Social Icons

Monday, August 18, 2014

လိုင်ဇာ၏သဘောထား သင့်လျော်သည့် တောင်းဆိုချက်ဟု ဒု-ဗခက ယွက်စစ်ပြော


သျှမ်းသံတော်ဆင့်


တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့တွေ့ဆုံနေချိန် ‘လိုင်ဇာသဘောထားသည် သင့်လျော် သည့် တောင်းဆိုချက်’ ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော် ဆင့်သို့ ပြောဆိုသည်။
“လိုင်ဇာသဘောတူညီချက်က တဘက်က သိပ်လက်မခံချင်ပေမယ့် တိုင်းရင်းသားတွေ အတွက် တောင်းသင့် တောင်းထိုက်တဲ့ တောင်းဆိုချက်တွေဘဲ။ လိုဒါထက်ပိုတောင်းတာမှမဟုတ်တာ။ သဘောထားကြီးကြီးနဲ့ စဉ်းစားပေးသင့်တယ်” - ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
တပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် NCCT နှင့် UPWC တို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ၌ ယမန်နေ့က ပထမ ဆုံးရက် ဆွေးနွေးရာတွင် ‘ဖက်ဒရယ်’ စနစ်ဖြင့် တိုင်းပြည်တည်ထောင်လိုသည့် တိုင်းရင်းသား များ၏သဘောထားကို အစိုးရက လက်ခံပြီဟု NCCT ခေါင်းဆောင်ပိုင်းတဦးဖြစ်သည့် နိုင်ဟံသာ က သတင်းမီဒီယာများ၌ ပြောသည်။
အဆိုပါဆွေးနွေးပွဲအား ယနေ့ ဒုတိယ နေ့အဖြစ် ဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်။
ဂျူလိုင်လနှောင်းပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် ဌာနချုပ်လိုင်ဇာ ၌ ဆွေးနွေးခဲ့သည့် လက်နက် ကိုင်တိုင်းရင်းသားတပ်ဖွဲ့များ၏ သထောထားများမှာ -
၁− ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိ သော ပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရေး အခြေခံမူကို ခိုင်မာစွာ စွဲကိုင်ထားရမည်။
၂ − အကယ်၍ အစိုးရက နံပါတ် ၁ အချက်ကို လက်ခံပါက တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ခေါင်းစဉ်၌ “တော်လှန်ရေး” ဆိုသည့် စကားလုံးကို ပယ်ဖျက်ပစ်မည်။
၃− နိုင်ငံရေးဆွေးနွေးပွဲကို “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ဟု ခေါ်တွင်မည်။
၎− နိုင်ငံရေးဆွေးနွေးပွဲ၌ “အရေးသုံးပါး”ကို ခေါင်းစဉ်တခုအနေဖြင့် ဆွေးနွေးသွားမည်။
၅− နိုင်ငံရေးဆွေးနွေးပွဲ၌ အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ မှတ်ပုံတင်ရရှိပြီးသော နိုင်ငံရေးပါတီများနှင့် သင့်တော်သည့် ဒီမိုကရေစီအင်အားစုတို့ ပါဝင်မည်။
၆− “အမျိုးသားအဆင့်” နိုင်ငံရေးဆွေးနွေးပွဲကို “အမျိုးသားနှင့် အမျိုးသားများအဆင့်” နိုင်ငံရေး ဆွေးနွေးပွဲဟု ပြောင်းလဲသတ်မှတ်မည်။
၇− ကြားကာလဆောင်ရွက်ရမည့် အစီအစဉ်များကို သဘောတူညီချက်စာချုပ်တွင် အခန်းတခန်း အနေဖြင့် ထည့်သွင်းမည်။
၈− အခြေခံမူကို ဆန့်ကျင်ခြင်းမရှိဘဲ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စကားလုံးအသုံးအနှုန်းများကို NCCT က ပြင်ဆင်ပိုင်ခွင့်ရှိသည်။
၉− ဂျပန်နှင့်နော်ဝေးနိုင်ငံကို တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာ၌ အသိသက်သေအဖြစ် ဆောင်ရွက်ပေးရန် သဘောတူညီသည်။
၁၀− တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးမည့် အဖွဲ့တိုင်း အောက်ပါအချက်အလက်နှင့် ပြည့်စုံရမည်။
က) လိုင်ဇာအစည်းအဝေး၌ လက်မှတ်ရေးထိုးသည့်အဖွဲ့ ဖြစ်ရမည်။ ခ) အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်ရမယ်။ ဂ) လက်နက်ကိုင်အဖွဲ့အစည်း၌ ရှိသင့်သည့် အင်္ဂါရပ်များ အပြည့်အစုံ ရှိရမည်။ ဃ) အစိုးရလက်အောက်ခံတပ်ဖွဲ့ မဖြစ်ရ။ င) မြန်မာနိုင်ငံအစိုးရမဟုတ်သည့် တခြားနိုင်ငံအစိုးရကို တော်လှန်သည့် လက်နက်ကိုင် တပ်ဖွဲ့ မဖြစ်ရ။ − တို့ဖြစ်သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .