Social Icons

Monday, May 28, 2012

UK က အဝေးရောက် NLD ဘာလဲ၊ ဘယ်လဲ

(မိုးမခမှကူးယူသည်။)

အညာသား မောင်ဝလေး၏ ပေးစာ၊ မေ ၂၈၊ ၂၀၁၂
ယူကေရောက်တဲ့ ဗမာပြည်သားတွေ အဝေးရောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ပြီး တည်ဆောက်ခဲ့တာ ဒီနေ့ဆိုရင် ငါးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။  ငါးနှစ်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဝေးရောက်ယူကေရဲ့ မျက်မှောက် အခြေအနေကို တစေ့တစ်စောင်း ပြန်ပြောင်းပြီး ကြည့်ကြရအောင်ပါ -
၉၀ ခုလွန်ကာလ မိမိယူကေစရောက်ပြီး ဝေလနယ်မြေကနေ ယူကေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထောင်ပါရစေ ခွင့်တောင်း လိုက်တော့ ”ယူကေအစိုးရဟာ ဗမာ့နိုင်ငံရေးမှာ အရေးပါလို့မို့ အဖွဲ့မထောင်ဘဲ ပံ့ပိုးရေးဘဲ လုပ်ဆောင်ပေးပါဆရာ” ဆိုလို့ ယူကေရှိ ဒီမိုကရေစီ ဘက်တော်သားတွေ၊ တိုင်းရင်းသား ညီအစ်ကိုတွေ ပူးပေါင်းပြီးတော့ အဝေးရောက် အစိုးရ (NCGUB) ရဲ့ ညွန်ကြားမှုအောက်က တစ်နိုင် တစ်ပိုင်ပဲလုပ်ခဲ့ပါတယ်။
ဒီလိုနဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အဝေးရောက် ဌာနချုပ် (ထိုင်းဗမာနယ်စပ်) အခြေကျလာသလို နိုင်ငံတကာ အဖွဲ့ခွဲတွေလဲ တစ်စပြီးတစ်စ ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာတစ်ခွင်မှာ ဗမာ့နိုင်ငံရေးဟာပိုမိုပြီး ရေပန်းစားလာသလို ယူကေမှာလည်း ဗမာဆိုရင် အရင်က မသိခဲ့ကြပေမယ့် ၂၀ရာစုအလယ်မှာတော့ တော်တော်လေး ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ၂၀၀၇ အလယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဝေးရောက်ဌာနချုပ်က ထိုင်းဗမာနယ်စပ်ကနေ ယူကေအဖွဲ့ခွဲကို ဦးဆောင်ပြီး ဖွဲ့ပေးပါဆိုလို အဲဒီနှစ် မေလ၂၇မှာ ရှိတဲ့လူနဲ့ ဖြစ်အောင် ဖွဲ့ခဲ့ကြပါတယ်။
            ဖွဲ့စဉ်တုံးက ဆယ်ဂဏန်းသာရှိခဲ့တဲ့ ယူကေဌာနခွဲဟာ ဗမာတွေ တိုင်းရင်းသားတော်တော်များများ ပါဝင်ပြီး ရောက်တဲ့အရပ်မှာ တတ်နိုင်သလောက် တာဝန်တွေ ကျေကျေပြွန်ပြွန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဗြိတိသျှအစိုးရရဲ့ နိုင်ငံခြားရေးနှင့် ဓနသဟာယဌာန (FCO) Prospect Burma, Burma Campaign UK, Christian Solidarity Worldwide, Amnesty International, All Party Parliamentary Group, Tibet နှင့် တိုင်းရင်သားအဖွဲ့အစည်းတွေနဲ့ စုစုစည်းစည်းတိုက်ပွဲဝင်ကြတာမှာ ဆန္ဒပြပွဲတွေ၊ လက်မှတ်ထိုး campaign တွေ၊ လူထုလမ်းလျှောက်ပွဲတွေ၊ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ရံပုံငွေရှာတဲ့အစားအသောက် ရောင်းချပွဲတွေ၊ နေ့ထူးနေ့မြတ်တွေမှာ အမှတ်တရပွဲတွေကို ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။ ဒီကာလတွေကို ကြံ့ကြံ့ခံပြီး တစ်ပိန်ပိန် တစ်လိမ်လိမ်နဲ့ ခရီးကြမ်းကို ရေဆန်ကိုလှော်၊ လေဆန်ကို ပြန်ပြီး ခရီးထွင်ခဲ့ကြတာ ၅နှစ်တာခရီး တင်းတင်းပြည့်ခဲ့ပါပြီ။
         ငါးနှစ်သားအရွယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွတ်မြောက်နယ်မြေ ဘယ်မှာလဲ ဘာတွေ လုပ်နေပြီလဲ?  ငါးနှစ်သားဟာ အခုဆိုရင် ငါးနှစ်သားရဲ့ အတိုင်းအတာနဲ့အမျှ ဒူပေဒါပေခံခဲ့ကြတဲ့ အတွေ့အကြုံတွေနဲ့ အခုဆိုရင် ရာဂဏန်းမျှသော အဖွဲ့ဝင်အရေအတွက်နဲ့အတူ ယူကေရဲ့ နိုင်ငံရေးပလက်ဖောင်းမှာ တော်ရာတန်ရာ နေရာကို ရောက်ခဲ့ပါပြီလို့ဆိုရပါမယ်။
လစဉ်လို ကျင်းပခဲ့တဲ့ နိုင်ငံရေး စီစဉ်ဆောင်ရွက်မှု အစည်းအဝေး (Political Strategic Committee Meeting) ဗြိတိသျှအစိုးရရဲ့ FCOက ကျင်းပခဲ့တဲ့ Burma Brefing ပွဲတွေမှာ မှန်မှန်တက်ရောက် ဆွေးနွေးခဲ့သလို ထိုင်းဗမာနယ်စပ်မှာ အခြေစိုက်တဲ့ “မင်းမဟော်” ပညာရေးဖောင်ဒေးရှင်း ကို မှန်မှန်ထောက်ပံ့ခဲ့တာ သုံးနှစ်ရှိပါပြီ။ အဲဒီက ကျောင်းသားတွေ နိုင်ငံတစ်ကာတက္ကသိုလ်တွေမှာ တက်ရောက်ပြီး ပညာတွေ သင်ကြားနေကြပါပြီ။
တိုင်းရင်းသားများရဲ့ ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေးနေ့၊ ဒေါ်စုမွေးနေ့ပွဲတွေကို ဦးဆောင်ကျင်းပခဲ့သလို ဗုဒ္ဓရဲ့ အမွေနှင့် ရိုးရာယဉ်ကျေးမှုတွေ ဖြန့်ဝေပေးတဲ့ သာသနရံသီဝိဟာရမှာလည်း သာရေး၊ နာရေးတွေ ဆောင်ရွက် လျက်ရှိပါတယ်။ ဥရောပသမဂ္ဂ၊ ဥရောပဘုံဈေး၊ ကုလသမဂ္ဂ၊ အာစီယံတွေနဲ့ ဆက်သွယ်ခဲ့ကြသလို မြန်မာသံရုံး ဗြိတိသျှဝန်ကြီးချုပ်ရုံး၊ ဂျာမန်သံရုံး၊ ကိုရီးယာသံရုံးနဲ့ တရုပ်သံရုံးတွေမှာလည်းဆန္ဒပြပွဲတွေ ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။
         ငါးနှစ်သား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေယူကေအဖွဲ့ရဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ ရှေ့ခရီးစဉ်ရည်မှန်းချက်တွေဟာ ဘာတွေလဲ?
လွတ်မြောက်နယ်မြေ စတင်တည်ထောင် စီစဉ်ကတည်းက ရည်ရွယ်ခဲ့တဲ့ မိခင်အဖွဲ့ချုပ်မလုပ်ဆောင်နိုင်တာတွေကို ပြည်ပမှာ ပြင်ပကမ္ဘာ့သူ ကမ္ဘာသားတွေနဲ့ လက်တွဲပြီး မိခင်အဖွဲ့ချုပ်ရဲ့ လမ်းညွန်မှု၊ ညွှန်ကြားချက်၊ ပေးအပ်တဲ့တာဝန်တွေကို ဦးလည်မသုန် ဆောင်ရွက်ပြီး  စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကြီးပေါ်ပေါက်ရေး၊ လူ့အခွင့် အရေးရရှိသည်အထိ အရိုးကျေကျေ အရေခမ်းခမ်းနဲ့ တော်လှန်ရေးတာဝန်များကို ဦးလည်မသုန် ဆောင်ရွက်မည့် သန္နိဌာန်ဖြင့် ဆက်လက်လျှောက်လှမ်းနေပါသည်ဟု အစီရင်ခံအပ်တင်ပြပါသည်။
(မိုးမခမှတ်ချက် – လက်ခံရရှိသောပေးစာ၏ ခေါင်းစဉ်ကို မိုးမခက ပြောင်းထားပါသည်)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .