Social Icons

Wednesday, May 23, 2012

ပဲခူး လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှု ရက်ရွှေ့ဆိုင်းထား


mizzimaburmese

စံခလပူရီ (မဇ္ဈိမ)။   ။ ပဲခူးမြို့၌ လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင် ထွန်း၍ ဆန္ဒပြမည့် အစီအစဉ်အား
ရွှေ့ဆိုင်း လိုက်ပြီဖြစ်ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ကိုအောင်မျိုးဝင်း က ပြောသည်။

“ကျနော်တို့ အားလုံး စီစဉ်ထားပြီးတော့မှ ရွှေ့လိုက်ရတာ။ သတင်းက ဘယ်လို ထွက်သွားမှန်း မသိဘူးဗျ။ သူတို့ဘက်က လက်ဦးမှု ရသွားတယ်။ လုံခြုံရေးတွေ ဘာတွေ ယူထားတယ်ဆိုတော့၊ ကိုယ်တွေက ဒါတွေလုပ်တာ အနောက်က လူထုပါမှ ကောင်းတာလေ။ အခု ဒီလိုဖြစ်သွားတော့ လူထုက နည်းနည်းလေး
ကြောက်ရွံ့သွားတဲ့ အခါကျတော့ အစီအစဉ် ပြောင်းလိုက်တာပါ။ အာဏာပိုင်တွေဘက်က တားမြစ် ပိတ်ပင်လို့ ရက်ရွှေ့ရတာ မဟုတ်ပါဘူး။ အခုလည်း မီးပြန်မှန်နေတို့ ဆန္ဒပြဖို့ကို ရွှေ့ဆိုင်း ထားပါသေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြရန် အစီအစဉ်အား ရက်အကန့်အသတ် မရှိရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ပဲခူးမြို့ရှိ လျှပ်စစ်မီး ပြတ်တောက် မှုများကို အာဏာပိုင်များမှ ထိန်းထိန်း သိမ်းသိမ်းဖြင့် ကိုင်တွယ်လျက် ရှိသည်။ နောက်ဆုံး အတည်ပြု မေးမြန်းချိန်အထိတွင် ပဲခူးတွင် တနေ့လျှင် ၈ နာရီ လျှပ်စစ်မီး ရရှိနေသည်ဟု သိရှိရပါသည်။ ရန်ကုန်တွင် ၆ နာရီသာ မီးပေးဝေ နေပါသည်။ မန္တလေး မြို့၌မူ ၁ နာရီခန့်သာ လျှပ်စစ်မီး ပေးဝေလျက် ရှိနေသည်။

“မနေ့က မြို့နယ် ရဲမှူးက ကျနော့်ကို ခေါ်တွေ့တယ်။ သူက ရှင်းပြတာက မီးပျက်တာက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပျက်နေတာပါ။ လျှပ်စစ်မီး ပြန်လည် ရရှိဖို့ကို အတတ်နိုင်ဆုံး ကြိုးစား နေပါတယ်။
နောက်တခုက ဆန္ဒပြခွင့်က ဥပဒေပဲ ထွက်သေးတယ်။ နည်းဥပဒေ ဆိုတာ မထွက်သေးဘူး။ ဒါကြောင့် သူတို့ဘက်မှာလည်း အခြေအနေတွေကို ကိုင်တွယ်ရတာ အခက်အခဲ ရှိပါတယ်လို့ ရှင်းပြတယ်။ မနေ့တုန်းကလည်း သတင်းစာမှာ ကြေငြာချက်လည်း ပါလာတယ်လေ၊ ဟု” ကိုအောင်မျိုးဝင်း က ပြောသည်။

မန္တလေးမြို့မှ စတင်ခဲ့သည့် မီးရရှိရေးအတွက် ဖယောင်းတိုင်ထွန်း၍ ဆန္ဒဖော်ထုတ် ပွဲများသည် အခြား မြို့ကြီးများသို့ ကူးစက်ခဲ့ပြီး ရန်ကုန်၊ မုံရွာ၊ ပြည်များ၌လည်း ဖြစ်ပွားခဲ့ကြသည်။

မန္တလေးမြို့၏ ဒုတိယနေ့ ဆန္ဒပြပွဲ၌ ပါဝင်သည့် ခေါင်းဆောင်အချို့နှင့် လှုံ့ဆော်သူ ၅၀ ခန့်အား မန္တလေးတိုင်း ရဲသတင်း တပ်ဖွဲ့မှ ခေါ်ယူ မေးမြန်း ခဲ့သော်လည်း ဖမ်းဆီး ထိမ်းသိမ်းခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

နေပြည်တော်တွင်လည်း မေလ ၂၂ ရက်နေ့က စစ်ဖက်ထိပ်တန်းခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ တက်ရောက်သည့် အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူ
ကျင်းပကာ နိုင်ငံအ၀ှန်း ဖြစ်ပေါ်နေသည့် လျှပ်စစ်မီး ရရှိရေးကိစ္စအား ညင်ညင်သာသာ
ကိုင်တွယ်သွားကြရန် ဆွေးနွေးခဲ့ကြသည်ဟု အတည်မပြုနိုင်သေးသည့် သတင်းတရပ်က ဆိုသည်။

မြန်မာပြည် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု၏ ၇၀ % ကျော်မှာ ရေအားလျှပ်စစ်မှ ထုတ်လုပ်ပြီး ၂၀ % နှုန်း
ကျော်မှာ သဘာဝ ဓာတ်ငွေ့မှ ထုတ်လုပ်လျက် ရှိသည်။ အခြားနည်းလမ်းများဖြင့် ထုတ်လုပ်မှုမှာ ၁ % အောက်တွင်သာ ရှိကြောင်း သိရှိရသည်။

ပဲခူးမြို့၏ လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြမှု အစီအစဉ်အား မီးများ ပြန်ပျက်ခဲ့ပါက ဆက်လက်၍ ဆန္ဒပြသွားနိုင်ရန် စီစဉ်ဆောင်ရွက် ထားသည်ဟုလည်း ကိုအောင်မျိုးဝင်း က မဇ္ဈိမကို ပြောကြားသွားသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .