Social Icons

Friday, December 7, 2012

မြန်မာ့အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်နှင့် အင်တာဗျူး (အပိုင်း -၂)

``ဗမာပြည်မှာရှိတဲ့ လူအများစုအတွက် ပြုပြင်ပြောင်းလဲမှုတွေက အကျိုးမရှိတဲ့အပြင် အကျိုးတောင်ယုတ်တယ်လို့ လက်ရှိအနေအထားအရ မြင်နေရတယ်´´


ဉာဏ်လင်းမေးမြန်းသည်

(မကြာမီ ထွက်ရှိလာတော့မည့် မော်ကွန်းမဂ္ဂဇင်း အမှတ် ၃ တွင်ပါရှိသော အင်တာဗျူးမှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)


MAWKUN: ကချင်ပြည်နယ်မှာ စစ်ပွဲတွေက အခုထိဖြစ်နေတုန်း။ KIA နဲ့ မြန်မာအစိုးရနဲ့ အခုထိ ငြိမ်းချမ်းရေးမရနိုင်သေးတဲ့ နောက်ကွယ်မှာ ဘယ်လိုအချက်တွေရှိမလဲဗျ။


 Dr. Zarni: ဗမာအစိုးရက ငြိမ်းချမ်းရေးယူချင်တာမှ မဟုတ်ဘဲနဲ့။ ကချင်က သာမန်လူမျိုးစုလေးမဟုတ်ဘူး။ ကချင်က ကျွန်တော်တို့ ခေတ်သစ်နိုင်ငံကြီးကို ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့နဲ့ အားလုံးပေါင်းပြီးတော့ နိုင်ငံကို အတူတူထောင်မယ် ဆိုပြီးတော့ ထောင်ခဲ့တာ။ နောက်တစ်ခု သမိုင်းအရကြည့်မယ်ဆိုလို့ရှိရင် သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းကိုယ်တိုင် ပြောသွားတာရှိတယ်။ ကချင်ပြည်နယ်ဟာ ဘယ်တုန်းကမှ မြေပြန့်က ဗမာတွေရဲ့ လက်အောက်မှာ မရှိခဲ့ဘူး။ ကချင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်လို့၊ လေးစားလို့ (လွတ်လပ်ရေး) အတူတူတောင်းမယ်ဆိုပြီး တော့ တောင်းခဲ့တာ။

အဲလိုလူမျိုးစု၊ အဖွဲ့အစည်းတစ်ခုကို ဗမာစစ်တပ်မှာရှိတဲ့ ခေါင်းဆောင်တွေက တမင် နှစ်ပေါက်၊ တစ်ပေါက်ရိုက်ပြီးတော့ ကျုံးသွင်းတာ။ ပြီးတော့ ကချင်အထဲမှာ အကျင့်စာရိတ္တမခိုင်တဲ့၊ လောဘကြီးတဲ့သူတွေကို မွေးထားပြီးတော့ ကချင်တွေကို စီးပွားရေးအရ ကျုံးသွင်းဖို့လုပ်တာ။ Border Guard Force ပေါ့နော်။ အဲဒါကို ဟိုဘက်က လက်မခံလို့ ဒီလိုဖြစ်တာ။ အားလုံးထဲမှာ ကိုယ့်နိုင်ငံက ခွဲထွက်မယ့် ဘယ်လူမျိုးစုမှမရှိဘူး။

သူတို့(အစိုးရ)က တမင် အသာစီးယူပြီးတော့ သူတို့ လုပ်ချင်တာလုပ်လို့ရတဲ့ဟာမျိုးကို ငြိမ်းချမ်းရေးလို့ခေါ်တယ်။ သူတို့လုပ်ချင်တာလုပ်လို့မရတဲ့အနေအထားမျိုးမှာ သူတို့က စစ်ကို ပေပြီးတော့ တိုက်တယ်။ ကချင်ကို တိုက်နေတာက ပြည်ထောင်စုရဲ့ သစ္စာကို လုံးဝစော်ကားတာလို့ ကျွန်တော်က မြင်တယ်။

နောက်တစ်ခုက ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေ နေတဲ့နေရာတွေမှာ ရှမ်းပြည်ပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်၊ နောက်ဆုံးဗျာ ရခိုင်ပြည်လိုနေရာမျိုးမှာ လက်ရှိပြုပြင်ပြောင်းလဲရေးဆိုတာတွေဟာ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေဟာ ဒုက္ခရောက်ပြီးတော့၊ အသက်အိုးအိမ်စည်းစိမ် ပျက်စီးတာကလွဲလို့ရှိရင် သူတို့အတွက်က ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာအကျိုးမှမရှိဘူး။ ဒီကိစ္စက တိုင်းရင်းသားဒေသတွေတင်မကဘူး။

ကြေးစင်တောင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် လယ်သမားတွေဟာ ထောင်နဲ့ သောင်းနဲ့ချီပြီး ဒုက္ခရောက်ကြတယ်ဆို တော့ ပြုပြင်ပြောင်းလဲရေးတွေက ဗမာပြည်မှာရှိတဲ့ လူအများစုအတွက် ပြုပြင်ပြောင်းလဲမှုတွေက အကျိုးမရှိတဲ့အပြင် အကျိုးတောင်ယုတ်တယ်လို့ လက်ရှိအနေအထားအရ မြင်နေရတယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲရေးလုပ်တဲ့ကာလကို ကျွန်တော့်အနေနဲ့ အလွန်ကိုသံသယရှိတယ်။

MAWKUN: ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နော်ဝေပါဝင်ပတ်သက်နေတာကို ဘယ်လိုမြင်လဲခင်ဗျ။ နိုင်ငံတကာမှာကော သူတို့တကယ် စွမ်းဆောင်နိုင်တာရှိလားခင်ဗျ။ နောက်ကွယ်မှာ ဘယ်လိုအကျိုးစီးပွားတွေ ရှိတတ်ကြသလဲ။

Dr. Zarni: နော်ဝေက ဗမာပြည်ထဲကို ၀င်လာတာက ရှင်းရှင်းလေး။ နော်ဝေ ၀င်လိုက်တဲ့ နိုင်ငံတိုင်းမှာ ငြိမ်းချမ်းရေး ပီပီပြင်ပြင်ရသွားတဲ့ နိုင်ငံဆိုတာမရှိဘူး။ ပါလက်စတိုင်းနဲ့ အစ္စရေးကိစ္စကိုကြည့်မယ်ဆိုရင် ၁၉၉၅ မှာ ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ်တို့နဲ့ အော်စလိုငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီးတော့ နော်ဝေကလုပ် တယ်။ စာချုပ်တချို့ ချုပ်လိုက်တယ်။  ဒါပေမဲ့ ဒီနေ့အထိ အစ္စရေးနဲ့ ပါလက်စတိုင်းနဲ့ ဂါဇာမှာချနေတုန်းပဲ။ ဆိုလိုတာက အော်စလို (နော်ဝေ) ၀င်လုပ်လိုက်လို့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရသွားတယ်ဆိုတာမရှိဘူး။

အာရှတိုက်ကို ၀င်လာတဲ့ အခါကျတော့လည်း နော်ဝေ ၀င်လာလို့ ငြိမ်းချမ်းရေးရသွားတယ်ဆိုတာ ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူး။ ခင်ဗျား သီရိလင်္ကာနိုင်ငံကို ကြည့်လိုက်ဗျာ။ သီရိလင်္ကာ၊ ကိုလံဘိုမြို့မှာ ဗုဒ္ဓဘာသာအမည်ခံထားတဲ့ ကိုလံဘိုအစိုးရနဲ့ ခရစ်ယာန်အများစုဖြစ်တဲ့ ကျားသူပုန်အဖွဲ့နဲ့တိုက်ကြတဲ့ကိစ္စ။ (နောက်ဆုံး) ကျားသူပုန်တွေ လက်နက်ချ ပြီးတဲ့အခါမှာ (အစိုးရတပ်က) သတ်ပစ်တာ အစုလိုက်၊ အပြုံလိုက်။ နော်ဝေကလည်း ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးလုပ် ချင်တဲ့ နိုင်ငံတစ်နိုင်ငံပဲ။

အကျိုးအမြတ်ရဖို့အတွက်လာတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ သိဖို့ရာက နိုင်ငံခြားက ၀င်လာတယ် ဆိုရင် စီးပွားရေးသမားပဲဝင်ဝင်၊ နိုင်ငံရေးသမားပဲဝင်ဝင်၊ ဘယ်သမ္မတပဲလာလာ သူတို့အကျိုး စီးပွားအတွက်လာတာ။ ကျုပ်တို့နိုင်ငံကြီး လမ်းပွင့်သွားဖို့တို့၊ ကျုပ်တို့နိုင်ငံကလူတွေ ထမင်းနပ်မှန်အောင် စားဖို့တို့၊ ရှေ့မှာ စီးပွားရေးတွေ ကောင်းလာဖို့အတွက်လာတာမဟုတ်ဘူး။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ တစ်နပ်မှ အလကားစားရတဲ့ထမင်း၊ တစ်ခွက်မှ အလကားသောက်ရတဲ့ လက်ဘက်ရည်ဆိုတာမရှိဘူး။ ကျုပ်တို့ကို ချစ်လို့လာတာ တစ်ကောင်မှမရှိဘူး။

MAWKUN: ရခိုင်ကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ဘယ်လိုမြင်လဲခင်ဗျ။

Dr. Zarni: အစိုးရက နောက်ကွယ်မှာ ပါတဲ့အနေအထားလို့ ကျွန်တော်သုံးသပ်လို့ရတယ်။ မေလထဲမှာ ရခိုင်အမျိုးသမီး ဗလက္ကာရအပြုခံရပြီး အသတ်ခံရတယ်။ နောက် ဗမာသတင်းစာတွေထဲမှာ ပါတာကလည်း ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို မူဆလင်ဘာသာဝင်သုံးယောက်က ဗလက္ကာရကျင့်ပြီးတော့ ရက်ရက် စက်စက် သတ်လိုက်တယ်ဆိုတဲ့ သတင်းပါတယ်။

အဲဒီသတင်းထွက်လာပြီးတဲ့အခါ တောင်ကုတ်ဘက်မှာ မူဆလင်ဆယ်ယောက်လောက်ကို လူ ၃၀၀ လောက်က သတ် လိုက်တယ်ဆိုတော့ စဉ်းစားကြည့်။ အစိုးရပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အစိုးရနဲ့ မကင်းတဲ့ အဖွဲ့ရဲ့ လက်ချက်ပါနေတယ်လို့ ကျွန်တော်မြင်တယ်။

ရခိုင်တွေနဲ့ မူဆလင်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေတဲ့ အသိုင်းအ၀ိုင်းရှိတယ်။ ကျောက်နီမော်လိုနေ ရာမျိုးကိုကြည့်လိုက်။ ဆွေစဉ်မျိုးဆက်နေလာတာ။ ဘာမှ ပြဿနာမရှိဘူး။ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ မူဆလင်တွေ -ဘင်္ဂါလီပဲခေါ်ခေါ်၊ ရိုဟင်ဂျာပဲခေါ်ခေါ် - တစ်ယောက်နဲ့တစ်ယောက် ရိုက်နေကြတာ၊ ခုတ်နေကြတာ မရှိခဲ့ဘူး။ အဲလို အနေအထားမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ရက်ရက်စက်စက်လုပ်လာကြအောင် ဘယ်သူက နှပ်ကြောင်းပေး လိုက်တာလဲ။ အဲဒီနှပ်ကြောင်းပေးလိုက်တဲ့အထဲမှာ အစိုးရက ဘယ်အတိုင်းအတာထိပါသလဲ။

နောက်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တဲ့အခါမှာ ဦးသိန်းစိန်က ကုလသမဂ္ဂကို မိန့်ခွန်းပြောတဲ့အခါမှာ ဒီ၂၇ ယောက်ဟာ တိုင်းပြည်ရဲ့ မျက်နှာဖုံးတွေဖြစ်တယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့ စုံစမ်းရေးကော်မရှင်ကို ပထမဆုံးဖွဲ့တဲ့နေ့ကတည်းက အစိုးရက ဘာမှပီပီပြင်ပြင် အကူအညီမပေးခဲ့ဘူး။ ရုံးလည်းမပေးခဲ့ဘူး။ ငွေလည်းမပေးခဲ့ဘူး။ တောင်းဆိုထားကြတဲ့ လုံခြုံရေးအရာရှိတွေနဲ့လည်း ပီပီပြင်ပြင်တွေ့ခွင့်မပေးဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကြီးက အခုကျတော့ ကိုဇာဂနာတို့၊ ကိုအောင်နိုင်ဦးတို့၊ နောက်တစ်ခါ ဒေါက်တာအန်ဒရူးဆိုတဲ့ ချင်းလူမျိုးဥပဒေပညာရှင်တို့ဟာ ဘာမှ ပီပီပြင်ပြင်လုပ်နိုင်တဲ့ အနေအထားမျိုးမရှိတော့ဘူး။ နောက်တစ်ခုက စုံစမ်းစစ်ဆေးရေးလုပ်တယ်ဆိုတာက အနောက်က ဖိအားတွေဝင်မလာ အောင်လုပ်တာဖြစ်မယ်။

ဒီလူမျိုးရေးပြဿနာက အစိုးရဘက်က တစ်နည်းတစ်ဖုံနဲ့ နိုင်ငံရေးကို ကစားတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော် အပြင်ကနေပြီးတော့ သားပုပ်လေလွှင့် စွပ်စွဲတာမဟုတ်ဘူး။ နောက်ပြီးတော့ စဉ်းစားမယ်ဆိုလို့ရှိရင် လူမျိုးရေး အရေး အခင်း စဖြစ်ကတည်းက သမ္မတဦးသိန်းစိန်ရဲ့ စကားတွေက လေး၊ ငါးခါလောက် အမျိုးမျိုး စကားလမ်းကြောင်းတွေ က ပြောင်းသွားတယ်။

ကုလသမဂ္ဂမဟာမင်းကြီး လာတဲ့အခါကျတော့ ဒီဘင်္ဂါလီတွေဟာ ကျွန်တော်တို့နိုင်ငံကဟာတွေ မဟုတ်ပါဘူး။ တရားမ၀င် ခိုးဝင်လာတဲ့သူတွေပါ။ သူတို့ကို တခြားနိုင်ငံကို ပို့ချင်ပို့၊ ဒါမှမဟုတ်ရင်လည်း တစ်နေရာမှာ ဒုက္ခသည်စခန်းဆောက်ပြီး တော့ ကျွေးထားပါလို့ပြောတယ်။

နောက်တစ်ခါ VOA နဲ့ အင်တာဗျူးတဲ့အခါကျတော့ လေသံကပြောင်းသွားတယ်။ မဟုတ်ဘူးတဲ့၊ ကျွန်တော်တို့ စစ်ဆေးပြီး ပါပြီတဲ့။ အများစုကကျတော့ ကျွန်တော်တို့နိုင်ငံမှာရှိပြီးသား၊ ကျွန်တော်တို့နိုင်ငံသားတွေပါတဲ့။ နောက်မှ ၀င်လာတဲ့လူက အလွန်နည်းပါတယ်ဆိုပြီးတော့ ပြောထားတယ်။

ကျွန်တော်ပြောချင်တာက သမ္မတလိုပုဂ္ဂိုလ်ကြီးကတောင် မျိုးစုံပေါ့ဗျာ။ ဒီကွေ့မှာ ဒီတက်နဲ့လှော်ဆိုတဲ့ ပုံစံမျိုးနဲ့။ အဲဒါတွေ ကို ကြည့်ပြီးတော့ ကျွန်တော်ထင်တယ်။ နေပြည်တော်က မရိုးမသားနဲ့ ၀င်ပြီးတော့ ပါတယ်လို့ထင်တယ်။ ၁၉၆၇ မှာလည်း တရုတ်-ဗမာအရေးအခင်းကို သူတို့ ဖန်တီးခဲ့တယ်။ အမျိုးမျိုးပေါ့ဗျာ။

သမ္မတအကြံပေးလုပ်နေတဲ့ ဒေါက်တာကျော်ရင်လှိုင် ကတောင်မှ သူစာရေးထားတဲ့အထဲမှာရှိပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်တို့ပြုတ်သွားပြီးတဲ့နောက်ပိုင်းမှာ မူဆလင်အရေးအခင်း ကို ဖန်တီးဖို့ ထောက်လှမ်းရေးဘက်က လုပ်တယ် ဆိုတဲ့စကားတွေ။ ဒေါက်တာကျော်ရင်လှိုင် ကိုယ်တိုင်က ရေးထားတာ ဆိုတော့ နေပြည်တော်ကလူတွေကို ကျွန်တော်က လုံးဝအယုံအကြည်ကို မရှိဘူး။

ဒီလူတွေက အာဏာရရေးအတွက် တစ်ယောက်နဲ့ တစ်ယောက် တည်ပေးတာ၊ တို့ပေးတာတွေလုပ်ခဲ့ကြတယ်။ အောက်ခြေက လူတွေမတည့်မှ ယာလည်းညက်စေ၊ ကြက်လည်း ပန်းစေဆိုတဲ့ အနေနဲ့ ကြက်ကိုလည်းဖမ်းမယ်၊ ယာကိုလည်း ထွန်ပြီးသားဖြစ်သွားမယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော်မြင်တယ်။

(ဆက်လက်ဖော်ပြပါမည်)
(share by  :
Yangon Press International)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .