Social Icons

Saturday, May 19, 2012

ပြည်ပရင်းနှီးမြုပ်နှံမှုများအား လက်ခံခြင်းကြောင့် နည်းပညာရလာဒ်ထွက်ပေါ်နိုင် ၀င့်သင်ဇာကျော်(မြစ်မခ)


by Myit Makha Mediagroup


 
ပြည်ပရင်းနှီးမြုပ်နှံမှုများအား လက်ခံခြင်းကြောင့် ပြည်ပအရင်းအနှီးအနေဖြင့် နည်းပညာပိုင်းတွင် ဖွံ့ဖြိုး တိုးတက်မှုရလာဒ်ဖြစ်ပေါ် လာနိုင်ကြောင်း ၀န်ကြီးဌာနဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
 
“ကျွန်တော်တို့အခုတော့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်။ အခု sanction မရှိတော့တဲ့ အတွက် ဂျပန်တို့ ကိုရီးယားတို့ ၀င်လာကြတယ်၊ သူတို့ဆီကနေပြီးတော့ higher technology ပွင့်ပွင့်လင်း လင်းပြောရရင် ကိုရီးယားတို့ ၊ ဂျပန်တို့က နည်းပညာ မြင့်မားကြတယ်။ အထူးသဖြင့် နည်းပညာကို မျှော်မှန်း တယ်၊ ပြည်ပအရင်းအနှီးတွေကို မျှော်မှန်းတယ်။ “ ဟု သတ္တုတွင်းဌာနက ညွန်ကြားရေးမှူး ဦးကျော်သက်က ပြောသည်။
 
သတ္တုတွင်းဌာနအနေဖြင့်လည်း ယခုလက်ရှိတွင် တရုတ် ၊ ဗီယက်နမ် ၊ ရုရှား နှင့် ယိုးဒယားနိုင်ငံများဖြင့် လက်တွဲလုပ်ဆောင်နေပြီး   မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဂျပန် ၊ ကိုရီးယား ၊ ဗြိတိန် နိုင်ငံ နှင့် ပိုလန် နိုင်ငံများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
 
“ရင်းနှီးမြုပ်နှံတာ ယိုးဒယားရှိမယ်။ တရုတ်၊ ဗီယက်နမ်၊ ရုရှား ၊ ဒီလေးနိုင်ငံတော့ ကျွန်တော်တို့နဲ့ လက်တွဲပြီး လုပ်နေပြီ ၊ ဆက်လက်ပြီးတော့ ဆွေးနွေးနေတဲ့ နိုင်ငံကတော့ ဂျပန် ၊ ကိုရီးယား ၊ ဗြိတိန် ၊ ပိုလန်ရှိမယ် အဲ့ဒီ တွေကို ဆက်လက်ဆောင်ရွက်ဖို့ အလားအလာရှိတယ်” ဟု ကိုကျော်သက်က ဆက်လက်ပြောဆိုသည်။
 
ကိုလံဘီယာနိုင်ငံမှ ဈေးကွက်လေ့လာနေသူတစ်ဦးမှလည်း မြန်မာနိုင်ငံ၏ သတ္တုတွင်းဌာနပိုင်းဆိုင်ရာကို စိတ်ဝင်စားကြောင်း နှင့် ယခုအချိန်တွင် ရင်းနှီးမြုပ်နှံလိုသော်လည်း ယခုလာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို လာရောက်လေ့လာ   ဆွေးနွေးခြင်းသာဖြစ်ကြောင်း သိရှိရသည်။
 
“မြန်မာနိုင်ငံရဲ့ စီးပွားရေးအပိုင်းကို နားလည်အောင် လာလေ့လာတာပါ၊ ပထမခြေလှမ်းကတော့ စီးပွားရေး လုပ်ငန်းရှင်အချို့နဲ့ လက်မှတ်ရေးထိုးကြမယ် ကျွန်တော်အနေနဲ့ကတော့ သတ္တုတွင်းဌာနဆိုင်ရာ အပိုင်းကို စိတ်ဝင်စားတယ် “ ဟု ကိုလံဘီယာနိုင်ငံမှ   ဈေးကွက်လေ့လာသူ Justin Herting ကပြောသည်။
 
နိုင်ငံခြားရင်းနှီးမြှပ်နှံခြင်းကို အခြေတည်၍ အဆင့်မီ ဟိုတယ်ကြီးများ တည်ဆောက်ပါက ကမ္ဘာလှည့် ခရီးသွားများ အ၀င်များလာပြီး   မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်းကိုလည်း သိရသည်။
 
“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ဟိုတယ်ကြီးတွေ တည်ထောင်လိုက်မယ် ဆိုရင်ကျွန်တော်တို့ နိုင်ငံမှာ တိုးတက်ပြီးတော့   နောက်ရှေ့ လာမယ့် ကမ္ဘာလည့်ခရီးသွားဧည့်သည်အတွက်ကို နေထိုင်မယ့် ခရီးသည် အရေအတွက် တိုးလာသလို နောက်တခြား အစည်းအဝေး ကြီးတွေ လုပ်တဲ့အခါ ညီလာခံတွေ လုပ်တဲ့အခါ ဖွံ့ဖြိုးတိုးတက်လာအောင် အများကြီးအထောက်အကူပြုတာပေါ့။” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ပြောသည်။
 
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံလိုသောနိုင်ငံများမှ ကမ်းလှမ်းချက်များ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံ မှုကော်မရှင်သို့ တင်ပြပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရသည်။
 
“အိမ်နီးချင်းနိုင်ငံ အရှေ့တောင်အာရှ နိုင်ငံကနေပြီးတော့ ဟိုတယ်ရင်းနှီးမြုပ်နှံမှုများကို ကမ်းလှမ်းပြီးတော့ ရင်းနှီးမြုပ်နှံမှု လိုတယ်၊ ဆောင်ရွက်ဖို့ တင်ပြထားတဲ့အတွက်ကြောင့်မို့ လိုအပ်တဲ့ ညှို့နှိုင်းမှုတွေ ဆောင်ရွက်ပြီး တော့   မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို တင်ပြပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ ရှိပါတယ် “ ဟု ဦးလှိုင်ဦးက ဆက်လက်ပြောသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .