ရှေ့တန်းရောက်ရဲဘော်များ၏ ကံအကျိုးပေးမှု မတူညီကြချေ။ အချို့မှာ သေနတ်ထမ်းစရာမလိုဘဲ အရာရှိများ၏ ကျေးကျွန် သဖွယ် လိုက်ပါကြရသည်။ အချို့တပ်မိသားစု၏ဘ၀မှာ ငွေကြေးစည်းစိမ် ပြည့်စုံသွားကြသကဲ့သို့ အချို့မှာ မိသားစု ဘ၀ ပျက်စီးသွားကြလေပြီ။
အချို့တပ်ဖွဲ့များ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သစ်မှောင်ခိုသမားများထံမှ ငွေကြေးမြောက်များစွာ လက်ခံရရှိသူများလည်း ရှိသည်။ တပ်ဖွဲ့ဝင်များအကြား ရာထူး၊ အဆင့်အလိုက် ၎င်းငွေကြေးများကို ခွဲဝေယူကြရာ အချို့တပ်သားများ ဝေစုကို မကျေနပ်မှုများပေါ်ပေါက်၍ ပြဿနာများ ဖြစ်ပွားကြကြောင်း တပ်ပြေးများမှတဆင့် သိရှိရသည်။ တပ်မ(၉၉)မှ နည်းဗျူဟာ အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးလှမြင့် ဦးစီးသော စစ်ကြောင်းသည် သစ်မှောင်ခိုသမားများမှ ငွေကြေးသိန်း(၈၀၀)ခန့် ရကြောင်း သိရှိရသည်။
မှောင်ခိုလမ်းကြောင်းနှင့် တရုတ်နယ်စပ် ကုန်သယ်ယူရာ လမ်းကြောင်းတွင် တာဝန်ကျသော တပ်ဖွဲ့ဝင် များသည် ကုန်ကားများ၊ ကယ်ရီဆိုင်ကယ်သမားများထံမှ ငွေကြေးများကို အတင်းတောင်းယူကြသည်။ ငွေကြေးမပေး နိုင်သောသူများကို အနည်းဆုံး ရိုက်နှက်ခြင်း၊ အဆုံးတွင် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းကို မကြခဏပြုလုပ်လေ့ရှိသည်။ မေလဆန်းပိုင်းတွင် တာပဒေါင်းကျေးရွာမှ မြစ်ကြီးနားသို့ ဆိုင်ကယ်စီး သွားသော လီဆူတိုင်းရင်းသား(၂)ဦးထံမှ ငွေတောင်းရာ၊ ပေးစရငွေ မရှိကြောင်း ပြောဆိုသဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း အလောင်းမြုပ်နှံပေးသော ဒေသခံများမှ ကြားသိရသည်။
ငွေကြေးတောင်းယူနိုင်သည့် အခွင့်အရေးမရရှိသည့် တပ်ဖွဲ့များသည် ကျေးရွာသို့ ၀င်ရောက်သည်နှင့် ဈေးဆိုင် များ၊ လူနေအိမ်သို့ အလုအယက်ပြေးဝင်ကာ ငွေကြေး များ၊ တန်ဖိုးရှိသော အတွင်းပစ္စည်း လက်ဝတ်ရတနာ များကို လုယက်ယူငင်ကြသည်။ ခရစ်ယာန်ဘာသာဝင် များ၏ နေအိမ်ရှိ အလှူတော်သေတ္တာများ ဖျက်ဆီး၍ အလှူငွေများကို ယူငင်သွားကြသည်။ တပ်ဖွဲ့ဝင်များ စိတ်တိုင်းကျ ပစ္စည်းများယူငင်ပြီးလျှင် ၎င်းနေအိမ်များကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ သယ်ဆောင် သွားရန်ခက်ခဲသော ပစ္စည်းများကို ရွာသားများ ပြန်လည်အသုံးမပြုနိုင်ရန် ဖျက်ဆီးပစ်ကြသည်။
