Social Icons

Tuesday, October 16, 2012

တရားဥပဒေစိုးမိုးရေးဆိုတာ …

(နိုင်ငံရေးအကျဉ်းသားဟောင်းတဦးရဲ့ ဖွင့်ဟချက်)
စိန်သံလုံး

ကျနော့်အိမ်ကို ရဲအထူးတပ်ဖွဲ့ (SB) က ည ၁၀ နာရီလောက် ရောက်လာတယ်။ ပြည်ထဲရေးကပါတဲ့။ လူကြီးတွေက မေးစရာရှိလို့ ခဏလိုက်ခဲ့ပါတဲ့။ အဲဒီ ခဏကတော့ နှစ်နဲ့ချီသွားတယ်။ ဖမ်းတယ်လို့ ပွင့်ပွင့်လင်းလင်း မပြောဘူး။ ပြောရင် ဖမ်းဝရမ်းတွေ ဘာတွေ ပြရမယ်လေ။ ဒီတော့ မေးစရာရှိလို့ဆိုပြီး မလိမ့်တပတ်နဲ့ ခေါ်တယ်။ အောင်သပြေမှာ စစ်တယ်။ တညလုံး အိပ်ခွင့်မပေးဘဲ ၂ ရက် ၂ ည စစ်တယ်။ စစ်တဲ့ လူတွေသာ ပြောင်းသွားတာ။ အစစ်ခံရတဲ့ လူကို အိပ်ခွင့်မပေးဘူး။

အဲဒီကစပြီး လူ့အခွင့်အရေးချိုးဖောက်တာပဲ။ လူတယောက်က အိပ်ခွင့်မရတဲ့အခါ စိတ်တွေ ကယောင်ကတမ်း ဖြစ်ကုန်ရော။ အဲဒီစိတ်ကို ဖိနှိပ်ပြီးတော့ ဇွတ်ဝန်ခံခိုင်းတယ်။ သူတို့လိုသလို ပုံသွင်းတယ်။ ရိုက်နှက်နှိပ်စက်တာတွေ၊ ကျင်စက်နဲ့ တို့တာတွေ၊ လက်ပြန်ကြိုးတုပ် ထုတ်မှာ ဆွဲထားပြီး ရိုက်တာတွေက သူတို့ လုပ်နေကျ ထုံးစံပဲ။ တိုက်ပေါ်က ကျသေသွားတဲ့ မနန်းဝိုးဖန်းကိုလည်း စသုံးလုံးက အိပ်ခွင့်မပေးဘဲ ဒီလိုပဲ စစ်ခဲ့တာပဲ။ သူတို့က ကိုယ်ချင်းစာနာမှုမရှိတာ သိသာတယ်။ စသုံးလုံးပဲဖြစ်ဖြစ်၊ ဒနဆိုတဲ့ ဒုစရိုက်နှိမ်နင်းရေး ရဲပဲဖြစ်ဖြစ်၊ SP ရဲပဲဖြစ်ဖြစ်၊ မြို့နယ်ရဲပဲဖြစ်ဖြစ်၊ အကျင့်တွေက တူနေတာပဲ၊ တချို့မြို့နယ်ရဲဆို ရိုက်စစ်တာ လက်လွန်ပြီး အဖမ်းခံရတဲ့သူ သေရော။ ခုလွတ်လာကြတဲ့ လူတွေကို သွားမေးကြည့်၊ သူတို့ နှိပ်စက်ခံရတာတွေ မတရား ညှင်းပန်းခံရတာတွေက တထောင့်တည မကဘူး၊ တသန်းတည ဖြစ်မယ်။

အောင်သပြေ စစ်ကြောရေးစခန်းက နာမည်ကြီးတယ်။ တရားခံ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့လိုသလို ပုံသွင်းပြီး တရားခံအဖြစ် ၀န်ခံခိုင်းတယ်။ သူတို့က တရားခံကို ဖမ်းပြနိုင်တယ်ဆိုပြီး လက်မထောင်တာပေါ့။ တကယ်တော့ ရန်ကုန်မြို့မှာ ရဲက မဖော်နိုင်တဲ့ အမှုတွေ အများကြီးပါ။ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင်သတ်မှုက ခုထိ ပေါ်လို့လား။
အရင်တုန်းက ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးက ဗုံးခွဲတာ ဘယ်သူတွေပါဆိုပြီး အတင်းဝန်ခံခိုင်းလို့ ထောင်ကျရသူတွေ ဒုနဲ့ဒေး။ အဲဒီလို ဇွတ်ဖန်တီးမှုတွေရဲ့ သားကောင်တွေကတော့ ကိုသန်းဇော်၊ ညီညီဦးနဲ့ ဖြိုးဝေအောင်တို့ကို သက်သေပြရမှာပါ။ ဖြိုးဝေအောင်ကိုတော့ ဗိုလ်ခင်ညွန့် မရှိတော့တဲ့ နောက်ပိုင်းခေတ်မှာ ရဲက ဇွတ်ဝန်ခံခိုင်းပြီး သူတို့ တာဝန်ကျေ ဖမ်းပြခဲ့တာပါ။ ခုတော့ သူတို့ ၃ ဦးကို လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ကိုသန်းဇော်နဲ့ ညီညီဦးတို့က နှစ်ကြာလို့ နစ်နာလွန်းပါတယ်။

နောက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက စာအိတ်စီရင်ချက်တွေပါ။ နိုင်ငံရေးသမား တော်တော်များများနဲ့ အစိုးရကို ဆန့်ကျင်သူ တော်တော်များများကို တရားဥပဒေအရ မဟုတ်ဘဲ စာအိတ်နဲ့ စီရင်ချက်ချတာပါ။ အဲဒီ စီရင်ချက်ချတာကို အယူခံဝင်ခွင့် မရသလို ရခဲ့ရင်လည်း မနိုင်ပါဘူး။ အယူခံဝင်ဖို့ အမှုတွဲဖူးတဲ့ ရှေ့နေကိုတောင် ကြိမ်းမောင်း ခြိမ်းခြောက်တာမျိုးတွေလည်း ရှိပါတယ်၊ အဲဒါကြောင့် မြန်မာပြည်မှာ လူ့အခွင့်အရေး ဆုံးရှုံးမှုက ကြီးမားလွန်းပါတယ်။

အရင်တုန်းက လူ့အခွင့်အရေးစကား မပြောနဲ့၊ ဒီမိုကရေစီစကား မပြောနဲ့၊ ပြောရင် အဖမ်းခံရမယ်။ နိုင်ငံရေးစကား လာမပြောနဲ့၊ ပြောရင် အဖမ်းခံရမယ်ဆိုတဲ့ ကြောက်စိတ်တွေ ရှိခဲ့တယ်။ မြန်မာနိုင်ငံမှာ အမြင်ကတ်တဲ့ လူတွေကို ဒုက္ခပေးလို့ရတဲ့ ဥပဒေ ပုဒ်မတွေ ရှိတယ်။ ပုဒ်မ (၅) နဲ့ ပုဒ်မ ၁၀ (က) ပုဒ်မ ၁၀ (ခ)၊ ၁၇ (၁) ၁၇ (၂)၊ ၁၃ (၁) (၂) တို့ပဲဖြစ်တယ်။ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများ ကာကွယ်ရေးပုဒ်မဖြစ်တဲ့ ပုဒ်မ (၅) နဲ့ ပုဒ်မ ၁၀ (က) ၁၀ (ခ) တွေ တပ်ပြီး ဖမ်းဆီးထောင်ချမှုတွေ၊ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ပြဿနာရှာတဲ့ ၁၇ (၁) ၁၇ (၂)၊ နယ်စပ်ဖြတ်ကျော်မှု ပုဒ်မဖြစ်တဲ့ ၁၃ (၁) (၂) တို့ကို အာဏာရှင်တို့က သူတို့ အာဏာတည်မြဲရေးအတွက် အသုံးချခဲ့တာကတော့ တရားဥပဒေစိုးမိုးမှုကို တော်တော်လေး ထိခိုက်စေတာပေါ့ဗျာ။ သူတို့က လိုရင်လိုသလို မလိုရင်မလိုသလို ပြစ်ဒဏ်ချလေ့ရှိတယ်။ အမြင်ကတ်တဲ့ ပုဒ်မဆိုတာ အဲဒါပေါ့။

ကျောင်းသားလှုပ်ရှားမှုသမိုင်း ရေးတဲ့ ကိုအောင်ထွန်းကို နှစ် ၂၀ ကျော် အလွန်အကျွံ ဥပဒေမဲ့ ထောင်ချတယ်။ ၁၅ နှစ်ကျော် ထောင်ထဲမှာ နေပြီးမှ ပြန်လွတ်တာ။ တပ်မတော်သို့ အကြံပြုစာရေးတဲ့ ကိုစောသက်ထွန်းနဲ့ ကိုကြည်လွင်တို့ကို အနှစ် ၂၀ ကျော် ချတယ်။ ထောင်ထဲမှာ ၁၀ နှစ်ကျော်နေပြီးမှ ပြန်လွှတ်တယ်။ သင်္ကန်းကျွန်း NLD ဥက္ကဌ ဦးတင်မြကို သူ့ပါတီဝင်တွေ ထိုင်းနိုင်ငံမှာ ဖောက်ခွဲရေးသင်တန်း တက်တယ်ဆိုပြီး ထိန်ချန်မှုနဲ့ ထောင်ချတယ်။ သူ့ပါတီဝင် ၅ ယောက်ကိုလည်း ကြံရာပါအဖြစ် ဆွဲထည့်တယ်။ ဖမ်းထားတဲ့ တရားခံတွေက အဲဒီလူတွေ မပါဘူးဆိုလည်း မရဘူး။ NLD ဖြစ်ရင် ထောင်ချပစ်မယ်ဆိုတဲ့ စီမံကိန်းကို ဇွတ်အကောင်အထည်ဖော်ခဲ့တာပေါ့။ (တောင်ကြီးထောင်က မကြာခင်က လွတ်လာတဲ့ ကျောင်းဆရာ ဦးရွှေထူးကိုလည်း အမှုဆင်ပြီး ဖောက်ခွဲမှုနဲ့ ဇွတ်ထောင်ချခဲ့တာပဲ)

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပုဒ်မ ၁၀ (ခ) နဲ့ နေအိမ်အကျယ်ချုပ်တွေကို ပထမအကြိမ် ၆ နှစ်၊ နောက်တခါ ၂ နှစ်၊ နောက်တခါ ဒီပဲယင်းမှာ ၀ိုင်းရိုက်ခံရပြီး ၆ နှစ်၊ စုစုပေါင်း ၁၄ နှစ် အချခံခဲ့ရတယ်။ ပိုပြီးဆိုးတာက ရန်ပြုခံရတဲ့လူတွေကို အရေးယူပြီး ရန်ပြုသူတွေကိုတော့ ခုချိန်ထိ ဖော်ထုတ်အရေးယူခြင်း မပြုတာ ဘာကြောင့်လဲ၊ ရှင်းနေတာပါပဲ။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ရက် တည်ထောင်ပြီး လူ့အခွင့်အရေးကိစ္စတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ကိုမြင့်အေးကိုလည်း ဖောက်ခွဲပုဒ်မနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ မတရားချပြီး အဓမ္မ ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့တာ ခုချိန်ထိ လွိုင်ကော်ထောင်က မလွတ်သေးဘူး။ ထောင်ချရုံနဲ့ မကျေနပ်သေးဘူး၊ ရန်ကုန်က လူကို ရန်ကုန်နဲ့ ဝေးရာထောင်၊ မန္တလေးက လူကို မန္တလေးနဲ့ ဝေးရာထောင်၊ တောင်ကြီးက လူကို တောင်ကြီးနဲ့ ဝေးရာထောင်တွေကို ပို့ပြီး မိသားစုနဲ့ လွယ်လွယ်မတွေ့နိုင်အောင် ညစ်ကွက်တွေ ဖန်တီးထားတာကလည်း ယုတ်မာလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုတာ ငြင်းလို့မရပါဘူး။

ဒါ့အပြင် NLD က အဖွဲ့ဝင်တွေ နိုင်ငံရေးမလုပ်ရဲအောင် ပုံစံအမျိုးမျိုးနဲ့ ဟန့်တားရုံမကဘူး၊ အမှုဆင် ထောင်ချနေတဲ့ လုပ်ရပ်တွေကိုလည်း မြင်ရကြားရမှာပါ။ လူ့အခွင့်အရေးချိုးဖောက်ရုံမကဘူး၊ အင်မတန် ရက်စက်ယုတ်မာခဲ့တဲ့ ဖြစ်ရပ်များကတော့ သမိုင်းမှာ ဖျောက်ဖျက်လို့ မရတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် လွှတ်ရမယ့်ရက် နီးလာလို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော ခြံထဲဝင်လာတာကို လက်ခံမှုနဲ့ ထပ်ပြီး နေအိမ်အကျယ်ချုပ် ထပ်တိုးခဲ့တယ်။ ခြံထဲဝင်လာသူကို ဖမ်းဖို့ ဒေါ်စုအိမ်မှာ တာဝန်ကျတဲ့ လုံခြုံရေးမှာ တာဝန်မရှိဘူးလား။ အိမ်ရှင် အရေးယူခံရတဲ့ ဖြစ်ရပ်ကလည်း ကမ္ဘာကျော် အမှုဆင် ဇွတ်အရေးယူမှုပဲ။ ကိုယ့်အိမ်ထဲ ၀င်လာတဲ့ သူခိုးကို ပြန်လွှတ်ပြီး အိမ်ရှင်ကို ချုပ်နှောင်ထားခြင်းဟာ ရွေးကောက်ပွဲ မ၀င်နိုင်အောင် ကြံစည်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးမှ တပတ်အတွင်း ပြန်လွှတ်ခဲ့တာကလည်း သိသာလွန်းတဲ့ ကြိုတင်ကြံစည်မှုတခုပါပဲ။ (အဲဒီ မစ္စတာယက်တောကိုလည်း အခုဆို အမည်မဲစာရင်းကတောင် ဖျက်ပေးလိုက်ပြီ၊)

ဒီလို တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့ လုပ်ရပ်တွေကို စစ်အစိုးရအဆက်ဆက် မတရား ဖမ်းဆီးထောင်ချခဲ့ပြီး ပုဒ်မအမျိုးမျိုးနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ သတ်မှတ်ခဲ့တာတွေကလည်း သက်သေပြနေတာပဲ။ လူရွှင်တော် ဇာဂနာကို ၅၉ နှစ်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဝင်တွေကို ၆၅ နှစ်ဆိုပြီး အပြစ်မရှိ အပြစ်ရှာ နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တယ်။ အဲဒီလို နှစ်ရှည်ထောင်ဒဏ်ချတာကို ၅ နှစ်လောက်နဲ့ ပြန်လွှတ်ပေးလို့ဆိုပြီး မတရားခံရသူတွေက ကျေးဇူးတင်နေရမှာလား။

တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ လွတ်လပ်သော၊ မျှတသော၊ သန့်ရှင်းသော၊ ကောင်းမွန်သော အစိုးရ မဖြစ်နိုင်ပါဘူး။ ခေတ်အဆက်ဆက် ယုတ်မာရက်စက်မှု၊ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်နေကြသူများက ဘောင်းဘီချွတ်ပြီး ပုဆိုးတိုက်ပုံဝတ်ထားရုံနဲ့ ပြောင်းလဲသွားပြီလို့ ဆိုလို့မရနိုင်ပါဘူး။ ရာဇ၀င်ကြွေးဆိုတာ ရာဇ၀င်တွင်ပြီး သမိုင်းဝင်တတ်တာမို့ သမိုင်းရဟတ် တပတ်လည်ရမှာက ဓမ္မတာပါပဲ။ အကျဉ်းသားတွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရသစ်က ခြွင်းချက်မရှိ လွှတ်မပေးတာကလည်း သူတို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို သက်သေထူနေပါတယ်။ (အင်မတန် ရက်စက်ပါတယ်ဆိုတဲ့ ဗိုလ်ချူပ်နေ၀င်းတောင် ၁၉၆၃ ခု ဧပြီလ ၁ ရက်က မြေပေါ်မြေအောက် တောတွင်းက လူတွေပါမကျန် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။ ၁၉၈၀ မေ ၂၅ ရက်နေ့မှာလည်း သံယာဂိုဏ်းပေါင်းစုံ ဖွဲ့စည်းခြင်း အောင်ပွဲအတွက် ၂/၈၀ အမိန့်နဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။ အခု ဒီမိုကရေစီအစိုးရကတော့ အကျဉ်းသားတွေကို ၀က်အူတရစ်ချင်း ရစ်ပြီး ပြန်ပေးဆွဲထားသလို ဈေးဆစ်နေတုန်းပဲ။ (အဓိကတော့ အမေရိကန်ကို ဈေးဆစ်နေတာ။)

လက်ပံတောင်းတောင် အရေးအခင်းကလည်း တရားဥပဒေစိုးမိုးမှုကို အလွဲသုံးစားလုပ်နေတာ လယ်သမား၊ ယာသမားတွေ လယ်ပိုင်အိမ်ပိုင် ဖျက်ဆီးခံရပြီး မြန်မာ့စီးပွားရေးဦးပိုင် ကောင်းစားဖို့ လုပ်နေတာ (ပြောတော့ နိုင်ငံတော်စီမံကိန်းတဲ့၊ တကယ်အကျိုးရှိတာက ဦးပိုင်က လူကြီးတွေအတွက်ပဲ)။ ရန်ကုန်က သင်္ကြန်မဏ္ဍပ်မှာ ဗုံးခွဲတယ်ဆိုတဲ့ သက်သေ မခိုင်လုံတဲ့ စွပ်စွဲချက်နဲ့ တသက်တကျွန်း အပြစ်ပေးခံရတဲ့ ဖြိုးဝေအောင်ကို နိုင်ငံတကာက ဖိအားပေးလို့ ပြန်လွှတ်လိုက်ပေမယ့် ထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ သေဒဏ်ကနေ ထောင်တသက် ပြစ်ဒဏ်ပြောင်းခြင်းခံရသူတွေ ခုချိန်ထိ မလွှတ်သေးတာကလည်း ပြန်ပေးသမားတွေလို ဓားစာခံလုပ်တဲ့ လုပ်ရပ်မဟုတ်လို့ ဘယ်လို လိမ်လည်မှုတွေနဲ့ ဆင်ခြေပေးဦးမှာလဲ။ အဲဒါတွေကလည်း အရင်အစိုးရလို မဟုတ်ပါဘူးလို့ ငြင်းလို့မရတဲ့ ရက်စက်ယုတ်မာမှု၊ တရားဥပဒေကို မထီလေးစားမှုတွေပဲ။ အကျဉ်းသားတွေဟာ ခုချိန်ထိ ထောင်ပိုင်၊ ထောင်မှူး၊ ထောင်ဝါဒါတွေရဲ့ ဒုက္ခပေးခြင်းကို ခံရတုန်းပဲ။ ထောင်တွင်းမှာ နည်းပေါင်းစုံနဲ့ အနိုင်ကျင့်တာကိုလည်း ခံနေရဆဲပဲ။

တရားဥပဒေစိုးမိုးမှုမရှိဘဲ လူ့အခွင့်အရေးကို ဘယ်လို ကာကွယ်မှာလဲ။ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်မှာလဲ။ တရားမျှတစွာ အုပ်ချုပ်တဲ့ အစိုးရလို့ ဘယ်လို ခေါ်ရမှာလဲ။ အခုလည်း ကြည့်လေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဌနေရာ ပေးခဲ့ပေမယ့် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်းမရှိဘူး။ လွှတ်တော်ကို တင်ပြရမယ်ဆိုရုံနဲ့ လုပ်လို့မရဘူးဆိုတာ သိသိကြီးနဲ့ ဖန်တီးထားတဲ့ လုပ်ရပ်ကလည်း ကမ္ဘာကျော် လိမ်လည်မှုကြီးတခုပါပဲ။ နိုင်ငံပိုင်ငွေကြေးတွေကို အလွဲသုံးစားမှုနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုကို အရေးယူနေပြီ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အကာအကွယ်ယူပြီး အပြစ်ဟောင်းတွေကို အရေးမယူဖို့ ကြိုတင်ကြံစည် ရေးဆွဲခဲ့တဲ့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေကို အရေးမယူဘဲ ဒီအတိုင်း ပစ်ထားတော့မှာလား။ တရားဥပဒေဆိုတာ အရိုးဆွေးသွားတောင် အရေးယူလို့ ရတာပဲ။ ဥပဒေအရ ငြိစွန်းနေရင် ရာဇ၀တ်ဘေးက ပြေးမလွတ်ပါဘူး။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အကာအကွယ်ယူထားပါစေ၊ နိုင်ငံတကာတရားရုံးက လုပ်ပိုင်ခွင့်ရှိတာပဲ။ တနေ့နေ့ … တချိန်ချိန် … တနေရာရာမှာတော့ မတရားမှုတွေကို တရားဥပဒေနဲ့ စိုးမိုးနိုင်တောမယ့် အခြေအနေကို စောင့်ကြတာပေါ့။ (Duwa Kachin)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .