Social Icons

Wednesday, November 21, 2012

လက်နက်ကြီးပစ်ခတ်သော ခုခံကာကွယ်စစ်

မြန်မာအစိုးရတပ်ဖွဲ့သည် ထိုးစစ်ဆင်ခြင်း မပြုလုပ်ဘဲ ခုခံကာကွယ်ပစ်ခတ်မှုသာ အထက်အမိန့်အရ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က အောက်တိုဘာလ(၃၀)ရက် တွင် ရွှေလီတွေ့ဆုံမှု၌ တုန်တုန်ရီရီဖြင့် လိမ်ညာပြောဆိုခဲ့သည်။
မြန်မာ့တပ်မတော်က လက်တွေ့ကျင့်သုံးနေသော “လူရောက်နည်း၊ ကျည်ရောက်များ၊ အကျိုးအမြတ် ရရှိရေး” ဟူသည့် ညွှန်ကြားမှုအတိုင်း (၁၀)မိုင်ခန့်အကွာမှ နေ၍ လက်နက်ကြီးများဖြင့် ပစ်မှတ်ချိန်ဆ၍ ပစ်ခတ်ခုခံကာကွယ်မှု ပြုလုပ်နေကြသည်။ ဤကဲ့သို့ ပရမ်းပတာပစ်ခတ်မှုများကြောင့် အရပ်သားများ သေကြေဒါဏ်ရာရရှိသူ များပြားလျက်ရှိသည်။
နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ဖားကန့်မြို့၊ ခလရ(၂၂၈) ဗျူဟာကုန်း မှ ဘေးပတ်ဝန်းကျင်ကျေးရွာ များသို့ ၈၁ မမ စိန်ပြောင်းဖြင့် (၉)ကြိမ် ပစ်ခတ်ခဲ့ရာ မော်မောဘွမ်၊ တောမော်ဒေသ သို့ ကျရောက်ပေါက်ကွဲခဲ့ သည်။ နိုဝင်ဘာလ(၁၄)ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)  မော်မောဘွမ် ၌ ရောက်ရှိစဉ် မနက်(၁)နာရီအချိန်နှင့် မွန်းလွဲ(၃)နာရီအချိန်ခန့် တွင် ၁၂၀ မမ အမြောက် ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သေးသည်။
နိုဝင်ဘာလ(၁၈)ရက်နေ့ တွင်လည်း ကားမိုင်းမြို့နယ်၊ ကောင်ရာကျေးရွာ ခရစ်ယာန်ဆုတောင်းတောင် တွင် နေရာယူ တပ်စွဲထားသော ခလရ(၁၃)တပ်ဖွဲ့ သည် ကောင်ရာကျေးရွာတွင်းသို့ ၆၀ မမ စိန်ပြောင်း (၄)ကြိမ် ပစ်ခတ်ခဲ့ရာ ကက်သလစ်ဘုရားရှိခိုးကျောင်း ၌ ကျည်(၁)လုံး ကျရောက်ပေါက်ကွဲကြောင်း သိရှိရသည်။
ဝိုင်းမော်မြို့နယ်၊ အင်ပေါန်ကျေးရာ တွင် စစ်ဆင်ရေးလုပ်ဆောင်နေသော ခမရ(၃၄၈)တပ်ဖွဲ့ သည် နိုဝင်ဘာလ(၁၉)ရက်နေ့ မနက်ပိုင်းတွင် ဂန်ဒေါင်ဒူ ဘက်သို့ ၈၁ မမ စိန်ပြောင်း (၃)ကြိမ် ပစ်ခတ်ခဲ့ပြီး၊ ဂန်ဒေါင်ယန်တပ်စခန်းရှိ အမြောက်တပ်ရင်း(၃၆၇)ကလည်း ဂန်ဒေါင်ဒူ ဘက်ကို ၈၁ မမ စိန်ပြောင်း (၃)ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ(၁၉)ရက်နေ့ ထဲမှာပင် ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်အမြောက်တပ်ရင်း (၃၇၀) မှနေ၍ ၁၂၀ မမ အမြောက်ကြီးဖြင့် ဂွန်းမွန်းကျေးရွာ ဘက်သို့ (၂)ကြိမ် ပစ်ခတ်ခဲ့ရာ ရွာသားများပိုင် မွေးမြူရေးနွား ထိခိုက်ခဲ့ကြောင်း သိရှိရသည်။
ဤကဲ့သို့ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် မိမိကိုယ်ကို ခုခံနေခြင်းကြောင့် ဒေသခံအရပ်သားများ သေကြေထိခိုက်ဒါဏ်ရာရစေခြင်း၊ ဒေသခံများ၏ တနိုင်တပိုင်စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆုံးရှုံးနေရခြင်း၊ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေရခြင်း တို့သည် မြန်မာအစိုးရစစ်တပ်၏ အကျိုးအမြတ်ရရှိရေး ရည်မှန်းချက်ဟု သတ်မှတ်ရတော့မည်ဖြစ်သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .