Social Icons

Saturday, September 1, 2012

မြန်မာ့တပ်မတော်အထက်တွင် မည်သူမျှမရှိ( myitkyina)

မြန်မာ့တပ်မတော်စစ်ကြောင်းများသည် အရပ်သားများကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရှေ့တန်းဒေသမဟုတ်သော ကျေးရွာများတွင်လည်း ပစ်ခတ်မှုများ၊ ပစ္စည်းလုယက်မှုများကို အစဉ်ပြုလုပ်လျက်ရှိသည်။ မြန်မာအစိုးရစစ်ကြောင်းက ကျူးလွန်နေသော လူသားဆိုင်ရာကျူးလွန်ဖောက်ဖျက်မှုများကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကာကွယ်ဖုံးဖိပေးထားခြင်းဖြင့် စစ်တပ်သည် အဆုံးမရှိ ကန့်သတ်မဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကို စိတ်ကြိုက်လုပ်ဆောင်ခွင့် ရထားပေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်၏လုပ်ဆောင်ချက်ကို ဝေဖန်ပြောဆိုခြင်း၊ သြဇာပေး အမိန့်ပေးခြင်း၊ လမ်းညွှန်မှုပေးနိုင်ခြင်း အခွင့်အာဏာကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် မထားရှိထားခြင်းသည် မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသများတွင် စိတ်ကြိုက်ပြုမူနိုင်ခွင့်ကို အပ်နှင်းထားသကဲ့သို့ ဖြစ်နေရသည်။
သြဂုတ်လ(၂၁)ရက်နေ့တွင် မြန်ကြီးနား နှင့် တရုတ်နိုင်ငံ ထိန်ချုန်းမြို့ကို ဆက်သွယ်ထားသော အာဆီယံလမ်းမပေါ် ဘွမ်တောင်အနီး ဇွပ်ရာကျေးရွာနေ ဦးတူးလွမ်သည် ၀ိုင်းမော်မြို့သို့သွားရန် ကားကြုံစောင့်နေစဉ် ၀ိုင်းမော်မြို့အခြေစိုက် ခလရ(၅၈)မှ ဗိုလ်ကြီး ၀င်းမြင့် ဦးစီးသောတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဤကဲ့သို့သောဖြစ်စဉ်များကို ကချင်ပြည်နယ်တွင် သာမက တိုင်းရင်းသားဒေသအသီးသီးတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်၊ ကြားသိနေရသည်။ အချို့သောဖြစ်စဉ်များသည် လူမသိ၊ သူမသိ ဖြစ်ပွားခဲ့သည်များလည်း ရှိပေသည်။ မိသားစုဝင်များ သတင်းမရ၊ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးသွားသော တိုင်းရင်းသားများ၏ စာရင်းကို မည်သူက တာဝန်ခံ၍ ပြုစုပေးမည်နည်း။
သြဂုတ်လ(၂၀)ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့အခြေစိုက် ခလရ(၃၇) မှ စစ်ကြောင်းသည် မြစ်ကြီးနား-ဆင်ဘိုဆက်သွယ်ထားသည့် ခရိုင်ချင်းဆက်လမ်းမပေါ်၊ ရေကြည်ကျေးရွာတွင်ရောက်ရှိနေသော ကုန်သည်အဖွဲ့များထံမှ ငွေကြေးကို ခြိမ်းခြောက်လုယူခဲ့သည်။ ဦးတင်ဝင်းထံမှ ကျပ် ၁၆၀၀၀၀၊ ဦးတင်ဆန်းအောင်ထံမှ ကျပ် ၁၅၀၀၀၀၊ ဦးတင်မြင့်ထံမှ ကျပ် ၃၀၀၀၀၀၊ ဦးဒေါ်တားထံမှ ကျပ် ၃၀၀၀၀၀၊ အခြားတစ်ဦးထံမှ ကျပ် ၉၀၀၀၀၀ တို့ကို လက်နက်ဖြင့် ခြိမ်းခြောက်ယူခဲ့ကြသည်။ ငွေကြေးများများ မပေးနိုင်သော ဦးအောင်လွင်၊ ဒေါ်လှကြည်၊ ဦးဇော်အောင်၊ ဦးဒီးလာ၊ ဦးအင်ခွမ်အောင် တို့ကိုမူ ကြိုးတုပ်ချည်နှောင်၍ ရိုက်နှက်ခဲ့ကာ ပါသမျှငွေများကို လုယူခဲ့သည်။ စစ်ကြောင်းမှ ဤကဲ့သို့ ပြုမူကျူးလွန်မှုကိုခံခဲ့ရသော ကုန်သည်အဖွဲ့သည် မည်သည့်အစိုးရအဖွဲ့သို့ တိုင်းကြားရမည်ကို မဆုံးဖြတ်နိုင်ကြပါ။
ဤကဲ့သို့သော ဖြစ်စဉ်တစ်ခု ဇွန်လအတွင်းကလည်း ဖြစ်ပွားခဲ့သည်။ ထိုစဉ်က နွားကုန်သည်အဖွဲ့ အူလောက်ကျေးရွာတွင် ခလရ(၃၇)စစ်ကြောင်းနှင့် တွေ့ဆုံခဲ့ရာ၊ စစ်ကြောင်းက ငွေကျပ်သိန်း(၂၀)ပေးရန် အတင်းအကြပ်တောင်းဆိုခဲ့သည်။ နွားကုန်သည်က ကျပ်(၁၂)သိန်းသာတတ်နိုင်ကြောင်း တောင်းပန်ညှိနှိုင်းပေးခဲ့ရသည်။ ထိုအခါ စစ်ကြောင်းသည် နွားမောင်းရန် နေ့စားအဖြစ်ပါလာသော ကချင်အမျိုးသား(၄)ဦးကို KIA ဖြစ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်ပြီး တရားစွဲဆိုခဲ့သည်။ ၎င်း မတရားဖမ်းဆီးခံရသူ(၄)ဦးသည် မြစ်ကြီးနားဒုက္ခသည်စခန်းတွင် ဒုက္ခသည်အဖြင့် ဟန်ဆောင်ကာမှီခို၍၊ မြို့တွင်းဗုံးခွဲရန်စီမံသူများ ဖြစ်ကြောင်း စွပ်စွဲကာ ဇွန်လ(၂၃)ရက်နေ့ထုတ် မြ၀တီနေ့စဉ်သတင်းစာတွင် စွပ်စွဲဖေါ်ပြခဲ့သည်။
ဤသည်မှာ မြန်မာ့တပ်မတော်စစ်ကြောင်းမှ မည်ကဲ့သို့ ကြမ်းတမ်းယုတ်မာစေကာမူ၊ ဓါးပြတိုက် သတ်ဖြတ်စေကာမူ၊ လူ့အခွင့်အရေးကိုကျူးလွန်နေစေကာမူ အထက်အာဏာပိုင်အဆင့်ဆင့်က ကာကွယ်ပေးနေလျက်ရှိကြောင်း သက်သေ သာဓက ပင် ဖြစ်ပေသည်။
ရှေ့တန်းရောက်စစ်ကြောင်းတိုင်းသည် မိမိထင်သလိုဆုံးဖြတ်၍ ပြုမူလုပ်ဆောင်နိုင်ကာ၊ ကျူးလွန်ဖောက်ဖျက်မှုအားလုံးကိုလည်း စစ်ဆင်ရေးဥပဒေဘောင်အတွင်းမှ လုပ်ဆောင်မှုအဖြင့် တရားဝင် အတည်ပြုပေးလျက်ရှိသည်။ ကျူးလွန်ခံရသော အရပ်သားများသည် သောင်းကျန်းသူများ၊ မတရားအသင်းနှင့်ဆက်နွယ်သူများအဖြစ် အမဲစက်ချ၊ ကင်ပွန်းအမျိုးမျိုး ပုဒ်မတပ်ကာ ထပ်ဆင့်ဖမ်းဆီးချုပ်နှောင် တရားရင်ဆိုင်နေကြရသည်။
အနောက်မြောက်တိုင်း(နမခ) လက်အောက်ခံ ခမရ(၁၆)၊ ခလရ(၂၇၂)တပ်ဖွဲ့စစ်ကြောင်းသည် ဖားကန့်မြို့နယ်အတွင်း ထင်တိုင်ကြဲ ကြမ်းကြမ်းရမ်းရမ်းပြုမူလှုပ်ရှားလျက် ရှိသည်။ သြဂုတ်လ(၂၂)ရက်နေ့ ညတွင် ဖြတ်သွားဖြတ်လာအရပ်သားမြင်မြင်သမျှကို ပစ်ခတ်ခဲ့သဖြင့် ဂွေခါကျေးရွာနေ ဦးမျိုးဝင်း(၃၂-နှစ်)၊ ဒေါ်ယဉ်ဝင်း(၄၈-နှစ်)၊ ဦးကျော်မြင့်(၄၂-နှစ်)တို့ ပစ်ခတ်ခံရကာ ဒါဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
အထက်ပါ ဖြစ်ပျက်မှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်နည်းဟု မျှော်လင့်စရာအကြောင်း မရှိ။ ပစ်ခတ်ခံရသူများသာလျှင် ပုဒ်မအမည်နာမတပ်ဆင်ကာ စွဲချက်တင်ခံရမည်။ ကချင်ပြည်နယ်သို့ ၀င်ရောက်ကြမ်းတမ်းနေသော စစ်ကိုင်းတိုင်းမှစစ်ကြောင်း(နမခ)ကိုကချင်ပြည်နယ်အစိုးရက မည်ကဲ့သို့အရေးယူဆောင်ရွက်နိုင်မည်နည်း။ ဦးသာအေးထံ ကန့်ကွက်မည်(သို့မဟုတ်) ဗိုလ်ချုပ်ဇေယျာအောင်ကို ကန့်ကွက်မည်…..ကချင်ပြည်နယ်ဝန်ကြီးချုပ်အတွက် ခေါင်းခဲစရာပင်။ ကချင်ပြည်နယ်တွင် အခြားစစ်တိုင်းမှ စစ်ကြောင်းများ ၀င်ရောက်စိုးမိုးချယ်လှယ်၊ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်နေသည်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်က ကြည်ကြည်ဖြူဖြူခွင့်ပြုနေခြင်းကို တွေ့မြင်ရသဖြင့် အစိုးရအဖွဲ့နှင့် တပ်မတော်အကြား ညှိနှိုင်းဆက်သွယ်နိုင်သောလမ်းကြောင်းမရှိသည်မှာ ထင်ရှားနေသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက “လွှတ်တော်အထက်တွင် မည်သူမျှမရှိ”ဟု ဆိုရာ၊ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း “တပ်မတော်အထက်တွင် မည်သူမျှ မရှိ” ဟု ကြေညာရတော့မည် ဖြစ်တော့သည်။
မြန်မာ့တပ်မတော်၏ မတရားအနိုင်ကျင့်သတ်ဖြတ်ညှဉ်းဆဲမှု ရာစုနှစ်တစ်ဝက်ကျော် ခံနေရသည့် တိုင်းရင်းသားဖိနှိပ်ခံဘ၀မှ မည်သည့်အခြေအနေ၊ မည်သည့်အချိန်အခါမှသာ လွတ်ငြိမ်းခွင့်ရရှိမည်နည်း…။
မနောသန်းနိုင်
၂၇-၈-၂၀၁၂

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .