Social Icons

Monday, January 21, 2013

ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် သိစေဖို့ ။

Nik Nayman
ယခုခေတ် သမ္မတဖြစ်နေတဲ့ သိန်းစိန် ၀န်ကြီးချူပ်ဖြစ်ခဲ့တဲ့ လက်ထက်မှာလည်း အာဏာရှင်တို့ ရဲ့ ယုတ်မာတဲ့လုပ်ရပ်အတိုင်း အတိုက်အခံအင်အားစုတွေနဲ့  ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တိုင်းရင်းသားတွေအပေါ်လိမ်လည်စွပ်စွဲ ဖန်တီးလုပ်ကြံတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်ဆိုတာ မကြာခင်ကမှ သေဆုံးခဲ့တဲ့ ကိုဖြိုးဝေအောင်ရဲ့  အဖြစ်အပျက်က သက်သေပြခဲ့ပါတယ်။ 



၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှု X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့  ပတ်သက်ပြီး အထောက်အထား ခိုင်လုံမှု မရှိဘဲ မတရားစွပ်စွဲကာ ကိုဖြိုးဝေအောင်ကို ရဲချုပ်ဟောင်း (ယခုလက်ရှိ လ၀က၀န်ကြီး) ခင်ရီတို့ က ထောင်သွင်း အကျဉ်းချခဲ့တယ်၊ ညဉ်းပမ်းနှိပ်စက်မှုခဲ့တယ်၊ သေဒဏ် ချမှတ်ခဲ့ပါတယ်၊ နောက်ဆုံး ကိုယ်ခန္ဓာအောက်ပိုင်းသေပြီး အသည်းကင်ဆာရောဂါဝေဒနာရရှိတဲ့အချိန် အခြေအနေမကောင်းတော့မှ ပြန်လွှတ်ပေးခဲ့တယ်။ အပြစ်မဲ့တဲ့ ကိုဖြိုးဝေအောင်ခမြာ နောက်ဆုံး ဒီဒဏ်ရာဒဏ်ချက်တွေနဲ့  ဘ၀ကူးပြောင်းသွားခဲ့ရတယ်။

မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုဖြစ်တိုင်း အာဏာရှင်လူယုတ်မာတွေဟာ လုပ်ကြံစွပ်စွဲမှုတွေလုပ်လိုက်၊ အစီအစဉ်ကျကျ ယုတ္တိရှိအောင် အဖက်ဖက်က ဖန်တီးပြင်ဆင်လိုက်၊ သတင်းစာရှင်းလင်းပွဲတွေ ရုပ်ရှင်ရိုက်ပြသလို ဇာတ်လမ်းဇာတ်ကွက်တွေ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့  ပြသပြောဆိုလိုက်နဲ့  နှစ်တိုင်း အကယ်ဒမီဆုရသင့်တဲ့ အာဏာရှင်အုပ်စုတို့ ရဲ့  လုပ်ရပ်က ခေတ်အဆက်ဆက် မရိုးနိုင်သော ဆောင်ရွက်မှုတွေပါဘဲ။

ဒီလိုမျိုး လုပ်ရပ်တွေ ဖန်တီးလုပ်ကြံဖို့ ဆောင်ရွက်လို့  ရအောင်များ၊ ဗုံးပေါက်ကွဲမှုတွေ ဒဏ်ရာရသူတွေ အသက်သေဆုံးနေကြတဲ့သူတွေရဲ့  ဓါတ်ပုံတွေပြသလို့ ရအောင်များ၊ သတင်းထုတ်ပြန် လိမ်ညာမှုတွေ ပြောဆိုလို့ ရအောင်များ အာဏာရှင်တွေကိုယ်တိုင်က ဗုံးပဒေသာတွေ ဝေေ၀ဆာဆာဖြစ်အောင် လုပ်နေသလားလို့  များစွာ သံသယရှိဖွယ် ဖြစ်နေခဲ့ပါပြီ။

ဗုံးပေါက်ကွဲတဲ့နေရာမှာလည်း မရှိ၊ မည်သည့်ခိုင်လုံသော သက်သေအထောက်အထားမှတ်တမ်းမှလည်း မရှိ၊ တရားဥ့ဒေအရလည်း ချေပပိုင်ခွင့် ဖြေရှင်းပိုင်ခွင့်မရှိဘဲ တစ်ဖက်သတ် စစ်ဆေးညဉ်းပမ်း အတင်းအဓမ္မ ၀န်ခံခိုင်း၊ အဆင့်သင့်ရိုက်ထားတဲ့ လိုရာဆွဲသုံးတဲ့ စာသားတွေကို ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းပြီး ဗုံးပေါက်ကွဲမှု အစရှိတဲ့ အာဏာရှင်တို့ ရဲ့  လုပ်ကြံမှုမှာ တရားခံဖြစ်အောင် တရားခံရှာမှုမှာ တန်ဆာခံဖြစ်ကြရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူလူထု တိုင်းရင်းသားအပေါင်းတို့ ရဲ့ ဘ၀ဒုက္ခတွေထဲက ကိုဖြိုးဝေအောင်ကဲ့သို့ သော ဗုံးပေါက်ကွဲမှုအဖြစ်အပျက်တစ်ခုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲခံရ ဖန်တီးလုပ်ကြံခံရ ဇာတ်လမ်းဆင် ရှင်းလင်းတဲ့ အာဏာရှင်အုပ်စုရဲ့  သတင်းစာရှင်းလင်းပွဲမှာ တရားခံ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့ အဖြစ်တစ်ခုကို ပြန်လည် ဖေါ်ပြလိုက်ရပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်ပြီး မတရားစွပ်စွဲဖမ်းဆီးခြင်းကို ခံခဲ့ကြရတဲ့ လူငယ် (၄) ဦးဖြစ်တဲ့ ကိုသန်းဇော်၊ ကိုမိုးကျော်သူ၊ ကိုညီညီဦးနဲ့  ကိုမိုးသီဟတို့ ရဲ့  အဖြစ်အပျက်မှန် ဖြစ်ပါတယ်။ ဒီ လူငယ် လေးဦးကို စတင်စွပ်စွဲပြီး ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ ဝင်တွေအပါအ၀င် စုစုပေါင်း (၁၆) ယောက်ကို ဇတ်လမ်းဆင် အမှုတွဲထဲမှာ ဆွဲထည့်ခဲ့ပါတယ်။

တစ်ဖက်သတ် စီရင်ချမှတ်ချက်တွေနဲ့ သေဒဏ်အမိန့် တွေ ပေးခဲ့ပါတယ်။ ဒီလိုမျိုး ပေါက်ကွဲမှုတွေမှာ အာဏာရှင်အုပ်စုဟာ လုပ်ကြံဖန်တီး စွပ်စွဲဖမ်းဆီး ညဉ်းပမ်းနှိပ်စက် အဓမ္မ၀န်ခံခိုင်းကာ တရားခံဘ၀ကိုရောက်ခဲ့ကြရတဲ့ X20 သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ကိုဖြိုးဝေအောင်ဟာ တရားခံမဟုတ်ဖူးဆိုတာ အများပြည်သူလူထုက သိရှိခဲ့ကြပါတယ်။

ထိုကဲ့သို့ ဘဲ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်ပြီး မတရားဖမ်းဆီးခံခဲ့ရသူဟာ တရားခံမဟုတ်သလို စွပ်စွဲခံရတဲ့ထဲက တစ်ဦးဖြစ်တဲ့ ကိုမိုးသီဟဟာလည်း သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုမှာ ပါဝင်ဖို့ နေနေသာ မြန်မာပြည်တွင်းမှာတောင် မရှိခဲ့ဖူးဆိုတာကို ကာယကံရှင် ကိုမိုးသီဟကိုယ်တိုင် တရားဝင် ပြန်လည်ဖြေရှင်းခဲ့လို့  အာဏာရှင်အုပ်စုရဲ့  လိမ်ညာမှုကြီးဟာ ရှက်ဖွယ်ကောင်းလောက်အောင် ဖြစ်သွားပါတယ်။

အာဏာရှင်စစ်အုပ်စုဟာ သတင်းစာရှင်းလင်းပွဲလုပ် နိုင်ငံရေးအမြတ်ထုတ် ၀ါဒဖြန့် ချီမှိုင်းတိုက်ရရင်ပြီးရော တရားခံအမည်တပ်ဖို့ သာ လုပ်တာမို့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုအကြောင်း သတင်းစာရှင်းလင်းပွဲကြီးဟာ လုပ်ကြံဇာတ်လမ်းကြီး ဖြစ်နေမှန်း ပေါ်လွင်သွားပါတယ်။

အမည်ဆွဲထည့်ခံရတဲ့ ကိုမိုးသီဟဟာ ၁၉၈၉ ခုနှစ်၊ ဧပြီလကတည်းက မြန်မာ - ထိုင်းနယ်စပ်ဒေသကို ရောက်ရှိနေပြီးဖြစ်ပြီး၊ သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုအချိန်မှာ လုံးဝ မရှိသလို၊ ဒီပေါက်ကွဲမှုကိုလည်း အာဏာရှင်စစ်အုပ်စုရဲ့  သတင်းစာရှင်းလင်းပွဲလုပ်လို့  အမည်ပါလာမှ သိရတာ ဖြစ်ပါတယ်။

သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုနဲ့  ပတ်သက်လို့ လည်း မတရားစွပ်စွဲဖမ်းဆီးစစ်ဆေးခံရတဲ့ အပြစ်မဲ့လူငယ်တွေထဲက တစ်ဦးကလည်း နောက်ပိုင်းမှ အဖြစ်မှန်ကို ဒီလို ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက်ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက် လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ခြေဖျားထောက်ပြီး ခြေဖနောင့်အောက် တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။ ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။

သန်လျင် ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ အစစ်အမှန်များ လုံးဝ အလျဉ်းမဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲ လှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်းဝန်ခံခိုင်းနေပါသည်။

၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေ လဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။ ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက် က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော် ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ် နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေး လိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာ လဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ် ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး” တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်းလာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ် ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတပုံ ကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာ ပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့” ဟု ကိုသန်းဇော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လူငယ်) က နောက်ပိုင်းအချိန်ကာလ၌ ရှင်းလင်းပြောဆိုမှုအရလည်း သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုတွင် မည်သည့် ကျောင်းသားလူငယ် နိုင်ငံရေးပါတီအဖွဲ့ အစည်းဝင်မျှ မပါရှိသည်ကို သိသာထင်ရှားလှပေသည်။

ဒီလို ကာယကံရှင်တွေကိုယ်တိုင် ခိုင်ခိုင်မာမာ ဖြေရှင်းမှုတွေပေါ်ထွက်လာပြီးတဲ့နောက်မှာ သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုကိစ္စမှာ အပြစ်မဲ့တဲ့ လူငယ် (၁၆) ဦးဟာ မတရားစွပ်စွဲ ဖမ်းဆီးခံရပြီး သေဒဏ်တွေ တစ်သက်တစ်ကျွန်းတွေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ယခင့်ယခင်ခေတ်တွေကတည်းက အဆိုပါအဖြစ်အပျက်တွေဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေ စက်ရုံတွေ အလုပ်ရုံတွေ မီးရထားတွေ ဘူတာရုံတွေ စသဖြင့် ဘယ်နေရာမှာဘဲဖြစ်ဖြစ် တရားခံလို့  ဖမ်းဆီးခံရသူတွေကတော့ သတင်းစာရှင်လင်းပွဲတွေမှာ ပါလာလေ့ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ပါတီဝင်တွေ၊ ABSDF KNU NCGUB အစရှိတဲ့ အာဏာရျင်စနစ်ကို တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့  အဖွဲ့ ဝင်တွေချည်းဘဲ ထပ်ခါတလဲလဲ ဖြစ်နေတာဟာ ဓါတ်ပြားဟောင်းကြီးကို မရိုးနိုင်အောင် ဖွင့်ဖွင့်ပြနေတဲ့ အာဏာရှင်အုပ်စုရဲ့  လုပ်ကြံဖန်တီးမှုဇာတ်လမ်းချည်းဘဲ ဖြစ်နေတာပါဘဲ။ ယခုခေတ်မှာတော့ KIO KIA တွေ လက်ချက်လို့  တံဆိပ်ကပ်နေတဲ့ ပေါက်ကွဲမှုတွေ ဖန်တီးလုပ်ကြံ ၀ါဒဖြန့် သတင်းထုတ်လွှင့်နေမှုနဲ့  ပုံစံတူပါဘဲ။

ဒီလို မြန်မာပြည်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ဖြစ်နေ၊ မတရားဖမ်းဆီးစွပ်စွဲမှုတွေ လုပ်နေ၊ သတင်းထုတ်ပြန် လုပ်ကြံဖန်တီးမှုတွေ ရှိနေတာတွေ ကြည့်ရင် တကယ့်တရားခံဟာ ဘယ်သူလည်းဆိုတာ သုံးသပ်ကြည့်ရင် အာဏာရှင်အုပ်စုလက်ချက်ဘဲဆိုတာ ပေါ်လွင်စေပါတယ်။

အာဏာအကျိုးစီးပွားအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ယုတ်မာတဲ့ စိတ်ဓါတ်နဲ့  ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ပျက်ပြားအောင် ရက်ရက်စက်စက်နဲ့  ဗုံးတွေကိုယ်တိုင်ထောင် ကိုယ်တိုင်ခွဲပြီး သတင်းဝါဒဖြန့် နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်နေတဲ့ အာဏာရှင်စစ်အုပ်စုလက်ချက်ဆိုတာ အရင်းစစ် အဖြေရှာကြည့်ရင် သိသာပါတယ်။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှု X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုဖြစ်ပျက်မှုနဲ့  ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့  သံလျင်ရေနံချက်စက်ရုံပေါက်ပွဲမှုတွေကို ကြည့်ရင် အာဏာရှင်စစ်အုပ်စုရဲ့  ယုတ်မာလွန်းလှသော လုပ်ရပ်ဆိုတာ သိရှိနိုင်ပါတယ်။

ဒီအတွက် လက်ရှိ ရွှေမန်း သိန်းစိန် မင်းအောင်လှုငိတို့ နဲ့  ၄င်းတို့ ရဲ့  ပါးစပ်အငှားဘ၀ရောက်ရှိနေရတဲ့ ပြန်ကြားရေး ဒုဝန်ကြီး (သို့ ) သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ် (ကျော်ဆန်းထက် အလိမအညာ သာနိုင်မယ်ထင်လို့  နေရာပေးခံရသူ) သိစေဖို့ က ဓါတ်ပုံတွေနဲ့ ဖေါ်ပြနိုင်တိုင်း သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တိုင်း၊ အရပ်သားတွေ ထိခိုက်စေတိုင်း အာဏာရှင်စစ်အုပ်စုက လုပ်တာမဟုတ်ဖူးလို့  ပြောရဲပါသလား။ အာဏာရှင် သက်ဆိုးစေရှည်ဖို့  အချင်းချင်းလည်း ဖြုတ်ထုတ်သတ်လုပ်တယ်၊ ပြည်သူလူထု သေကြေအောင်လည်း ဗုံးထောင်မိုင်းခွဲပြီး တော်လှန်ရေးအင်အားစု အတိုက်အခံတွေ လုပ်သလို လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ လုပ်သလိုနဲ့  စွပ်စွဲဖမ်းဆီး ၀ါဒဖြန့်  ယုတ်မာခဲ့တယ်ဆိုတာ သမိုင်းဖြစ်ရပ်တွေ ရှိတယ်ဆိုတာ ပြောကြားလိုက်ပါတယ်။

(by duwa kachin)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .