Social Icons

Wednesday, May 23, 2012

သက်တမ်းနှစ် ၂၀ ကျော် ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့်ပြုမည့် အစီအစဉ်ရှိ


by;mizzimaburmese

ရန်ကုန် (မဇ္ဈိမ) ။        ။ ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့်ပြုသည့် အစီအစဉ်အရ ယဉ်ဟောင်းအပ်နှံမှုများကို ဆက်လက် ဆောင်ရွက်ပေး လျက်ရှိရာ ”ပ” အက္ခရာထိ ယာဉ်ဟောင်းများ အပ်နှံမှု ပြီးစီးပါက သက်တမ်း နှစ်ဆယ်
ကျော် ယာဉ်များနှင့် ဌာနဆိုင်ရာ လေလံ၊ တပ်မတော်လေလံ အစရှိသည့် မော်ဒယ်နိမ့် လေလံ ကားများကိုလည်း အပ်နှံကာ ကားတင်သွင်းခွင့် ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) မှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

“ ယာဉ်အို ယာဉ်ဟောင်းအပ်နှံပြီး ကားတင်သွင်းခွင့် ပြုတဲ့အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ၊ အခု “န” အက္ခရာ ယာဉ်ဟောင်းအပ်နှံမှုကို ဆောင်ရွက်ပေးနေပါတယ်၊ “ပ” အက္ခရာအထိ ပြီးရင် သက်တမ်း ၂ဝ ကျော် ယာဉ်ဟောင်းတွေနဲ့ လေလံဆွဲပြီး နံပါတ်သစ်ရထားတဲ့ မော်ဒယ်နိမ့် ယာဉ်တွေကိုပါ အပ်နှံပြီး ကားတင်သွင်းခွင့်တွေ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ကညန မှ ညွှန်ကြားရေးမှုးချုပ် ဦးထွန်းအောင်ကျော်က ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်ကြီး အသင်း အစည်းအဝေး ခန်းမတွင် မေလ ၂၁ ရက်နေ့က ကျင်းပသော
မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

ယာဉ်ဟောင်းအပ်နှံ ကားတင်သွင်းခွင့် ပြုသည့် အစီအစဉ်ကို ၂ဝ၁၁ စက်တင်ဘာလမှ စတင်ကာ မှတ်ပုံတင် သက်တမ်း နှစ် ၄ဝ ကျော်၊ နှစ် ၃ဝ နှင့် နှစ် ၂ဝ အထက်ယာဉ်များအပ်နှံခြင်းကို အဆင့်ဆင့် ဆောင်ရွက်ပေးလျက် ရှိပြီး၊ မေလ ၁၈ ရက်နေ့အထိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အပ်နှံပြီး လူစီး ယာဉ် ၄၆၈၇၁ စီး၊ ထရပ်ကား ၃၁၅၆ စီးနှင့် ဘတ်စ်ကား ၁၂၉၅ စီး စုစုပေါင်း ၅၁၃၂၂ စီး ရှိကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။

ကားသစ်များတင်သွင်းခွင့်ပြုရာတွင် ၁၉၉၅ ခုနှစ်မော်ဒယ်မှ ၂ဝဝ၆ ခုနှစ်မော်ဒယ်အထိ တိုးချဲ့ တင်သွင်းခွင့် ပြုခဲ့သည် ဟုသိရသည်။

ကားတင်သွင်းလာသူများသည် စီးပွားကူးသန်းမှ ကောက်ခံသော ဆိပ်ကမ်းခွန်နှင့် အခွန် ၆၅ ရာခိုင်နှုန်းအပြင် ကညနမှ ကောက်ခံသော ယာယီ မှတ်ပုံတင်ကြေးကို အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက် ကားများအတွက် ၅ဝ ရာခိုင်နှုန်း၊ ၁၃၅ဝ စီစီအထက်မှ ၂ဝဝဝ စီစီအထိ ၈ဝ ရာခိုင်နှုန်းနှင့် ၂ဝဝဝ စီစီအထက်မှ ၅ဝဝဝ စီစီအထိ ၁ဝဝ ရာခိုင်နှုန်း၊ ၅ဝဝဝ စီစီ အထက်ကားများအတွက် ၁၂ဝ ရာခိုင်နှုန်း ကောက်ခံရရန် သတ်မှတ်ထားသည်။

ထိုကဲ့သို့ ယာဉ်ဟောင်းအပ်နှံ အစားထိုးယာဉ်တင်သွင်းခွင့် ပြုသည့် အစီအစဉ်အပြင် ပို့ကုန်သွင်းကုန် ကုမ္ပဏီများအား ယာဉ်တင်သွင်းခွင့်ပြုခြင်းနှင့် နိုင်ငံခြားငွေဖြင့် ဝင်ငွေ ရရှိသူများအား ၂ဝဝ၇ ခုနှစ် မော်ဒယ်နှင့် အထက် ယာဉ်တင်သွင်း ခွင့်ပြုသည့် အစီအစဉ်များကိုပါ ဆောင်ရွက်လျက်ရှိရာ မေလ ၁၈ ရက်နေ့  အထိ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ အတွက် ၆၂၆ စီး၊ သင်္ဘောသားများအတွက် ၂၈၃၅ စီး၊ နိုင်ငံခြားရေးဌာနမှ သံတမန်ဆိုင်ရာ ဝန်ထမ်းများ အတွက် ၃၂၅ စီး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအတွက် ၅၂ စီး၊ နိုင်ငံခြား အလုပ်သမားများအတွက် ၁၁၃၆ စီး၊ ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ၉၇ စီး၊ ကျောက်မျက်လုပ်ငန်း ကုမ္ပဏီ များအတွက် ၅ စီးနှင့် တစ်ဦးချင်း အခွန်ဆောင်ထားသူများ အတွက် ၄ဝ စီး စုစုပေါင်း ၅၁၁၆ စီးအတွက် သွင်းကုန်ပါမစ် ထုတ်ပေးပြီး ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးက ဆိုသည်။

ထိုကဲ့သို့ နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ထားသူများအား တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းဆောင်ရွက်
နေသော ကုမ္ပဏီများအတွက် အစီးရေ ၆ဝဝဝ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများ အတွက် ၁၀၀၀ စီး၊ နိုင်ငံခြားတွင် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်သူများအတွက် ၄၅၀၀ စီး၊ နိုင်ငံခြား သင်္ဘောသားများအတွက် ၃၅၀၀ စီး၊ နိုင်ငံခြားတွင် ကာလရှည် တာဝန်ထမ်းဆောင်သည့် သံတမန် ဝန်ထမ်းများ အတွက် ၆၀၀ စီး၊ ဝန်ကြီးဌာနအသီးသီးမှ ပြည်ပတွင် တာဝန်ထမ်းဆောင်ခြင်း၊ သင်တန်းတက်ရောက်သော နိုင်ငံ ဝန်ထမ်းများ အတွက် ၁၇၀၀ စီးနှင့် အခွန်ဆောင်ထားသော ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ ဘာသာရေး အဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းအများအတွက် ၄၇၀၀ စီး စုစုပေါင်းမော်တော်ယာဉ်စီးရေ (၂၂၀၀၀) ဆုံးဖြတ်ထားကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် မေလ ၁၁ ရက်နေ့တွင် နိုင်ငံသားတိုင်း နိုင်ငံခြားငွေစာရင်းဖြင့် ၂ဝဝ၇ ခုနှစ်နှင့် အထက် မော်ဒယ် ကားတစီးစီ တင်သွင်းခွင့် ပြုသည့် လုပ်ငန်းကို ချမှတ်ခဲ့ပြီး၊ မေလ ၁၇ ရက်နေ့အထိ တင်သွင်းခွင့် ပါမစ် ၅၄ စီးအတွက်လည်း ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

ကားဟောင်းအပ်နှံပြီး ကားသစ်တင်သွင်းသည့် အစီအစဉ် မပြီးဆုံးခင် ထိုသို့နိုင်ငံသားတိုင်း ကားတင်သွင်းခွင့်
ပြုလိုက်သည့် အတွက် ကားဟောင်းပိုင်ရှင်များက နစ်နာသည်ဟု ဆိုကြသည်။

“နိုင်ငံသားတိုင်းကို နိုင်ငံခြားဘဏ် စာရင်းဖွင့်ပြီး ၂ဝဝ၇ ခုနှစ်မော်ဒယ်အထက်ကားတွေကို တင်သွင်းခွင့် ပြုလိုက်တဲ့ အချိန်မှာ ကားဟောင်းအပ်ပြီးမှ တင်သွင်းခွင့်ရမယ့် သူတွေအတွက် နစ်နာမယ့် သဘောရှိပါတယ်၊ ဒီလို မဖြစ်အောင် ကားဟောင်းအပ်နှံသူတွေကို ကညနက ကောက်ခံနေတဲ့ အခွန်နှုန်းထားတွေကို ကားဟောင်းအပ်နှံသူတွေ အတွက် အခုထက်ပိုပြီး လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပေးဖို့ ကောင်းပါတယ် ” ဟု ကားဟောင်းပိုင်ရှင် ဒေါ်သီတာအေးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားရာတွင်
နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်အရ အနာဂတ်ကာလတွင် နိုင်ငံတော်ရှိ ပြည်သူပြည်သားများ အနေဖြင့်
မော်တော်ယာဉ် အရောင်းပြခန်း များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်းသည်ဖြစ်စေ၊ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်သည်အထိ စီစဉ်သွားရန် ရည်ရွယ်ချက်အရ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့်
ပြည်သူလူထုအနေဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် သင့်တင့်သော ဈေးနှုန်းများဖြစ်စေရန် ရေရှည် ရည်ရွယ်ကာ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုမိုကောင်းမွန်သည်ထက်ကောင်းမွန်သည့် အစီအမံများကို ညှိနှိုင်းရှာကြံ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဝန်ကြီးဒေါက်တာ ပွင့်ဆန်းက ဆွေးနွေးပွဲတွင်ထည့်သွင်း ပြောကြား သွားသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .