Social Icons

Monday, March 4, 2013

ဒေသခံမပါတဲ့ ဖွံ့ဖြိုးရေးအစီစဉ် အမျိုးသမီး လက်မခံ

သတင်း - ကန္တာရ၀တီတိုင်း(မ်)
ငြိမ်းချမ်းရေး ကြိုးပန်းနေကြစဉ်ကာလအတောအတွင်း ကယား(ကရင်နီ)ပြည်နယ်မှာ ဖွံ့ဖြိုးရေး ကိစ္စနဲ့ပါတ်သက်ပြီး ဒေသခံတွေ ပါဝင်မှုမရှိဘဲ တိုက်ရိုက်လာလုပ်မည့် အစီအစဉ်ကို လက်မခံဘူးလို့ (KNWO) အမျိုးသမီးအဖွဲ့က ပြောပါတယ်။
ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ EU မှ အကူအညီတွေ ပေးမယ်ဆိုတဲ့ အစီအစဉ်နဲ့ ပါတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) နဲ့ နယ်စပ်က လူမှုအသင်းအဖွဲ့တွေ မတ်လ ၂ ရက်နေ့က အစည်းအဝေးတရပ် ပြုလုပ်ပြီးနောက် ယခုလို ပြော ဆိုလိုက်တာ ဖြစ်ပါတယ်။
"ဒီကရင်နီပြည်တွင်းမှာ လာလုပ်မဲ့ဖွံ့ဖြိုးရေးတွေကို တိုက်ရိုက်လာမလုပ်ဖို့နဲ့ တိုက်ရိုက်လာ လုပ်တာမျိုးကိုလည်း လက်မခံဘူးပေါ့နော်၊ ကျမတို့က ဒေသခံတွေဖြစ်တယ်။ ဒေသခံဖြစ်တဲ့ကျမတို့ လူထုတွေမပါဝင်ဘဲနဲ့ သူတို့ဘာသူတို့လုပ်သွားလို့ မရဘူး၊ ခွင့်ပြုမှာလည်း မဟုတ်ဘူး" လို့ KNWO ဥက္ကဌ မော်သိုးမြာက ပြောပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပါတ်သက်ပြီး EU အဖွဲ့မှ လာမည့် မတ်လ ၇ ရက်နေ့ လွိုင်ကော်မှာ ပြုလုပ်မယ့် (Multi-sectors assessment ) ဘက်စုံ အကဲခတ်မှု အစည်းအဝေးကို KNWO အပါအ၀င် လူမှုအသင်းအဖွဲ့များမှ တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကိစ္စရပ်တွေက မသေချာ မရေရာဖြစ်နေသေးတဲ့ အခြေအနေမျိုးမှာ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကြောင့် အပစ်အခတ်ရပ်စဲရေး မပျက်စေလိုတဲ့အတွက် လာမည့်အစည်းအဝေးမှာ ကရင်နီလူမှုအသင်းအဖွဲ့တို့မှ လုပ်သင့်လုပ်ထိုက်တာနဲ့ မလုပ်သင့်မလုပ်ထိုက်သေးတဲ့ ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ပြတ်ပြတ်သားသား ဆွေးနွေးတင်ပြဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
"အခုသွားနေတာကလည်း ငြိမ်းချမ်းရေးကို အစပြုနေတာဖြစ်တယ်။ တကယ် ငြိမ်းချမ်းရေးရမှ သာလျှင် ဖွံ့ဖြိုးရေးဆိုတာ လာရမှာဖြစ်တယ်။ အခုက တစ်ပြိုင်နှက် Plan (အစီအစဉ်)က နှစ်ခုဖြစ်နေတော့ လူထုတွက် ပိုပြီးရှုပ်ထွေး မူတွေ ဖြစ်နိုင် တယ်" လို့ မော်သိုးမြာက ပြောပါတယ်။
ဖွံ့ဖြိုးရေးကိစ္စတွေမှာ လိုအပ်မည့် အကူအညီတွေ ပြင်ဆင်နိုင်ဖို့ ဖေဖော်ဝါရီ ၁၃ ရက်က EU အဖွဲ့မှ ပါတနာ အဖွဲ့အစည်းတွေနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီလူမှုအသင်းအဖွဲ့များ၊ ကရင်နီ ဒုက္ခသည်တွေနဲ့အတူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့နဲ့ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဖွံ့ဖြိုးရေးနဲ့ပါတ်သက်ပြီး "ရုပ်ဝတ္ထုတိုးတက်ရေး လမ်း၊ တံတား အဆောက်အဦးတွေထက် ပြည်သူလူထုရဲ့ အတွေးခေါ် အမြော်အမြင်တွေ တိုးတက်ဖိုလိုတယ်ပေါ့လေ ဖြစ်သင့်တာတွေကတော့ အပစ်ခတ်ရပ်စဲရေးလုပ်မယ် နိုင်ငံရေးတည်ငြိမ်ရေး တည်ငြိမ်အောင်လုပ်ပြီးမှ  ဖွံ့ဖြိုးရေးလုပ်ရင် နှောင်ကြိုးမဲ့ ပြသာနာကို ငြိမ်းသက်စေတဲ့ ဖြစ်စဉ်မျိုးဖြစ်တယ်" လို့ ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ (KSWDC) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က ပြောပါတယ်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .