by
Kdng
Kachin on Sunday,
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့
မေလ၊ ၂၁၊ ၂၀၁၂
တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) မှ လုပ်ဆောင်နေသော မြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချမှုရှိသည့်အပြင် အကျိုးရလာဒ်များစွာ ရှိကြောင်းကို သက်သေပြရန်အတွက် နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့(ICOLD) သည် မြစ်ဆုံရေကာတာအပေါ် “လွတ်လပ်သော” စစ်ဆေးမှုကို ယခုလက်ရှိတွင် လုပ်ဆောင်လျှက်ရှိသည့်အကြောင်း တရုတ်သတင်းဌာနမှ ပြီးခဲ့သည့်အပတ်တွင် သတင်းထုတ်ပြန်လိုက်သည်။ ထိုလေ့လာမှု၏ အဓိက ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းမှ ဆိုင်းငံ့ထားသည့် စီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် တွန်းအားပေးရန် ကြိုးပမ်းနေခြင်းသာ ဖြစ်နိုင်ချေများသည်။
နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့(ICOLD) ၏ အဖွဲ့ဝင်လည်းဖြစ်ပြီး တရုတ်နိုင်ငံ အကြီးစာရေကာတာစီမံကိန်း ကောမရှင်မှ ရှောင် ဇင်ပင်း(Xu Zeping) ၏ ပြောကြားချက်အရ မြန်မာနိုင်ငံရှိ ပြည်သူလူထုများရဲ့ သံသယစိတ်များကို ပယ်ဖျောက်ရန်အတွက် ဤမြစ်ဆုံရေကာတာ စီမံကိန်းကြီးသည် လက်ရှိတွင် တတိယပါတီမှ စစ်ဆေးမှု ပြုလုပ်နေသည်ဟုဆိုသည်။ ဤလေ့လာမှုသည် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများအားလုံးကို လေ့လာသုံးသပ်သွားမည်ဖြစ်သည်။
“လွတ်လပ်သော စစ်ဆေးသုံးသပ်မှု”ဟု ပြောနေသည့် ကြားမှပင် အဖွဲ့ဝင်ပေါင်း ၉၀ နိုင်ငံပါဝင်သော နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) သည် ရေကာတာဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းများ၏ အဓိက စည်းရုံးလှုံ့ဆော်ရေးလုပ်နေသော အဖွဲ့ဖြစ်သည့်အပြင် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) နှင့် အလွန်ရင်းနှီးကျွမ်းဝင်မှုရှိသော အဖွဲ့ဖြစ်နေသည်။ ဤအဖွဲ့သည် ပြင်သစ်နိုင်ငံ ပဲရစ်(စ်)မြို့တွင် အခြေစိုက်ပြီး လက်ရှိ ဥက္ကဌမှာ တရုတ်နိုင်ငံမှဖြစ်သည်။
ရေကာတာကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများအပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသောကြောင့် မြန်မာနိုင်ငံ သမ္မတကြီးသည် "ပြည်သူလူထုဆန္ဒ" ကြောင့်ဟုဆိုကာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် မြစ်ဆုံရေကာတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ် လေ့လာချက် (EIA) အရ ]ဤရေကာတာစီမံကိန်းကို လုံးဝမဆောက်သင့်ကြောင်း အကြံပြုခဲ့သည်။
“ဘယ်လိုလုပ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကာတာလုပ်ငန်းအဖွဲ့က လွတ်လပ်စွာ လေ့လာမှုတွေ ပြုလုပ်ဆောင်နိုင်မလဲ” ဟု ကချင်လူမှုဖွံ့ဖြိုးရေကွန်ယက်အဖွဲ့မှ ဆိုင်းမိုင်မှ ပြောသည်။ “ဒီဟာလည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က မြန်မာပြည်သူတွေရဲ့ဆန္ဒကို ပယ်ဖျက်ဖို့ လုပ်ဆောင်တဲ့ ဗျူဟာ တခုပဲ။”
တရုတ်သတင်းဌာနများ၏ အဆိုအရ တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) မှ ကိုယ်စားလှယ်များသည် မြစ်ဆုံရေကာတာ ဆိုင်းငံ့ထားမှုကို တရားဝင်ရုတ်သိမ်းပေးရန် မြန်မာအစိုးရနှင့် အကြိမ်ကြိမ်းတွေ့ဆုံခဲ့သည့်အပြင် ပြီးခဲတဲ့လတွင်လည်း ကုမ္ပဏီကိုယ်စားလှယ်များမှ ပြောင်းရွှေ့ခံ ရွာသားများဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး မြစ်ဆုံရေကာတာမှ ကောင်းကျိုးများ ခံစားကြရမည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြသည်။
တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်ပြည်သို့ လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်နှင် ယင်းမြစ်လက်တက်များတွင် ရေကာတာ ၇ ခုကို အဓိကလုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်။
နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) သည် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) အဖွဲ့အပါအ၀င် နိုင်ငံတကာ ရေအားလျှပ်စစ်ကုမ္ပဏီများနှင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဝင်ဖြစ်သည်။ လက်ရှိ နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) ဥက္ကဌမှာ ဒေါက်တာ ဂျင်ရှင်း ( Dr. Jinsheng JIA) ဖြစ်ပြီး ၄င်းသည် တရုတ်နိုင်ငံ အကြီးစာရေကာတာစီမံကိန်း ကောမရှင် (CHINCOLD) ၏ ဒုတိယ ဥက္ကဌ အနေဖြင့်လည်း တာဝန်ထမ်းဆောင်နေသူ တဦးဖြစ်သည်။ တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အတား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နိုင်ငံ အကြီးစာရေကာတာစီမံကိန်း ကောမရှင် (CHINCOLD)၏ အဖွဲ့ဝင်လည်း ဖြစ်နေပြန်သည်။ (CPI)ကုမ္ပဏီ၏ ဒုတိယမန်နေဂျာ မစ္စတာယုန်တိန်( Mr. Young Tian) မှာလည်း (CHINCOLD) ၏ ဘုတ်အဖွဲ့တွင် ဒုတိယ ဥက္ကဌ ဖြစ်ပြီး အခြား (CPI) ၀န်ထမ်းနှစ်ဦးဖြစ်သော မစ္စတာခွန်ဝမ်၊ မစ္စတာဒုန်လိုင် ဂျင်( Mr. Qi Wang and Mr.Donglai Jin) မှာလည်း CHINCOLD ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်။ ။ (+၆၆ ၈၂၃၉၁၃၃၂၅)
အီးမေးလ် ။ ။ kdngchn@gmail.com
CPI မှ ရွာသားများနှင့် အစည်းအဝေးပြုလုပ်နေတဲ့ ဗီဒီယိုကို ကြည့်ရန် www.kdng.org
တရုတ်သတင်းဌာနမှ သတင်းလွှာကိုကြည့်ရန် http://money.163.com/12/0516/17/81L2NV1T002524SO.html
No comments:
Post a Comment