
ထိုဆုတောင်းကုန်းတွင် ဗမာစစ်တပ် ခလရ ၂၂၈ မှ တစ်နှစ်ပတ်လုံး စခန်းချကာ
နေထိုင်ခဲ့သည့်နေရာဖြစ်ပြီး တပ်ရုပ်သိမ်းသွားသည်မှာ
နှစ်ပတ်ခန့်သာရှိသေးကြောင်းသိရပါသည်။ ထိုတပ်မှ ဗိုလ်ကြီးလွမ်းမိုးအောင်
ပစ်ခတ်မှုမဖြစ်မှီ မော်ဝမ်းအသင်းအုပ်ဆရာကြီးထံသို့ ဖုန်းဆက်ခဲ့ကြောင်း
အသင်းအုပ်ဆရာကြီးက ပြန်လည် မဖြေကြားနိုင်ခဲ့သဖြင့် ပစ်ခတ်မှုပြီးမှ
ဖုန်းဆက်နိုင်ခဲ့ကြောင်း ပြောပြပါသည်။ ထိုဗိုလ်ကြီးက လက်နက်ကြီး
ကျသည့်နေရာအားမေးမြန်းပြီး၊ ထပ်မံပစ်မည်ဖြစ်ကြောင်း သတိပေးပါသည်။
အသင်းအုပ်ဆရာကြီးမှ အဘယ့်ကြောင့်ဆုတောင်းကုန်းသို့
လက်နက်ကြီးဖြင့်ပစ်သနည်း၊ မည်သူမျှမရှိကြောင်း ၊ ဆုတောင်းကုန်း
တောင်ခြေတွင် စစ်ပြေးဒုက္ခသည် ၄၀၀ ကျော်ရှိကြောင်း
ထပ်မံ၍မပစ်ခတ်ရန်တောင်းပန်ကြောင်း၊ ထိုဗိုလ်ကြီးကလည်း ဗျူဟာမှူးအား
ပြောပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုပါသည်ဟု အသင်းအုပ် ဆရာကြီးက
ပြောပြပါသည်။ ထိုသို့ပြောဆိုပြီးနောက် ပစ်ခတ်မှုများရပ်သွားပါသည်။
ည ၈ နာရီခန့်တွင် ထိုဗိုလ်ကြီးလွမ်းမိုးအောင်က
မော်ဝမ်းအသင်းတော်လူငယ်ခေါင်းဆောင်အား ၎င်းတို့ပစ်ခတ်ခြင်းမဟုတ်ကြောင်း၊
အမှိုက်ပုံဖက်မှပစ်ခတ်ခြင်းဖြစ်ကြောင်း ငြင်းဆိုကြောင်းရှင်းပြပါသည်။
သို့သော် ထိုလူငယ်ခေါင်းဆောင်က ထိုပစ်ခတ်မှုဖြစ်စဉ်တွင်
၎င်း၏နေအိမ်တွင်ရှိနေပြီး ဗျူဟာကုန်းဖက်မှ လာသော မီးခိုးတန်းအား
မိမိနေအိမ်မှမြင်တွေ့ခဲ့ကြောင်းဆိုပါသည်။ ပေါက်ကွဲမှုဖြစ်သည့်နေရာသို့
သွားရောက်ခဲ့သည့် လူငယ်လေး၏ ပြောပြချက်အရ
မြုပ်ထားတဲ့မိုင်းကွဲတာလည်းမဟုတ်ဘူး၊ အမှိုက်ပုံဖက်က လာတဲ့
လက်နက်လည်းမဟုတ်ဘူး၊ ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့
ပခုံးထမ်းဖြစ်ဖို့များပါတယ်၊ လက်နက်ရဲ့ဦးတည်ရာက အဲဒီဖက်ကလာတယ်ဆိုတော့
ရှင်းပြစရာတော့လိုမယ်မထင်ဘူး ဟု သူ၏ အမြင်ကိုပြောပြပါသည်။
ဗမာစစ်တပ်သည် ခရစ်ယာန်အသင်းတော်များအား လက်လွတ်စပယ် ပစ်ခတ်သည်မှာ
အကြိမ်ကြိမ်ရှိပြီဖြစ်ပါသည်။ ၂၀၁၂ ဇွန်လတွင်လည်း ဆိုင်းတောင်
ခရစ်ယာန်ဆုတောင်းကုန်းနှင့် တရုတ်နှစ်ခြင်းအသင်းတော်သို့အား
လက်နက်ကြီးဖြင့် ၁၂ ချက်တိတိပစ်ခတ်ခဲ့ဖူးပါသည်။ အောက်တိုဘာလအတွင်းကလည်း
ထိုမော်ဝမ်းကချင်နှစ်ခြင်းဘုရားကျောင်းအရှေ့တွင် လက်နက်ကြီးကျပြီး လူ ၆
ဦးဒဏ်ရာရရှိခဲ့ဖူးပါသည်။ ယခုအခါ
ထိုမော်ဝမ်းကချင်နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်းရှိ ဆုတောင်းကုန်း ပေါ်သို့
တက်ရောက်ခွင့်ပိတ်ထားကြောင်း၊ တက်ရောက်လိုပါက ဗျူဟာမှူးထံ
အခွင့်တောင်းပြီးမှသာ တက်ရောက်နိုင်ကြောင်းအသင်းသားများကပြောပြပါသည်။
ထိုဘုရားကျောင်းဝင်း အတွင်းနေထိုင်သော စစ်ပြေးဒုက္ခသည် ၄၀၀ ကျော်မှာလည်း
စိုးရိမ်ထိန့်လန့်စွာ နေထိုင်နေရပါသည်။ ဖားကန့်ဒေသခံများက ဗမာစစ်တပ်သည်
တောမှော်သွားရာလမ်းတွင် ထိခိုက်ကျဆုံးမှုများသဖြင့် ဆုတောင်းကုန်းတွင်
ဆုတောင်းသူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း
သုံးသပ်ကြပါသည်။
No comments:
Post a Comment