အချို့တပ်သားများသည် ၎င်းတို့၏ ဇနီးမယားများ၊ သားသမီးများ ၀တ်ဆင်နိုင်မည့် အ၀တ်အထည်များ အသုံးအဆောင်ပစ္စည်း များကို ယူဆောင်ကြသည်။ ၎င်းတို့၏ သားသမီးများအတွက် ဗလာစာအုပ်များ၊ ကွန်ပါဘူး၊ ခဲတံ၊ ကစားစရာအရုပ်အထိ ယူငင်ကြသည်။ ၎င်းပစ္စည်းများကို တိုက်ပွဲ၌ ကျဆုံးသွားသော စစ်သားများ၏ ကျောပိုးအိတ်များတွင် မြင်တွေ့ရ၍ မိဘချင်း စာနာသနားမိကြောင်း KIA တပ်ဖွဲ့ဝင်များ ပြောဆိုနေကြသည်။ ဤကဲ့သို့ ပြုမှုများကြောင့်လည်း အစိုးရစစ်သားများသည် တိုက်ပွဲတွင် ထိခိုက်ကျရှုံးမှုများနှင့် ရင်ဆိုင် နေရသည်။
ရှေ့တန်းမှပြန်လာသော တပ်ဖွဲ့ဝင်တို့သည် လုံခြုံစိတ်ချသောဒေသသို့ ရောက်ရှိလျှင် “မသေတော့ဘူး ဟေ့ ” ဟူ၍ အော်ဟစ်သွားကြသည်ကို လားရှိုးမြို့ခံများ ကြားသိရကြောင်း သတင်းရရှိသည်။ ၎င်းတို့ စီးနှင်းလိုက်ပါသော ကားများပေါ်တွင် အသစ်မဟုတ်သည့် ဆိုင်ကယ်များ၊ စက်ဘီးများ၊ ဘီဒိုများ၊ ဆိုဖါထိုင်ခုံများ၊ အိမ်သုံးပစ္စည်းများကို သယ်ဆောင်သွားကြသည်။ ၎င်းပစ္စည်းများသည် ကျေးရွာများမှ လုယက်ယူသောပစ္စည်းများ ဖြစ်သည်။ ဤသည်မှာ မြန်မာ့တပ်မတော်သားများ တိုင်းရင်းသားဒေသ တခွင်တွင် ဓါးပြတိုက်၊ ဆက်ကြေးကောက်ယူမှု၊ လူ့အခွင့်အရေးချိုးဖေါက်မှုတို့ကို ထင်ဟတ်ပြသ နေခြင်း ဖြစ်သည်။
အချို့သော ရဲမေများ(စစ်သား၏ဇနီး၊ မယား၊ ကတော်)သည် ရှေ့တန်းမှ ပြန်ရောက်လာသော တပ်ဖွဲ့ များအကြား ပြန်ပါမလာသော မိမိ၏လင်ယောင်္ကျားကို ရှာဖွေနေကြသည်ကိုလည်း စိတ်မကောင်းစွာ ကြားသိရသည်။ အချို့မှာမူ ခြေပြတ်၊ လက်ပြတ်၊ ဒါဏ်ရာပြင်းပြင်းထန်ထန်ရကာ ရပ်ဝေးဆေးရုံများ တွင် ကျန်ရစ်ခဲ့ကြောင်း သတင်းဆိုးကို ကြားရသောအခါ ၀မ်းသာတ၀က်ဖြင့် စိတ်ဖြေသိမ့်နေကြရ ကြောင်း၊ တပ်ရင်းအမှတ်(——)မှ ရဲမေတစ်ဦး KIA တပ်စခန်းသို့ ၎င်းလင်ယောင်္ကျား၏ သတင်းကို စုံစမ်းစဉ် အသိပေးလာကြောင်း သိရှိရသည်။
ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွါးနေသရွေ့ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖေါက်မှု ဆက်လက်ဖြစ်ပွါးနေပြီး၊ စစ်သားများ၏ မိသားစုဘ၀မှာလည်း ဤသို့သာ……..
မနောသန်းနိုင်
၃၀-၅-၂၀၁၂
No comments:
Post a Comment