်တယ်။

ကချင်တွေလေ ၁၉၄၈ ကတည်းက ပင်လုံစာချုပ်နဲ့ မြန်မာတွေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကတည်းက ဆင်းရဲ လိုက်ရတာမှ ဆင်းရဲ လိုက်ရတာ။

အဖိနှိပ် အညှင်းဆဲ ခံလိုက်ရတာလည်း မပြောပါနဲ့တော့။ ကချင်တွေ၊ ကယားတွေ၊ ချင်း၊ ရခိုင်တွေ ရဲ့ အဖြစ်ဟာ ဆိုဗီယက်ယူနီယမ်ကြီး ထဲ ပါလာရတဲ့ ယူကရိမ်းတွေ၊ အဇာဘိုင်ဂျန်တွေ လိုပဲ လို့ ကျနော် ကဖြင့် မြင်မိပါတယ်။
ဇာဘုရင် လက်ထက်က သမိုင်းကြွင်းကျန်ရယ်၊ မဟာအောက်တိုဘာတော်လှန်ရေးအောင်မြင်မှုဂယက်ရယ်နဲ့ ယူကရိမ်းဆိုဗီယက်ပြည်ထောင်စု ထဲ ပါလာခဲ့တယ်။ ဘာပြောကောင်းမလဲ၊ ရုရှားတွေနဲ့ အတူ ဒုက္ခကြီးပုံများ က ခုထိလည်း တဂျိမ်းဂျိမ်းထောင်းနေတာပါပဲ။
အတန်းထဲမှာ ကောင်ထွားကြီးတကောင်နဲ့ ခုံချင်းကပ်ရက်ထိုင်မိရာကနေ သူငယ်ချင်း သူငယ်ချင်းနဲ့ သူ့ကိုယ်လုံးကြီးနဲ့ ဖိနှိပ်စက်ခံနေရသလိုပါပဲ။

ကျောက်စိမ်းဗျာ။ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းတွေ၊ တန်ဖိုးအမြင့်ဆုံး၊ ဈေးအကြီးဆုံး။ ဧရာမမြေသယ်ကားကြီးတွေ ဘူဒိုဇာကြီးတွေနဲ့ကို တူးနေတာ။ အုံနဲ့ ကျင်းနဲ့ကို တူးနေတာပါ။ ဘယ်သူတွေ ရသလဲ ဆိုတော့ ကချင်တွေ မုန်းတဲ့ မြန်မာလူမျိုးတွေလည်း မြင်တဲ့အတိုင်း သူတို့ဒေသ အညာမှာ သောက်စရာ ရေတောင်မရှိပါဘူး။ မွဲ လိုက်တာမှ ပြာ လို့။ ကချင်က မှ ဘယ်လောက်ဆင်းရဲရဲ ရေတော့ နပ်မှန်မယ် ထင်ပါတယ်။ အောင်မယ် ငတို့ ရေသောက်ရဖို့နေနေသာသာ တနေ့တနေ့ တဂျိမ်းဂျိမ်ူနဲ့ ပစ်နေ ခတ်နေတာကနေ အသက်နဲ့ ကိုယ်အိုးားမကွဲအောင် ပြေးနေ ပုန်းနေရတာပါ ကွာ ဆိုလည်း ဟုတ်နေပြန်တာပါပဲ။

ဝ က တော့ ပြတ်တယ်။ မင်းတို့နဲ့ နှစ် ၆၀ ကျော် ပေါင်းလာတာ ငါတို့ လူမွေး လူတောင်မပြောင်ခဲ့ဘူး၊ မင်းတို့နဲ့ မပေါင်းတော့ဘူး။ မင်းထက် ဗလကြီး တဲ့ မင်း ဆရာတင်ထားတဲ့ ကောင်နဲ့ပေါင်းမယ် ဆိုပြီး တဒေသ လုံး ဗူးသီးငပေါင်းကြော်စာလုံးကြီးတွေ တဖွေးဖွေးနဲ့ နေပစ်လိုက်တော့တယ်။ ကဲ ဘာတတ်နိုင်သေးလဲ။ တသက်လုံး ထု ချင်သလို ထု လာ၊ နှက် ချင်သလို နှက်လာတဲ့ ကောင် အခန်းထဲလည်း ဝင်သွားရော သူက ဆရာ ဆရာ နဲ့ ကြောက်ရတဲ့ကောင်ကြီးနဲ့ ယှဉ်လျှက်သားထိုင်ပြီး ဒါ ငါ့သူငယ်ချင်းပဲ မင်းထိရဲထိကြည့် လို့ ဟိုကပြောတော့ တုပ်တုပ်တောင်မလှုပ်ရဲ။ မျက်လွှာတောင်ပင့်မကြည့်ရဲတော့ဘူး။ နှစ်ပေါင်း ၆၀ နီးနီးတဘက်သတ်ကြီး အနိုင်ကျင့်လာတာများလေ။

ဒါနဲ့ ကချင်မနောပွဲ နဲ့ ဆက်စပ်ပြီး အိမ်နီးချင်းနိုင်ငံတွေ မှာ လူမျိုးတူ နေတာ ကချင် ချင်း ရှမ်း အားလုံးလိုလို ပါလား။ မြန်မာ က လွဲ ရင် ထင်ပါရဲ့။ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကတော့ ခြွင်းချက်ပေါ့ ဗျာ။
တရုတ်မှာဆို ကချင်က နည်းနည်းနှောနှော မှ မဟုတ်တာ။ ကချင်ဖြစ်တာချင်းအတူတူ တရုတ်ပြည်က ကချင် က ငြိမ်းချမ်းစွာ ပညာသင်ရ၊ ကမ္ဘာချီ ချမ်းသာ ခရီးပေါက်နိုင်။ ကျေးညီနောင်ပုံပြင်ထက်ဆိုးတဲ့ တမျိုးတည်းပေမဲ့
တနေရာစီကွဲတာနဲ့ မွဲတာ ချမ်းသာတာ ကွာလိုက်တဲ့ပုံ။
ခင်ဗျားတို့နဲ့ မပေါင်းချင်တော့ဘူးဗျာ။ ကျနော်တို့ကို လွတ်မြောက်ခွင့်ပေးပါတော့။ ရှိသမျှကျောက်စိမ်းတွေ၊ ဓါတ်သတ္တုတွေ ခု ဧရာဝတီပါမကျန် ခင်ဗျားတို့ ထင်တိုင်းခြယ်လှယ် ယူပြီးပါပြီ။ ကျနော်တို့ကို ခွဲထွက်ခွင့်ပေးပါတော့၊ ဒါမှ မဟုတ် ချမ်းသာတဲ့ ကျနော့်အမျိုးတွေ နဲ့ အတူ ပေါင်းနေခွင့်ပြုပါတော့ လို့ ပြောလာခဲ့ရင် ဒါ အချုပ်အခြာ အာဏာ ထိပါးတာ လို့ ဒေါသတကြီးနဲ့ ပြောတဲ့ ကချင်တွေ ကို တဒိုင်းဒိုင်းစစ်တိုက်သင့်ဈ မသင့် ကျနော်ဟာ စဉ်းစားနေမိတယ်။
အချုပ်အခြာ အာဏာတဲ့လား။

ကျနော် ငယ်ငယ်က ခွေးလေး၊ ကြောင်လေးတွေ မွေးတယ်။ ကြက်တိန်ညင်လေးတွေ၊ ဘဲငန်းကြီးတွေ မွေးတယ်။
သူတို့ကို ချည်နှောင် ချုပ်နှောင်ပြီး မမွေးခဲ့ဘူး။ မိသားစု ဝင် လိုသဘောထားတယ်။ ချစ်တယ်။ ကျနော့်ကြောင်ဆို ကျနော့်ကို သူ့အောက်ကညီ ကို ဆက်ဆံသလို ဆက်ဆံတယ်။ တော်တော် ကြောင်ဝါးဝပြီး အနိုင်ကျင့်တဲ့ကောင်။
ချစ်ခြင်းမေတ္တာ ဆိုတာ ဘယ်လောက်အားကြီးသလဲဆိုတော့ ကျနော်မွေးခဲ့ သမျှ ခွေး ကြောင် ကြက် နဲ့ ဘဲငန်းကြီးတွေ က အစ အကုန် လူလို ယဉ်ပါးတယ်။
ငဖြူကြီး ငညိုကြီး လို့ ဘဲငန်းကြီး တွေ အကြောင်းပြောတာ တဂီးဂီး နဲ့ အတောင်ပံကြီးတွေ ဖြန့်ပြီး အိမ်ပေါ်တက်လာတယ်။
ကြက်တိန်ညင်တွေဟာ ကျနော့်အမေခြံထဲဆင်းတာနဲ့ လမ်းလျှောက်လို့မရအောင်ပတ်ပြီး ရစ်နေတယ်။
ကြောင်ပူစီကြီးကတော့ တညလုံးလည်ပြီး ကျနော့်ခြင်ထောင်ထဲ ဝင်၊ ကျနော့် ကိုယ်ကိုယ်မှီ ကျနော့်ခေါင်းအုန်းကို သူပါအုန်းပြီး အိပ်တယ်။ ချစ်ရတာလေ။
အိမ်မွေးတိရစ္ဆာန်တွေကိုတောင် သက်ရှိသတ္တဝါတွေ အနေနဲ့ လေးစားရ၊ ချစ်ရကောင်းမှန်းသိတဲ့ ဗုဒ္ဓဝါဒီတွေဟာ တိုင်းရင်းသားတွေ ကို အချုပ်အခြာအာဏာ ဆိုတဲ့ ဘာမှန်းမသိတဲ့ ဟာကြီးနဲ့ ချုပ်ခြယ်စိုးမိုးထားစရာ မဟုတ်လောက်ပါဘူး။
ချစ်လို့ဆိုပြီး လှောင်ချိုင့်ထဲ ထည့်မွေးစရာ မဟုတ်ပါ။

ခင်ဗျားတို့ တကယ်ကော ချစ်ရဲ့လား.
ဆင်းရဲနုံချာစွာနဲ့ နေသွား သေသွား ဆေးကုသစရာမရှိ လျှပ်စစ်မီး မရှိ ရေသန့်မရှိတဲ့ ဘဝတွေ ကနေ၊ မြန်မာစစ်တပ်ဝင်လာရင်တွေ့ရာ ဆွဲချ ပစ်ခတ်စားသောက် မိန်းကလေးဆို မုဒိန်းကျင့် ယောက်ျားလေးဆို ပေါ်တာထမ်းခိုင်း အနိုင်ကျင့်ပြီး နှစ် ၆၀ နေခဲ့ရတာနဲ့စာရင် တရုတ်စာသင် တရုတ်လိုပြော တရုတ်ပိုက်ဆံကိုင်ပြီး ဝ အဖိုးအဖွားတို့ ဆေးကုသမှု လုံခြုံမှု နဲ့ လူတန်းစေ့ နေ နေကြတာကို ကျနော် မုဒိတာပွား ဝမ်းသာပါတယ်။

ခွဲထွက်မှ သူတို့ ချမ်းသာမယ်ဆို ခွဲထွက်ကြပါစေ။ အားနာစွာနဲ့ သူတို့တအိုးတအိမ်ထူထောင်ရာမှာ လိုတဲ့အကူအညီ စွမ်းသမျှ ကူညီပေးချင်ပါသေးတယ်။ ဒါမှ သူငယ်ချင်းကောင်း ပီသတော့ပေမပေါ့။

ကျနော် စာနာသော နှလုံးသားနဲ့ သူတို့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ ကချင်ဖြစ်ကြည့်၊ ဝ ဖြစ်ကြည့် ခံစားစာနာစိတ်နဲ့ ချစ်ပြီး ကို ရေးရပါတယ်။

ကျနော်ချစ်သော တိုင်းရင်းသားညီအကိုမောင်နှမတွေ ချမ်းချမ်းသာသာ ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ လူတန်းစေ့ နေနိုင်ကြရပါစေ။

ပြည်ထောင်စု ဆိုတာကြီး တဂျိမ်းဂျိမ်း လူသတ်ယန္တရားကြီးဖြစ်နေမယ်ဆိုရင် ကျနော်ပြည်ထောင်စု မလိုချင်ပါ။ခင်ဗျားတို့ရဲ့ မဆလပြည်ထောင်စု စိတ်ဓါတ် ကျနော့်မှာ မရှိပါ။

လူ ကို လူလိုမြင်ပြီး
လူကို လူချင်း ချစ်စိတ်စာနာစိတ်ပဲ ကျနော့်မှာ ရှိပါတယ်။

ကမ္ဘာကြီး မှာ မြေတွေ ကျနော်တို့ အများကြီး ပိုင်ဖို့က အဓိက မဟုတ်ပါ။ အေးချမ်းစွာ ချစ်ခင်စွာ ပျော်ရွှင်စွာနဲ့ အပြန်အလှန်ဆက်ဆံကူးလူးနေသွားကြဖို့ကသာ အဓိက လို့ ခံယူမိပါတယ်။

ချိုတူးဇော်

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .