Social Icons

Thursday, January 31, 2013

၂၀၁၅ ခုမှာ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမလား

"ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ၂၀၁၅ မတိုင်ခင် အားလုံးပြီးအောင် ဆောင်ရွက်သွားပါ့မယ်၊ ၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်၊ အဲဒီအစိုးရကို ပြဿနာတွေနဲ့ မထားခဲ့ချင်ဘူး၊ အဲဒီအစိုးရအဖွဲ့ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ်။"

(ဦးစိုးသိန်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး)

၂၀၁၅ မတိုင်ခင်

အပေါ်က စကားကို ကြည့်ပါ။ ဘယ်လောက်ကောင်းတဲ့စကားလဲ။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ၂၀၁၅ မတိုင်ခင် အားလုံးပြီးအောင် ဆောင်ရွက်သွားပါ့မယ် ဆိုပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ အစိုးရက ချမှတ်ခဲ့တဲ့ တစ်ဖက်သတ်လုပ်ငန်းစဉ်(၈)ချက်ကို ပြောတာလား၊ ယူအင်န်အက်ဖ်စီချမှတ်ထားတဲ့ လုပ်ငန်းစဉ်(၅)ဆင့်ကို ပြောတာလား၊ ဒါမှမဟုတ် မတူညီတဲ့ လုပ်ဆောင်စဉ်(၂)ခုကို ညှိုနှိုင်းဖို့ ရှိလား။ ဒီအခြေခံကိုတောင် အလေးမထားရင် ကြီးကြီးကျယ်ကျယ်ကိစ္စကို ဆောင်ရွက်ဖို့ လွယ်ကူပါ့မလား။

၂၀၁၅ မတိုင်ခင် အားလုံးပြီးအောင် ဆောင်ရွက်သွားပါ့မယ်လို့ တထစ်ချ ပြောလို့ရအောင် နိုင်ငံတော်အစိုးရမှာ တိကျပြတ်သားတဲ့ မူဝါဒ ရှိနေပြီလား။ တိုင်းရင်းသားလူမျိုးများ အစဉ်တောင်းဆိုနေတဲ့ ဖက်ဒရယ်မူကို သဘောတူဖို့ အစိုးရမှာ အဆင်သင့်ဖြစ်ပြီလား။ အစိုးရလုပ်သမျှ တပ်မတော်က ကဖျက်ယဖျက် လုပ်နေတာကိုလည်း ဘယ်လိုသဘောထားရမလဲ။ တပ်မတော်က သဘောမတူရင် ၂၀၀၈ ဥပဒေအရ ဘာမှ မလုပ်နိုင်ဘူးဆိုတာ တဖြည်းဖြည်း ထင်ရှားလာပါပြီ။ ဒီတော့ ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်မယ်ဆိုတဲ့ ဦးစိုးသိန်းစကားကို ယုံသင့်မယုံသင့် ချင့်ချိန်ကြဖို့ပါပဲ။

အားလုံးကို ပြီးအောင် ဆောင်ရွက်သွားပါ့မယ်ဆိုတဲ့စကားမှာ အင်အားသုံးရင် သုံးရပါလိမ့်မယ်ဆိုတဲ့သဘောလည်း ပါနိုင်တာပဲ။ ဒါဆိုရင် ကချင်ထိုးစစ်ကို လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဦးစိုးသိန်းဆိုချင်ပါသလား။ ဒီအတိုင်းသာဆိုရင် တိုင်းရင်းသားလူမျိုးများဟာ ဖက်ဒရယ်ရမရတော့ မသေချာဘူး၊ လက်နက်ချပြီး လွှတ်တော်ဝင်ခိုင်းဖို့တော့ သေချာသလောက် ဖြစ်နေပြီ။


ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်

၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်ဆိုပဲ။ ဒီစကားကို သမ္မတအကြံပေးတွေ ပြောခိုင်းပုံရတယ်။ ဒီစကားကို သုံးပြီး လက်ရှိအစိုးရကို စာနာအောင် လုပ်ဖို့နဲ့ အတိုက်အခံများကို ကျောသပ်ဖို့ ဖြစ်တယ်။ တိုင်းရင်းသားပြဿနာများကို နောင်တက်လာမဲ့ အစိုးရအတွက် ချန်မထားခဲ့ချင်ဘူး။ ဒါ ကောင်းပါတယ်။ ဒါပေမဲ့ သမ္မတသိန်းစိန်အစိုးရနဲ့ အလုပ်လုပ်ရတာ အဆင်သိပ်မပြေဘူးဆိုတာ တိုင်းရင်းသားတွေဘက်က ငြီးလာကြပါပြီ။ တိုင်းရင်းသားတွေကတော့ လက်ရှိအစိုးရအစား အတိုက်အခံများနဲ့ဆို ပိုပြီး အဆင်ပြေမယ်လို့ ယူဆကြမှာက ကျိန်သေပါပဲ။

အထက်ကစကားကို ပြောလို့ လက်ရှိအစိုးရဟာ ဒီမိုကရေစီအစိုးရမဟုတ်ဘူးလို့ ခပ်ပါးပါးလေး ဝန်ခံလိုက်သလို ရှိတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရဟာ ဒီမိုကရေစီအစိုးရဖြစ်ပြီလားဆိုတော့ မသေချာသေးပါ။ လက်ရှိအစိုးရကို တရားမဝင်ကြောင်း စာရေးသူတို့ ရေးနေခြင်းမှာ (၁) ၂၀၁၀ ရွေးကောက်ပွဲမှာ ကော်မရှင်က ဘက်လိုက်ခဲ့တယ်၊ မဲမသမာမှုတွေ ရှိခဲ့တယ်၊ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိခဲ့ဘူး။ ဒါက တစ်ချက်။ (၂) နောက်တစ်ချက်မှာ ၂၀၀၈ ဥပဒေဟာ စစ်ကျွန်ဥပဒေ ဖြစ်တယ်။ စစ်တပ်အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီအတွက် အထောက်အကူ မဖြစ်တဲ့ ဥပဒေပါ။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတခဲ့ရင်တောင် ၂၀၀၈ ဥပဒေကို ဒီမိုကရေစီနည်းကျအောင် မပြင်ခဲ့ရင် ဘယ်အစိုးရပဲတက်တက် ဒီမိုကရေစီအစိုးရမဖြစ်ဘဲ စစ်ကျွန်ဥပဒေကို ကာကွယ်ပေးမဲ့အစိုးရတစ်ရပ်သာ ဖြစ်လာမှာပါ။


ဘယ်သူက ပြဿနာရှာနေလဲ

အဲဒီအစိုးရကို ပြဿနာတွေနဲ့ မထားခဲ့ချင်ဘူး၊ အဲဒီအစိုးရအဖွဲ့ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ် ဆိုပဲ။ ဒီစကားလည်း ဟုတ်သလိုလိုနဲ့ စဉ်းစားစရာရှိတယ်။ နောက်တက်လာတဲ့အစိုးရအတွက် လမ်းရှင်းပေးတာဟာ နိုင်ငံသားစိတ်ရှိသူ၊ နိုင်ငံသားကျင့်ဝတ်ရှိသူဖြစ်လို့ ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ ပြဿနာဆိုတဲ့စကားကို သူက ရှင်းမထားဘူး။ ပြည်တွင်းစစ်ကို ပြောလိုဟန်ရှိတယ်။ တန်းတူရေးပြဿနာကို ပြောလိုဟန်ရှိတယ်။ ဒီတော့ တကယ့်ပြဿနာက ဘာလဲ။ တိုင်းရင်းသားတွေက တန်းတူရေးကို တောင်းဆိုတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အတိုက်အခံများဟာလည်းပဲ တိုင်းရင်းသားတို့ရဲ့ တောင်းဆိုချက်ကို မူအနေနှဲ့ သဘောတူကြတယ်။ ပြည်ခိုင်ဖြိုးအစိုးရက ဒီကိစ္စမှာ မပွင့်လင်းသေးပါ။ တပ်မတော်က တန်းတူရေးကို ခွဲထွက်ရေးလို့ မြင်နေတုန်းပဲ ရှိတယ်။ ဒီတော့ ပြဿနာကို အမှန်တကယ်ဖန်တီးနေသူမှာ တိုင်းရင်းသားများနဲ့ အတိုက်အခံများမဟုတ်ဘဲ ပြည်ခိုင်ဖြိုးအစိုးရနဲ့ တပ်မတော်သာ ဖြစ်တယ်။

ပြဿနာကို မထားခဲ့ချင်ဘူးဆိုရင် ပြည်ခိုင်ဖြိုးအစိုးရရဲ့ အကျင့်ကို ပြင်ဖို့ လိုနေပြီ။ တပ်မတော်ကို အရပ်သားအစိုးရလက်အောက်ထားနိုင်ဖို့ အရင်လုပ်ရမှာဖြစ်တယ်။ တပ်မတော်က အရပ်သားအစိုးရအမိန့်ကို မနာခံရင် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ကို ထူထောင်ဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါ။ ဒီတော့ တပ်မတော်က ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဆက်လက်ဖန်တီးနေဦးမှာ သေချာပါတယ်။ ဒီတော့ ဝန်ကြီးဦးစိုးသိန်းအနေနဲ့ ရှေ့ဆက် ဘာတွေ လုပ်မလဲ စောင့်ကြည့်သင့်ပါတယ်။ လွှတ်တော်မှာ၊ အစိုးရအဖွဲ့လုပ်ငန်းတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနကလွဲပြီး အခြားကိစ္စတွေမှာ တပ်မတော်က ဝင်မရှုပ်အောင် ရှင်းထားနိုင်ရင် ပြဿနာက မရှိသလောက် ဖြစ်သွားပြီ။


၂၀၀၈ ဥပဒေကို မဖြစ်မနေ ပြင်ရမယ်

၁။ ၂၀၀၈ ဥပဒေမှာ ဒီမိုကရေစီနည်းမကျတဲ့အပိုင်းတွေ အများကြီး ရှိတယ်။ အဲဒါကို ပြင်ပါ။
၂။ ၂၀၀၈ ဥပဒေမှာ တိုင်းရင်းသားလူမျိုးများကို တန်းတူအခွင့်အရေး ပေးမထားပါ။ အဲဒါကို ပြင်ပါ။
၃။ ၂၀၀၈ ဥပဒေမှာ တစ်မတ်သားများ မရှိသင့်ပါ၊ အဲဒါကို ပြင်ပါ။

ဒါတွေကို မပြင်မချင်း ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်လို့ ဝန်ကြီးဦးစိုးသိန်း မပြောပါနဲ့။ ဖွတ်ကနေ ဒေါင်းမမွေးပါ။
( Ven Ravika facebook )

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .