Social Icons

Friday, August 1, 2014

NCCT နှင့် MPC လာမည့်သီတင်းပတ်တွင် အလွတ်သဘောဆွေးနွေးမည်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC တို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လာမည့်သီတင်းပတ် သြဂုတ်လ ၃ ရက်နေ့၌ အလွတ်သဘော ညှိနှိုင်းဆွေးနွေးကြမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။
NCCT လိုင်ဇာမြို့တွင် ၅ ရက်ကြာကျင်းပခဲ့သော တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးမှ NCCT အား လမ်းညွှန်မူ ၁၀ ချက်ကို ချမှတ်ခဲ့ပြီး ၎င်းအချက်အလက်များကို အဓိကထား ဆွေးနွေးတင်ပြမည်ဟု သူကဆက်ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ အဲဒီမူ ၁၀ ချက်ထဲမှာ အခုသုံးပွင့်ဆိုင်က ပုံစံသစ်လို့ ခေါ်ရမှာပေါ့၊ တချိန်တုန်းက ကုလသမဂ္ဂပြောတဲ့ သုံးပွင့်ဆိုင်ကွာသွားပြီ၊ အခု သုံးပွင့်ဆိုင်က အဓိက အင်အားကြီးသုံးခုတော့ဟုတ်တယ်၊ အဲဒီအင်အားကြီးသုံးခုမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့အင်အားစုတွေကို ဖြည့်စွက်သွားမယ်” ဟု ဆိုသည်။
အဆိုပါ ပါဝင်သင့်သည့် အင်အားကြီးသုံးရပ်မှာ အစိုးရအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအင်အားစုနှင့် နိုင်ငံရေးပါတီ အင်အားစုတွေအားလုံး ဆွေးနွေးပွဲတွင် ပါဝင်သွားရန် နိုင်ငံရေး လမ်းပြမြေပုံတွင် ညှိနှိုင်း ရေးဆွဲသွားရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲတွင် အမြင့်ဆုံးညီလာခံကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟု သတ်မှတ်ခေါ်ဆိုမည့်အချက်များနှင့် ကျန်ရှိသည့်အချက်မှာ နည်းပညာပိုင်းဆိုင်ရာ အချက်များဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် ဆက်လက်ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ခေါ်) နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပညာရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်မှုကို လက်မခံနိုင်ကြောင်း လိုင်ဇာတွင် ဇူလိုင်လ ၂၉ ရက်နေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
အဆိုပါဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ပြည်တွင်း၌ တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီများအစုအဖွဲ့သုံးခုမှ တူညီသောကိုယ်စားလှယ်အရေအတွက်နှင့် သုံးပွင့်ဆိုင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ အစိုးရကိုယ်စားလှယ်များ ယခင်အဆိုပြုသည့်ယခင် ၈ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးကို လက်ခံမည် မဟုတ်ကြောင်း သူကပြောသည်။
ထို့အပြင် တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ထိပ်သီးအစည်းအဝေးမှ ဇူလိုင်လ ၃၁ ရက် နေ့စွဲဖြင့်ကြေငြာချက်တွင် “ တိုင်းရင်းသားလူမျိုးများအားလုံး၏ အမျိုးသားနိုင်ငံရေးရည်မှန်းချက်ဖြစ်သော “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေးမူကို တစိုက်မတ်မတ်ကိုင်စွဲသွားမည်ဟု ဖေါ်ပြပါရှိသည်။
နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလက်မှတ်ရေးထိုးရေးအတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး (NCCT) ခေါင်းဆောင်များ လာမည့် သြဂုတ် ဒုတိယပတ်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမယ်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၄င်းသတင်းကို အတည်မပြုနိုင်သေးပေ။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .