ကချင်ပြည်နယ် စစ်ဘေးရှောင် စခန်းများတွင် မိုးရွာသွန်းမှုကြောင့် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားနေကြောင်း အထက်ပါ နေရာများသို့ အကူအညီ ပေးရန် သွားရောက်သော အဖြူရောင် တွဲလက်များအဖွဲ့မှ သိရသည်။
ဝမ်းပျက် ဝမ်းလျှော ရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားပြီး သောက်သုံးရေနှင့် အိမ်သာများ လိုအပ်လျက် ရှိကာ ဆေးဝါးများ လိုအပ်နေကြောင်းလည်း သိရ သည်။
ငါနောင်းပါ စစ်ဘေးရှောင် စခန်း တွင် ဆေးခန်း တစ်ခု ရှိပြီး ဆေးခန်း သို့ နေ့စဉ်လာရောက် ကုသလူနာ ၁ဝ ဦးခန့်ရှိကာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားနေ ကြကြောင်း၊ ထို ရောဂါဖြင့်ပင် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး တီဘီ ရောဂါဖြင့် လူကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ၄င်း အဖွဲ့မှ သိရသည်။
အရေးပေါ် လူနာများအား နန်းခမ်းဆေးရုံသို့ ပို့ဆောင် ကုသလျက် ရှိသော်လည်း ဆေးဝါး အထောက် အကူများ လိုအပ်နေဆဲဟု သိရ သည်။
မိုးရာသီ ရောက်ပြီဖြစ်၍ နေထိုင်စရာများ ပိုမို အခက်အခဲဖြစ်နေ ပြီး လူနေ ထူထပ်လာမှုတို့ကြောင့် ကျန်းမာရေး အခြေအနေများမှာ အကူအညီ ပိုမို လိုအပ်နေကြောင်း ၄င်းက ပြောသည်။
အဖြူရောင် တွဲလက်များ အဖွဲ့နှင့် လိုက်ပါသွားသော မဇင်မာအောင်က ”စစ်ဘေးရှောင်စခန်း တွေမှာ လူတွေက စစ်ပွဲပြီးမလား ဆိုပြီး မျှော်လင့်ချက်နဲ့ နေနေကြ ပေမယ့် အခု အနေအထားအရ အခြေအနေတွေ ပိုဆိုးလာတယ်။ မျှော်လင့်ချက်တွေ ပိုမဲ့လာတယ်” ဟု ပြောသည်။
ထောက်ပံ့မှုများတွင် ဆေးဝါး သည် မရှိသလောက် နည်းပါးပြီး ထို အဖွဲ့မှ သွားရောက် အကူအညီပေး ရာတွင် ကျပ်သိန်း ၃ဝ ကျော်နှင့် အဝတ်အထည်၊ ဖိနပ်များနှင့် ဆေး ဝါး အနည်းငယ်သာ ပါကြောင်း၊ စိတ် ဓာတ် ခွန်အားပေးရန် အဓိက ရည်ရွယ်၍ သွားခဲ့ကြောင်း ၄င်းက ပြောသည်။
၎င်းတို့ သွားရောက်ခဲ့သော စစ်ဘေးရှောင် စခန်းများမှာ မန့်ဝိုင်း ကြီးစခန်း ၁၊ မန့်ဝိုင်းကြီးစခန်း ၂၊ ငါနောင်းပါ စခန်း၊ ရန်လုံစခန်းနှင့် လောက်ပိုင်း စခန်းတို့ဖြစ်ကြပြီး စခန်း တိုင်းတွင် ဆေးခန်းတစ်ခုစီ ရှိကြောင်း သိရသည်။
No comments:
Post a Comment