မိုးမခမှကူးယူသည်။(ပေးစာ)
မေ ၂၂၊ ၂၀၁၂
မေ ၂၂၊ ၂၀၁၂
ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအောက်ရှိ လေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည် ပြည်တွင်းလေယာဉ်များနှင့် မြန်မာနိုင်ငံလေကြောင်းပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းလျှက်ရှိသော လေယာဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းသက်ဆင်းနိုင်ရေးအတွက် လိုအပ်သော ဆက်သွယ်ရေးစက်များ၊ လေကြောင်းလမ်းညွှန်စက်များနှင့် လေကြောင်းသုံး ရေဒါများအား အစဉ်ကောင်းမွန်မှုရှိနေစေရေး တာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။
ယခုအခါ ၎င်းဌာနခွဲဟ၏ စက်ပစ္စည်းများ ပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအား ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONAL ကုမ္ပဏီ၏လက်ခွဲတစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်းသိမ်းစားရိတ် အမေရိကန်ဒေါ်လာ (၁. ၅) သန်းဖြင့် ရယူလုပ်ဆောင်လျှက်ရှိနေပါသည်။ သို့ရာတွင် အမှန်တကယ်တာဝန်ယူနေရသော လေကြောင်းဆက် သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲရှိ ၀န်ထမ်းအများစုမှာ မည်သည့်အကျိုးကျေးဇူးမှ မခံစားရဘဲ လုပ်ပိုင်ခွင့် Company နှင့် အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူးရရှိ ခံစားနေကြပါသည်။
၎င်းတို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိသည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး ယနေ့အချိန်အထိ (၆) လခန့်ကာအတွင်း ၎င်းကုမ္ပဏီမှသုံးစွဲခဲ့ သော ခန့်မှန်းငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃၀၀၀၀ (သုံးသောင်း) ခန့်သာ သုံးစွဲထားကြောင်း တွေ့ရှိရပါသည်။ ၎င်းခန့်မှန်းကုန်ကျငွေမှာ နယ်လေဆိပ် (၆) ခုခန့်ရှိ လေကြောင်းဆက်သွယ်ရေးစက်များချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ပါက ဌာနမှဝန်ထမ်းတဦး သို့မဟုတ် နှစ်ဦးမှ သွားရောက် ပြုပြင်ရာတွင် တဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၀ ရရှိသည့်အတွက် ကုန်ကျစားရိတ်ဖြစ်ပါသည်။ သို့သော်လည်း ၎င်းဝန်ထမ်း မှာလည်း ၀န်ထမ်းအများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး နယ်လေဆိပ်သို့ စက်ပြင်သွားမှသာရရှိခြင်းဖြစ်ပါသည်။ ၎င်းကုမ္ပဏီအနေဖြင့် တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၁. ၃ သန်းခန့်အမြတ်ရရှိမည်မှာ သေချာပါသည်။ ၎င်းတို့ ကုမ္ပဏီအနေဖြင့် ဌာနဆိုင်ရာလူကြီးများနှင့် ပူးပေါင်းဂွင်ရိုက်ပြီး လုပ်ပိုင်ခွင့်သက်သက်ရယူသွားခြင်းဖြစ်သည်။ အမှန်တကယ် စက်များပြုပြင်ရသည်မှာ အစိုးရ၀န်ထမ်းများသာဖြစ်သည်။
ထို့ကြောင့် ယနေ့ပြည်ထေင်စုသမတမြန်မာနိုင်ငံတော်မှ ချီတက်နေသော Clean Government, Good Govrnance ဖြစ်လာစေရေးအတွက် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးနေခြင်းများအား စတုထ္ထမဏ္ဍိုင်ကိုအားကိုးစွာဖြင့် မီဒီယာမှတဆင့် ပြန်လည်ဖော်ပြပေးပါရန် သတင်း ပေးရန် တိုင်ကြားအပ်ပါသည်။

No comments:
Post a Comment