
မေး၊ ။ ယခု အစိုးရအဖွဲ့မှာ သမ္မတပြီးရင် ဘယ်သူတွေက စီနီယာအလိုက် အာဏာ ရှိကြတာလဲဗျ။ ဖြေ။ ။ ရုတ်တရက် ကြည့်လိုက်ရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အစိုးရအဖွဲ့ သမ္မတနဲ့ ၀န်ကြီးများက ဖွဲ့စည်းပုံအရ ရှေ့ဆုံးက ပါတယ်လို့ အများက ထင်နေကြတယ်ဗျ။ ဒါပေမဲ့ တကယ်တမ်းကျတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော်ရဲ့ ပါဝါ စီနီယာအလိုက် အဆင့် နံပါတ် (၄) မှာ ရှိတယ်။ ဒုသမ္မတ (၂) ဦးပြီးရင် သူက နောက်က ကပ်လာတယ်ဗျ။ နိုင်ငံတကာ ချစ်ကြည်ရေးနဲ့ ဧည့်သည်တော် ခရီးစဉ်တွေမှာ လိုက်ပို့တဲ့ လေဆိပ် မြင်ကွင်းကို သေသေချာချာ ကြည့်ရင် သိသာတယ်။ ဒုသမ္မတ (၂) ဦးဘေးမှာ ကပ်လိုက်လာတဲ့ သူကတော့ ကိုမင်းအောင်လှိုင်ဘဲဗျာ။
မေး။ ။ ဟ... ဒါဆိုရင် နိုင်ငံတကာ အစိုးရအဖွဲ့တွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ အရပ်သား ကာကွယ်ရေး ၀န်ကြီးအောက်မှာ ရှိရမယ် ဆိုတော့ ဒီမိုကရေစီ အစဉ်အလာနဲ့ ဆန့်ကျင်မနေဘူးလားဗျ။
ဖြေ။ ။ ယခု ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် လှမင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခရီးစဉ် လှည့်လည်ရင် နောက်က ကုပ်ကုပ်လေး လိုက်နေရတာဗျ။ ခင်ဗျားက သူတို့ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို မေ့နေတာကိုး။ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ထာဝစဉ် အမြဲပါရမယ် ဆိုတာ ရှိနေတယ်လေ။ ပိုပြီး ဆိုးတာက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိန်းချုပ်ထားတဲ့ (၆) ဦး ပါဝင်နေတာကိုးဗျ။ ဒါကြောင့် ဒီအစိုးရက စစ်တပ် လွှမ်းမိုးမှုနဲ့ ကျောထောက် နောက်ခံပြုတယ်ဆိုရင် မမှားဘူးပေါ့ဗျာ။
မေး။ ။ ဒါဆိုရင် ဗိုလ်မှူးကြီးရေ.... စီနီယာအလိုက် နောက်လူတွေ ဆက်ပြီး ရှင်းပြပေးပါဦးဗျာ။
ဖြေ။ ။ အဆင့် နံပါတ် (၅) က ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ဖြစ်တယ်။ အဆင့် နံပါတ် (၆) က ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ဖြစ်တယ်ဗျ။ အဆင့် နံပါတ် (၇) က ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ အဆင့် နံပါတ် (၈) ကတော့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ဖြစ်ပြီး အဆင့် နံပါတ် (၉) ကတော့ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဖြစ်တယ်။
မေး။ ။ ဗိုလ်မှူးကြီး ... ဒါဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ကရော ဘယ်နေရာအဆင့်အတန်းမျိုးမှာ ရပ်တည်နေကြလဲဗျ။
ဖြေ။ ။ နိုင်ငံရေး ပါဝါ အစဉ်အလာအရ ဆိုရင်တော့ လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က အဆင့် နံပါတ် (၄) နဲ့ (၅) နေရာမှာ ရှိပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အဆင့် နံပါတ် (၆) ဆင်းသွားမှာ ဖြစ်တယ်။ ဒါပေမဲ့ ပေါ့ဗျာ... သေနတ်ပြောင်းဝမှာ အာဏာရှိတယ်ဆိုတဲ့ အတိုင်း တကယ်တမ်း စစ်တပ် ကျောထောက်နောက်ခံပြုတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ လူမသိ သူမသိ အဆင့် နံပါတ် (၄) ရှိနေတာကိုတော့ မသိကြဘူး။ ဦးခင်အောင်မြင့်နဲ့ ဦးရွှေမန်းနောက်မှာ တပ်မရှိတော့ဘူးလေဗျာ။
မေး။ ။ ဒါဆိုရင် ဗိုလ်မှူးကြီး တိုင်းမှူးတွေကရော ဘယ်လို အနေအထားမျိုးနဲ့ ရပ်တည်နေကြလဲ။
ဖြေ။ ။ နိုင်ငံတကာ မျက်စိနောက်မှာ စိုးလို့ တိုင်းမှူးတွေကိုတော့ ဖာသိဖာသာ တီဗွီမျက်နှာပြင်ရှေ့မှာ မပေါ်ဖို့ ခပ်လျှိုလျှိုနေဖို့ ပြောထားတယ်ဗျ။ ဒုသမ္မတတွေ လာတဲ့အခါကျမှသာ ထွက်ကြိုဖို့ မျက်နှာပြဖို့ ညွှန်ကြားထားတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်များကသာ နေရာယူထားတာကို တွေ့ရလိမ့်မယ်။ ပြည်ထောင်စုအဆင့် ၀န်ကြီးနဲ့ တိုင်းမှူးတွေက ယခင်ကဆိုရင် တိုင်းမှူးတွေက ရှေ့က ရှိခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပေမဲ့ ယခုတော့ အဆင့် တော်တော် ကွာခြားသွားတာ တွေ့ရလိမ့်မယ်။
မေး။ ။ ဟုတ်ကဲ့ ... အခုလို စိတ်ရှည်လက်ရှည် ဖြေကြားသွားတာ ကျေးဇူးတင်ပါတယ် ခင်ဗျား by;the power of fraternity
No comments:
Post a Comment