Social Icons

Friday, May 18, 2012

လက်နက်ကိုင် ပဋိပက္ခအတွင်း ကချင်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရ




ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်ပွားရာဒေသရှိ ကချင်အမျိုးသမီးများမှာ အစိုးရစစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုကျင့်ခံနေရသည်ဟု သိရသည်။

 ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ယနေ့သောကြာနေ့၌ ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် မေလ (၁) ရက်နေ့က တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ၊ အနောက်မြောက်ဘက်ရှိ လုပီကျေးရွာသူ အသက် (၄၈) နှစ်အရွယ် ဒေါ်ငွားမီ-Ngwa Mi (အမည်အရင်း မဟုတ်) အား ကချင်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းအတွင်း အစိုးရ၏ တပ်ရင်း ခလရ (၃၄၇) နှင့် ခလရ (၁၁၈) တပ်သားများက (၃) ရက်ကြာ ဖမ်းဆီးထားပြီး မတရားနှိပ်စက်၍ အဓမ္မပြုကျင့်ခဲ့သည်ဟု ဖော်ပြထားသည်။

“လုပီရွာမှာ အစိုးရတပ်တွေ ဝင်လာပြီး သေနတ်တွေပစ်တော့ ရွာသားတွေ ထွက်ပြေးကြတယ်။ သူက ဘုရားကျောင်း မှာ သွားပုန်းနေတာ စစ်သား (၁ဝ) ယောက်လောက်က ရိုက်တဲ့လူက ရိုက်၊ သေနတ်ဒင်နဲ့ထု၊ သူအော်ရင်လည်း
ပြန်ပြီးပါးရိုက်၊ နောက်တော့ သူက လဲကျသွားတော့ သူ့အကျီတွေကို ဆွဲချွတ်ပြီးတော့ မတရားပြုကျင့်ခဲ့တယ်”ဟု KWAT က မှ တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

ထိုအမျိုးသမီးအား ရိုက်နက်၍ အဓမ္မပြုကျင့် နေမှုများကို အခြားဒေသခံ အသက် (၅၉) နှစ်အရွယ် ဦးယူသာဂွေး Yu Ta Gwi ကိုလည်း ယင်းဘုရားကျောင်းအပြင်ရှိ သစ်ပင်အောက်တွင် ကြိုးဖြင့် ချည်ထားသဖြင့် ဒေါ်ငွေမီးအား နှိပ်စက်
နေမှုကို အားလုံးကို တွေ့ခဲ့ရပုံကို KWAT မှ ပြန်လည် သိရှိခဲ့ရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

မေလ (၄) ရက်နေ့တွင် အစိုးရ စစ်တပ်များ ပြန်လည် ထွက်ခွာသွားသဖြင့် ယင်းတို့နှစ်ဦးအား ဒေသခံများ ပြန်လည်
တွေ့ရှိကာ ပန်ဝါဆေးရုံသို့ ဆေးကုသမှုခံယူစေကာ လတ်တလော တရုတ်နယ်စပ်မှ နှစ်ခြင်းအသင်းတော်က ပြန်လည် ကြည့်ရှုစောင့်ရှောက်နေသည်ဟု ဒေါ်မွန်းနေလီက မဇ္စျိမကို ပြောသည်။

ယမန်နှစ်အောက်တိုဘာလနှင့် စက်တင်ဘာလအတွင်းက အစိုးရ၏ တပ်ရင်း (၁၃) ရင်းမှ တပ်သားများက ကချင်အမျိုးသမီး (၃၇) ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး (၁၅) ဦးသတ်ဖြတ်ခံရကြောင်းနှင့် ထိုအထဲတွင် အသက် (၉) နှစ်မှ (၅ဝ) နှစ်အရွယ်အမျိုးသမီးများ ပါဝင်သည်ဟု KWAT ၏အစီရင်ခံစာတွင် အစောပိုင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်းကျေးရွာနေ အသက် (၂၈) နှစ်အရွယ် ဒေါ်ဆွမ်းလွတ်ရွယ်ဂျားကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခလက်အောက်ခံ တပ်ရင်း (၃၂၁) နှင့် ခလရ (၃၇) တပ်သားများက ဖမ်းဆီးသွားကြောင်းကို နေပြည်တော်ရှိ ပြည်ထောင်စု လွတ်တော် တရားရုံးသို့ ခင်ပွန်းဖြစ်သူ မှ စုံစမ်းစစ်ဆေးပေးရန် လျှောက်ထားချက်ကို တရားလွှတ်တော်ရုံး က ပယ်ချခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တရားရုံး၏ ပယ်ချချက်သည် ကချင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုကို ဆက်လက်
ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး အစိုးရစစ်တပ်အနေဖြင့် အမျိုးသမီးများအား မုဒိန်းကျင့်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်မှုအားလုံး ရပ်တန့်ရန် KWAT မှတောင်းဆိုထားသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .