Social Icons

Wednesday, June 6, 2012

တိုင်းရင်းသားဒေသများရှိ ငြိမ်းချမ်းရေးပဋိပက္ခအရေးတာဝန်ယူထားသူ ဆရာ မရန်ဂျော်ဂွန်းနှင့် တွေ့ဆုံခြင်း

by Shwe Myitmakha Media Group on Wednesday, June 6, 2012 at 5:45pm ·


ဂျာတော့(ပ်) (မြစ်မခ)

ဇွန်(၆)ရက်၊ ၂၀၁၂ခုနှစ်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့အကြား တိုက်ပွဲဖြစ်ပွားနေ သည်မှာ ဇွန်လ(၉ ) ရက်နေ့တွင်တစ်နှစ်တင်းတင်းပြည့်မြောက်မည်ဖြစ်သည်။ ထိုကဲ့သို့  တိုက်ပွဲများကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍ Another Step to Justpeace Project လုပ်ဆောင်နေသူဆရာ မရန်ဂျော်ဂွန်းအား မြစ်မခမီဒီယာမှ မေးမြန်းချက်များအားဖော်ပြအပ်ပါသည်။


ဖြေ  ။    ။ ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာက အဓိက ယုံကြည်မှု တည်ဆောက်တာပဲ။မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေ
ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်လို့ကြန့်ကြာရတယ်ဆိုတာ ရပ်တည်မှု၊တန်ဖိုးထားမှု၊ ဘဝနေထိုင်မှုတွေက အရမ်းအရေးကြီးတယ်။ ဒါကို ဘယ်လောက်ထိအာမခံချက်ပေး နိုင်သလဲဆိုတဲ့ အပေါ်မူတည်ပြီး ငြိမ်းချမ်းရေးကလျင်မြန်သွားမယ်လို့ ထင်တယ်။ အဲ့ဒီအပိုင်းကို လစ်လှူရှုထားမယ်ဆိုရင်ငြိမ်းချမ်းရေးက ဆက်ကြာနေဦးမှာပဲ။



မေး ။    ။ အခုထိ စစ်ဖြစ်နေတဲ့ အခြေခံအကြောင်းရင်းက ဘာကြောင့်လို့ သုံးသပ်မိလဲ။

ဖြေ ။    ။ ဒီလောက်ကြာအောင် ဖြစ်နေရတာလဲဆိုတာ ဖြစ်ပေါ်လာတဲ့အကြောင်းရင်းကအရမ်းအရေးကြီး ပါတယ်။ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းရင်းက အဓိကပဲ။ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့နိုင်ငံဖြစ်စေချင်တယ်။ ကျွန်တော်တို့ အဲ့ဒီထဲမှာ ဂတိတွေ၊ ယုံကြည်မှုတွေ၊လုပ်ဆောင်ရမယ့် အလုပ်တွေမှာ မှားယွင်းမှုတွေ စစ်ဒဏ်ရာတွေ အင်မတန်များ
နေတဲ့အချိန် ငြိမ်းချမ်းရေးဆွေးနွေးဖို့ နှောင့်နှေးနေတာဖြစ်တယ်။



မေး  ။    ။ ဒါဆို ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ယူနိုင်မလဲ။

ဖြေ  ။    ။ ငြိမ်းချမ်းမှုတည်ဆောက်တယ်ဆိုတာ အပစ်အခတ်ရပ်တာ တစ်ခုတည်းနဲ့မရဘူး။အပစ်အခတ်ရပ်စဲ တာက ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့ ခြေလှမ်းတစ်ခုပဲ။ပြောချင်တာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေ အနေက အပစ်ရပ်ရုံနဲ့
မရတဲ့အခြေအနေဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုပုံဖော် ချင်တယ်ဆိုရင် ဟိုးအရင်က ငြိမ်းချမ်းရေးကို
အတူတကွလုပ်ဆောင်လာကြတဲ့  အရင်းအမြစ်ကို ပြန်ရှာ ဖွေရမယ်။ အမုန်းတရားကိုရှာတာထက် ပထမဦးဆုံးစဉ်းစားရမှာက တိုင်းရင်းသားစည်းလုံးညီညွတ် ရေးဘယ်လောက်ထိ၊ ဘယ်အခြေအနေထိ လုပ်ဆောင်လာခဲ့တဲ့ အကြောင်းပေါ့။



မေး  ။    ။ ကချင်လွတ်မြောက်ရေးအဖွဲ့က မြန်မာအစိုးရကို တောင်းဆိုထားတဲ့အချက်တွေကိုရော ဘယ်လို မြင်လဲ။

