ကချင်ဒေသသို့
ထိုးစစ်ဆင်တိုက်ခိုက်သည်မှာ (၁)နှစ်ပြည့်ပြီ ဖြစ်သည်။
ထိုးစစ်ဆင်တိုက်ခိုက်ရာ တွင် မြန်မာ့တပ်မတော် အင်အားအလုံးအရင်းဖြင့်
ချီတက်တိုက်ခိုက်သော်လည်း အထိအခိုက် အကျ အရှုံး ဖြင့်သာ ရင်ဆိုင်နေရသည်။ရှေ့တန်းစစ်မျက်နှာပြင်တွင် အသက်စွန့်တိုက်ပွဲဝင်၍ သေကြေ၊ ဒဏ်ရာရသူများ များပြားသဖြင့် အချို့ တပ်မတော်သားများသည် တိုက်ပွဲဝင်ရန် ငြင်းဆန်သူများ၊ တပ်တွင်း အထက်အမိန့်ကို မလိုက်နာသူများ၊ တပ်ပြေးများ အလွန်များပြားလာပြီ ဖြစ်သည်။
အချို့တပ်မတော်သားများသည် ဘေးရန်မှလွတ်မြောက်ကာ မိမိရပ်ကျေးသို့ ဆင်းရဲဒုက္ခခံကာ ပြန်လည် ရောက်လာသူများ ရှိသကဲ့သို့ အချို့မှာ တောတောင်ထဲတွင် လမ်းပျောက်ကာ အစာငတ်ပြတ် သေဆုံးသူများလည်း ရှိပေသည်။ စွန့်စားသူတချို့သည် တရုတ်နိုင်ငံသို့ ၀င်ရောက်ကာ ကြုံရာအလုပ်တွင် (ကြံခုတ်၊ ကြံစိုက်၊ ဆေးရွက်ခူး၊ ကားရေဆေး၊ ပိုးသတ်ဆေးဖြန်း၊…) အောက်ကြိုးခံကာ တပ်မတော်သား ဘ၀အဖြစ်မှ တရုတ်အလုပ်ရှင်များ၏ ကျေးကျွန်ဘ၀သို့ ရောက်ရှိသွားကြသည်။ အနည်းငယ်သော တပ်မတော်သားတို့သည် KIA တပ်စခန်းသို့လာ အလင်းဝင်၊ အဖမ်းခံကာ KIA တပ်ဖွဲ့က ကြည့်ရှုစောင်မ သည်ကို ကျေနပ်နေကြသည်။
သို့သော် ကံအကျိုးမပေးသော တပ်မတော်သားများသည် တပ်စခန်းမှ ထွက်ပြေးသော်လည်း စစ်ကြောင်း များ လိုက်လံပစ်ခတ်သတ်ခြင်းကို ခံနေကြသည်။ တပ်ပြေးများကို တပ်မတော်စစ်ကြောင်းမှ ပြန်လည် ဖမ်းမိလျှင် မည်သူမှ အသက်မရှင်နိုင်တော့ပေ။ ဤကဲ့သို့ ဖြစ်စဉ်ကို နောက်တန်းနေ တပ်မတော်သားများ၊ ၎င်းတို့၏ မိသားစုများ သိရှိနိုင်သည်မဟုတ်။ ၎င်းအပြင် မြန်မာ့တပ်မတော်ကို ဂုဏ်ပြောင် ဂုဏ်ဆောင် ချီးမွမ်းနေကြသူများလည်း ရှေ့တန်းတွင် ဖြစ်ပျက်နေသည့် တပ်မတော်သားများ၏ ဘ၀အမှန်ကို မသိရှိ ကြပေ။
ဇွန်လ(၃)ရက်နေ့ ညနေ(၅)နာရီခန့်တွင် ၀ိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာတွင် လက်နက်အပြည့်အစုံဖြင့် ရှေ့တန်းမှ ထွက်ပြေးလာသော တပ်မတော်သား(၃)ဦးကို မန်ဝိန်းကျေးရွာတွင် လှုပ်ရှားနေသော ခလရ(၅၈)တပ်ဖွဲ့ဝင်များကို ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်။
သတ်ဖြတ်ခံရသည့် တပ်မတော်သားများ၏ မိသားစုများမှာမူ၊ မိမိ၏ လင်ယောင်္ကျား၊ သား၊ အဖေ၊ မောင်၊ ညီ တို့သည် ရှေ့တန်းတွင် နိုင်ငံတော်ကို အသက်ပေးကာကွယ်၊ အသက်စွန့်သွားကြသူများဟု စိတ်ဖြေသိမ့် ဂုဏ်ယူနေကြပါလိမ့်မည်။
No comments:
Post a Comment