ဒေါ့ဖုန်းယန်မြို့၊ ခန်းကိုင်တောင်အခြေစိုက်
အမြောက်တပ်ရင်းတွင်ထားရှိသော ၁၀၅ မမ အမြောက် ၂ လက် ဖြင့် KIA
တပ်စခန်းတည်ရာဖက်သို့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ပစ်ခတ်ရာတွင် လိုင်ဇာမြို့ ကို ကျော်၍ တရုတ်နိုင်ငံဘက်သို့
အကြိမ်ကြိမ်ကျရောက်ပေါက်ကွဲမှုများဖြစ်ခဲ့ရသည်။ ဤသို့မှားယွင်းပစ်ခတ်
(တမင်ရည်ရွယ်၍ ပစ်ခတ်သည်လည်းဖြစ်နိုင်သည်)မှုကြောင့် တရုတ်အစိုးရ၏
တင်းမာစွာသတိပေးခံခဲ့ရသည်။ ဇန်န၀ါရီလ(၁၅)ရက်နေ့တွင်လည်း တရုတ်ဘက်ခြမ်း
နားဘမ်း(Na bang)မြို့အစပ်တွင် ထပ်မံကျရောက် ပေါက်ကွဲခဲ့သေးသည်။
၎င်းအပြင် အစိုးရတပ်ဖွဲ့များ ဇန်န၀ါရီလ(၁၃)ရက်မှစတင်ကာ ခယာဘွမ် KIA တပ်စခန်းအား ထိုးစစ်ဆင်ရာ အထိအခိုက်အကျအဆုံး များပြားလျက်ရှိသည်။ ခယာဘွမ် (Hka ya bum)သို့ ခန်းကိုင်တောင်မှ ၁၀၅ မမ ပစ်ခတ်ရာတွင် ထိရောက်မှုမရှိသဖြင့် ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် ခန်းကိုင်တောင်ရှိ ၁၀၅ မမ အမြောက်(၁)လက်ကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ကာ နားလုံကျေးရွာအနီးရှိ တွမ်မဂင့်(Tum Magyeng)ကျေးရွာသို့ ရွှေ့ပြောင်းနေ ကြောင်း သိရှိရသည်။ ထိုသို့လက်နက်ကြီး အရွှေ့အပြောင်းလုပ်နေရသဖြင့် ယနေ့ လက်နက်ကြီးပစ်ခတ်မှု ရပ်နားထားကြသည်။ တွမ်မဂင့်(Tum Magyeng)ကျေးရွာတွင် လက်နက်ကြီးတပ်ဆင်ပြီးပါက မနက်ဖန်မှစ၍ မန်မော် နှင့် ခန်းကိုင်တောင်ရှိ ၁၀၅ မမ (၂)လက် ဖြင့် ခယာဘွမ်သို့ လက်နက်ကြီး ဒလစပ်ပစ်ခတ်လာနိုင်ဖွယ်ရှိသည်။

No comments:
Post a Comment