ဖြေ  ။    ။ လက်နက်ကိုင်အဖွဲ့အစည်းတွေက အပစ်အခက်ရပ်ဖို့ တော်လှန်ခဲ့ကြတာမဟုတ်ပါဘူး။ သူတို့လည်း များသော အားဖြစ်
ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို တောင်းတာဖြစ်တယ်။ကိုယ်ပိုင်ပြဋ္ဌာန်းချက်ဆိုတာက ကျွန်တော်နားလည်တာကကိုယ့်ဘဝ  ကိုယ်ရပ်တည်ဖို့၊ ကိုယ်ဆုံးဖြတ်ချက်ကိုယ်အကောင်အထည်ဖော်နိုင်ဖို့ ဆိုတဲ့အရာလို့ မြင်တယ်။ လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီးတော့ကိုယ်ပိုင်ပြဋ္ဌာန်းချက်ကို ဘယ်လိုပုံစံနဲ့ သွားလို့ရှိရင် ပြည်ထောင်စုလည်းမပြိုကွဲအောင်ပေါ့။ ကျွန်တော်တို့တိုင်းရင်းသားတွေကို ကိုယ့်ဒေသ ကိုကိုယ်တိုင် အုပ်ချုပ်စေချင်တယ်။ စမ်းကြည့် စေချင်တယ်။ ဒါက ဘယ်အရာမဆိုအခက်အခဲတော့ ရှိမှာပဲ။



မေး  ။    ။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အစိုးရဘက်ကရော ဘယ်အချက်တွေကိုဖြေလျော့ရမယ်လို့ မြင်လဲ။

ဖြေ  ။    ။ ပြောမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက နေရာတစ်နေရာပဲယိုယွင်းခဲ့တာမဟုတ်ဘူး။ စနစ်တစ်ခု လုံးက ယိုယွင်းနေ တယ်။ အပြောင်းအလဲကိုသွားနေတဲ့အချိန်မှာ အထက်က စစ်တပ်ကို ရုပ်သိမ်းပေးဖို့ ပြောနေလည်းအောက်ခြေမှာရှိတဲ့စနစ်က မပြောင်းလဲနိုင်သေးဘူး။ ဒီအရာတွေက အပေါ်က ဘယ်လောက်အာမခံချက်ပေးထားပေမဲ့ အောက်ခြေမှာ ပြုပြင်ပြောင်းလဲမှု
မလုပ်နိုင်သေးဘူးဆိုရင် ငြိမ်းချမ်းရေးက မရနိုင်သေးဘူး။ကျွန်တော်တို့ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရရဲ့ ရပိုင်ခွင့်နှင့်
လုပ်ပိုင်ခွင့်တွေကိုလည်း မျှပေးရင် ကောင်းတာပေါ့။ ပြည်နယ်အစိုးရကိုထိုက်သင့်တဲ့ အာဏာကို ပေးထားတယ် ဆိုပြီး ပြောမယ်.. ဒါပေမဲ့လုပ်ပိုင်ခွင့်ပေးထားတာကို တကယ်လုပ်နိုင်ဖို့ရန်အတွက် စီစဉ်ပေးရမယ် ။ပြည်နယ်အစိုးရမှာက ကိုယ်ပိုင်ဆုံးဖြတ်မှုက   တော်တော်အားနည်းမှုရှိနေတယ်။ပြည်နယ် အစိုးရကိုလည်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့အရမ်းအရေးကြီးတယ်။
သူနာပြုဆရာမတစ်ယောက်ခန့်ဖို့ဆိုရင်တောင် ပြည်ထောင်စုအစိုးရဆီရောက်နေရတယ်။ ပြည်ထောင်အစိုးရ လုပ်ပိုင်ခွင့်၊ စစ်တပ်က
လုပ်ပိုင်ခွင့်တွေက ပြည်နယ်အစိုးရအတွက် အနှောက်အယှက် တော်တော်လေးဖြစ်နေတယ်။



မေး  ။    ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ထာဝရငြိမ်းချမ်းရေးရနိုင်ဖို့ဘယ်အချက်တွေ အဓိကလိုအပ် ပါသလဲ။

ဖြေ  ။    ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတယ်၊လုပ်ဆောင်ကြတယ်ဆိုတဲ့နေရာမှာ အများ အားဖြင့် အစိုးရနဲ့
လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ လုပ်ဆောင်နေကြတယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့အသံက တော်တော် လိုအပ်နေပါတယ်။ ငြိမ်းချမ်းရေးကိုရေရှည်တည်တံ့ဖို့အတွက် လူထု ရဲ့ပါဝင်မှုက အရမ်းအရေးကြီးတယ်။ ခံနေရတာကပြည်သူတွေ၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့ ဘယ်လိုမြင်ကြလဲ၊ ဘယ်လိုခံစားနေရလဲ။ ဒါတွေတော့ ရှိသင့်တယ်။ ဘယ်လို လုပ်ဆောင်သင့်တယ်။
အဲ့ဒီအခါကျမှ စစ်ကြီးက တကယ်ကို ငြိမ်သွားမှာ။ ထပ်ပြီး စစ်မဖြစ်တော့မှာ။ဒါကြောင့်မို့ လူထုရဲ့ အခန်း ကဏ္ဍကို များများ ဖွင့်ထားရမယ်။ ဒါကြောင့်ဒီနေ့အထိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှု ကြန့်ကြာ နေတယ်ဆိုတာကလူထုရဲ့ပါဝင်မှု အခန်းကဏ္ဍ အရမ်းနည်းနေသေးတယ်လို့ ကျွန်တော်မြင်တယ်။


No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .