by Shwe Myitmakha Media Group on Friday, June 1, 2012
ဇွန်(၁)ရက်၊၂၀၁၂ခုနှစ်း
ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ပွဲတိမ်းရှောင် နေထိုင်နေသူ များအတွက် အရေးပေါ်ဆေးဝါးနှင့်ဆရာဝန်များ အမြန်လိုအပ်လျှက်ရှိကြောင်း သိရသည်။
‘’မြစ်ကြီးနားမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ စခန်းတွေမှာ လောလောဆယ်တော့ ဆေးဝါးနဲ့ ရေလိုအပ်ချက်ရှိတယ် ၊ ရာသီဥတုကလဲ မန္တလေးထက်ကို ပူနေတယ် ၊ ကျွန်တော်နဲ့ ဆရာဝန် တစ်ယောက်က ဒီကိုလာပြီး ကူညီမှုပေးနေတာပါ’’ ဟု မြစ်ကြီးနားမြို့ ၊ ၀ိုင်းမော်နှင့် အနီးပတ်ဝန်းကျင် ဒုက္ခသည်စခန်းများကို သွားရောက်ကူညီမှုပေးနေသူ ကိုဂျွန်က ပြောသည်။
အဆိုပါ မြစ်ကြီးနားရှိ အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုတွင် လူဦးရေ (၆၀၀)၀န်းကျင်ရှိပြီး ယားနာများ ပေါက်ခြင်း ၊ ချောင်း ဆိုးခြင်းများ ဖြစ်ပွားလျှက်ရှိသည်ကိုလည်း သိရှိရသည်။ မြစ်ကြီးနားမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်တွင် ဒုက္ခသည်စခန်းပေါင်း (၇)ခုဝန်းကျင်ရှိသည်။
မြစ်ကြီးနားနှင့် အနီးပတ်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းများတွင် ဖွင့်လစ်ထားသော ကျန်းမာရေးစောင့် ရှောက်မှု ဆေးခန်းများတွင် သူနာပြုများသာရှိနေပြီး ဆရာဝန်အင်အားနည်းပါးလျှက်ရှိကြောင်း ကိုလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ဒုက္ခသည်များနေထိုင်လျှက်ရှိသော စခန်းများတွင် လူဦးရေများပြားနေသည့်အပြင် ရေအခက်အခဲများ ရှိနေသည့် အတွက် ရေရှည်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလာနိုင်ကြောင်းကိုလည်း သိရသည်။
“ရေအခက်အခဲရှိနေတယ် ၊ အိမ်သာတွေက တစ်ချို့နေရာတွေမှာ အဆင်ပြေပေမဲ့ တစ်ချို့နေရာ တွေမှာတော့ လက် တွင်းတွေဖြစ်တဲ့အတွက် ၀မ်းရောဂါဖြစ်လာနိုင်တယ်’’ဟု ကိုဂျွန်က ဆက်ပြောသည်။
စစ်ဘေးသင့်ရာခိုလှုံပြောင်းရွှေ့နေထိုင်သူများထဲတွင် ကချင်လူမျိုးများသာမက ရှမ်းလူမျိုးများနှင့် ဗမာတိုင်းရင်းသားများလဲပါဝင်ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာများကို ဒေသခံများနှင့် ကမ္ဘာ့စားနပ် ရိပ်က္ခာထောက်ပံပေးရေးအဖွဲ့တို့မှ ကူညီထောက်ပံ့ပေးနေသည်။
အဆိုပါ ဒုက္ခသည်စခန်းများကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။
မြန်မာပြည်အနှံ့တွင် ကချစ်စစ်ဘေးအတွက် အလှူငွေများအား နည်းမျိုးစုံဖြင့် အလှူခံလျှက်ရှိ နေသော်လည်း ယခုထက်ပိုမိုလို အပ်နေကြောင်းကိုလည်း သိရှိရပြီး အဓိကလိုအပ်ချက်မှာ ဆေးဝါးနှင့်ဆရာဝန် များဖြစ်သည်။
No comments:
Post a Comment