Social Icons

Friday, November 9, 2012

ဆက်ကြေး ဆိုတဲ့ ဝေါဟာရ မြစ်ဖျားခံရာ ဒေသ


(DUWA KACHIN) ကချင်ရွာတွေမှာ ဆက်ကြေး ဆိုတဲ့ ဝေါဟာရ စပြောလာတာ ကြာပါပြီ။ သို့သော် အစိုးရ သတင်းမီဒီယာ တွေမှာ ဖေါ်ပြတဲ့ ဆက်ကြေးပုံစံတော့ မဟုတ်။

ကျနော်က မြစ်ကြီးနား မြောက်ပိုင်း ဧရာဝတီမြစ် ကမ်းနား  ရွာငယ် တခုကပါ။ မိဘတွေက အဲဒီ ရွာမှာ တောင်ယာခုတ်ရင်း အသက်မွေးဝမ်းကြောင်း လုပ်ရပါတယ်။ ကနော်က မြစ်ကြီးနားက ဆွေမျိုးတွေမှာ ကျောင်းတက်နေတာပါ။ သို့သော်လဲ ရွာကို ကျောင်းပိတ်တိုင်း ပြန်ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက တရွာလုံးမှာ ဆက်ကြေး ဆိုတဲ့ ဝေါဟာရ ရေပန်းစားနေခဲ့ပါတယ်။

ငယ်သေးတဲ့ အချိန်မှာတော့ ဘာမှန်းလဲ နားမလည်ခဲ့ပါဘူး.. နဲနဲ ကြီးလာတော့ အခါမှာတော့ အကြောင်းရင်းတွေ သိလာရပါတယ်...

ဒီလိုပါ......

ရွာ နားမှာ ဗမာ စစ်တပ် စခန်း တခုရှိတယ်။ အဲဒီ စခန်းကို ရွာသားတွေ အိမ်ထောင်စု အလိုက် တစ်နေ့ကို နှစ်အိမ်ထောင်ကျ၊ တစ်အိမ် တစ်ယောက် "ဆက်သား" သွားရတယ်။ ကချင်တွေက ဗမာ စကား သိပ်မပြောတတ်တော့ အစပိုင်း "ဆပ်သား" ဆိုပြီးအသံထွက်တော့ ဘာမှန်းကို နားမလည်ခဲ့ပါဘူး။

လုပ်ငန်းတာဝန်က ဒီလိုပါ။ ကျနော်လဲ ၁၅ နှစ်အရွယ် ရောက်လာတဲ့ အချိန်မှာ ဆက်သား အလေ့ကျ တခါ သွားဖူးတယ်။

စခန်းကုန်းပေါ် ရောက်တာနဲ့ စခန်းမှူးက တစ်နေ့တာ လုပ်ရမဲ့ တာဝန်ခွဲပေးတော့တယ်။ ကျနော်နဲ့ အတူပါလာတဲ့ အဒေါ် (အသက် ၄၅ လောက်) က ထမင်းချက်တာဝန်၊ ကျနော်က ရေခတ်ပေးရတယ်။ စခန်းကုန်းဆိုတာ ရွာမှာ အမြင့်ဆုံး တောင်ပေါ်မှာ တည်ထားတာပါ။ ရေသွားခတ်ရတာ ဧရာဝတီ မြစ်ထဲကို။ ၀ါးနဲ့ လုပ်ထားတဲ့ ရေဗူး သုံးလုံးကို ပလိုင်းမှာ ထည့်ပြီး သွားခတ်ရပါတယ်။ မောလိုက်တာမှ ဖတ်ဖတ်ကို မောပဲ။ စစ်သားကြီးတွေက အခန့်သား ကြည့်နေလေရဲ့။

ထမင်းချက်ပြီးတော့၊ ထင်းသွားခွေရတယ်။ တောထဲကို စစ်သားတွေ မသွားရဲဘူးပေါ့။ နေ့လည် ရောက်တော့ တဖက်ရွာက စခန်းကို ပစ္စည်းလိုက်ပို့ပေးရမယ်ဆိုတော့ ဘာ ပစ္စည်းလဲ တွေးနေခိုက် စာအိတ်လှမ်းပေးတယ်။ အဲဒါ လိုက်ပို့ပါ၊ တဲ့။ အော်... စာ ပို့ အလုပ်ကိုး...ဆက်သား ဆိုတာ...

တခြားရွာ စခန်း သွားပြီး ပြန်လာတော့ စာတစ်စောင် ပြန်ပေးလိုက်တယ်။ စခန်းကုန်းကို ပြန် သွားပေးတော့ တပ်ကြပ်တစ်ယောက် ရဲ့ဇနီး ဆီက စာဖြစ်ပါသတဲ့။ ညမိုးချုပ်မှပဲ အိမ်ပြန်ရတယ်။ အဲဒီ ဆက်သား အလုပ်က ကေအိုင်အေ နဲ့ အပစ်ရပ်သားတဲ့ ကာလမှာလဲ မရပ်ပါဘူး။

ဒီတော့....

တချို့အိမ်တွေ (နဲနဲ ပိုက်ဆံချမ်းသာတဲ့ အိမ်တွေ နဲ့ လူငယ်မရှိတဲ့အိမ်၊ မုဆိုးမ အိမ် တွေ) က အဲဒီ ဆက်သား အလုပ် မသွားချင်ဘူး၊ တချို့က သွားမဲ့ လူမရှိဘူး။ ဒီတော့ ကိုယ်စား သွားပေးမဲ့ လူငှါးရတယ်။ ဒီလိုနဲ့ ရွာ လူကြီးက ဆက်သား မသွားနိုင်တဲ့ အိမ်တွေကို ဆက်ကြေး ကောက်တယ်။ ဒါနဲ့ပဲ ဆက်ကြေး ဆိုတဲ့ ဝေါဟာရ ယဉ်ပါးလာခဲ့တာပါ။

အခုတော့ အွန်လိုင်းပေါ်မှာ ဆက်ကြေး၊ ဆက်ကြေး နဲ့ ဗမာ စစ်တပ် အသိုင်းအ၀ိုင်း က ကေအိုင်အေ ရဲ့ အခွန်ကောက်ခြင်း ကို ဆော်ကလော်တီး တဲ့ နေရာ သုံးလာတာ သတိထားမိလာပါတယ်။ တကယ်တော့ ကချင်တွေ သိနေတဲ့ ဆက်ကြေး ဆိုတာ တမျိုးပါ။
https://www.facebook.com/notes/duwa-kachin/%E1%80%86%E1%80%80%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%B8-%E1%80%86%E1%80%AF%E1%80%AD%E1%80%90%E1%80%B2%E1%80%B7-%E1%80%B1%E1%81%80%E1%80%AB%E1%80%9F%E1%80%AC%E1%80%9B-%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%80%96%E1%80%BA%E1%80%AC%E1%80%B8%E1%80%81%E1%80%B6%E1%80%9B%E1%80%AC-%E1%80%B1%E1%80%92%E1%80%9E/367356886690490

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .