Social Icons

Friday, August 17, 2012

အမတ်တွေကို လွှတ်တော်ထဲက ဆွဲထုတ်နိုင်ပြီ(irrawaddy)



အမတ်တွေ အလုပ်ကောင်းကောင်းမလုပ်ရင် လွှတ်တော်ထဲက ဆွဲထုတ်နိုင်ပါတယ် လို့ ဒီကနေ့ အစိုးရသတင်းစာများမှာ ပါဝင်တဲ့ ဆောင်းပါးရှည်တစောင်မှာ ဥပဒေပညာရှင်တယောက်က ထောက်ပြထားပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များ မိမိတို့အကျိုးကို လုပ်ဆောင်ခြင်းမရှိလျှင် ပြန်လည် ခေါ်ယူ ဖြုတ်ချနိုင်သော (မူလမဲဆန္ဒရှင် စုစုပေါင်း၏ တစ်ရာခိုင်နှုန်းသာလိုသည်) အခွင့်အာဏာရှိသည်"
လို့ မောင်အေးချမ်း(ဟားဗတ်)က ရေးလိုက်ပါတယ်။

ဒီလိုလုပ်နိုင်တယ် ဆိုတာကို မြန်မာပြည်သူတွေ မသိကြသေးဘူး လို့လည်း သူက မှတ်ချက်ချထားပါတယ်။

ဆောင်းပါးမှာ ရေးသားချက်များအရ သူဟာ အမေရိကန်နိုင်ငံရောက် ပညာရှင်တဦး ဖြစ်ပါတယ်။

ဆောင်းပါးရေးရခြင်း ရည်ရွယ်ချက်က အခုတလော နေပြည်တော်မှာ ပြောနေကြတဲ့ "လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူး" ဆိုတဲ့အချက်ကို သက်သေပြချင်လို့ ဖြစ်ပုံရပါတယ်။

ဒီအကြောင်းအရာကြောင့် ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ပြဿနာ တက်နေကြတာပါ။

ဆရာမောင်အေးချမ်း(ဟားဗတ်)က ခုံရုံးဘက်က ရာနှုန်းပြည့်မှန်တယ်လို့ ထောက်ပြပါတယ်။

ကော်မတီတွေ ပြည်ထောင်စုအဆင့် မရှိဘူး တဲ့။

ဖွဲ့စည်းထားသော ၄ဝ ကျော်၌ ကော်မတီဝင်/ကော်မရှင် အဖွဲ့ဝင် စုစုပေါင်း ၆ဝဝ ကျော် ရှိနေကြောင်း တွေ့ရှိရသည်။ ဤအချက်အရ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ လွှတ်တော် အမတ်ပေါင်း ၆ဝဝ ကျော် ရှိလာမည် ဆိုသည့် သဘောကို ဆောင်နေခြင်းဖြစ်သည် လို့ သူက ထောက်ပြပါတယ်။

ခုံရုံးအဖွဲ့ကို ဖျက်သိမ်းချင်နေတဲ့ လွှတ်တော်အမတ်များကိုလည်း သူက အကြံကောင်းတခုလည်း ပေးထားပါတယ်။ ဒီလိုပါ ~

"ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် သုံးပုံနှစ်ပုံကို ကျော်လွန်သော လွှတ်တော် ကိုယ်စားလှယ်(၃ဝ၁)ဦးက လက်မှတ် ရေးထိုး ထောက်ခံထားသည်ဟု သိရှိရသည်။ သို့ဆိုလျှင် ယင်းတို့လိုလားသော ပြည်ထောင်စုအဆင့် ရရှိရေး ရည်မှန်းချက်ကို ရရှိထားသော ကိုယ်စားလှယ်အင်အားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းများ ဆောင်ရွက်လျှင်ကော မရနိုင်ဘူးလား"

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခုံရုံးအပေါ် ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး မြန်မာ့နွေဦးပျက်သွားဖွယ်ရှိတယ် ဆိုတာ အပါအ၀င် သူ့သုံးသပ်ချက် ၅ ခုကိုလည်း တွေ့ရပါတယ်။

"ပြည်သူ့လွှတ်တော်၏ ဤကြိုးပမ်းဆောင်ရွက်ချက်သည်-
(၁) အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ခုံရုံး၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို လျစ်လျူရှုရာ ရောက်သွားစေပြီး ခုံရုံး၏ အခန်းကဏ္ဍကို နိဂုံးချုပ်စေလိုက်ခြင်းဖြစ်သည်။

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ဒီမိုကရေစီ အနှစ် သာရ သဘောများ၊ တရားစီရင်ရေးမဏ္ဍိုင်၏ သီးခြားလွတ်လပ်စွာ တည်ရှိမှုတို့ကို ပျက်သုဉ်းစေပြီး အခြေခံဥပဒေဆိုင်ရာ အမြင့်ဆုံး တရားရုံးဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား Rubber Stamp အမည်ခံတံဆိပ်တုံးထုသည့် အခြေအနေသို့ ရောက်ရှိစေခြင်းဖြစ်သည်။

(၃) ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မူလကိုယ်ထည် အနှစ်သာရဖြစ်သော အပြန်အလှန် ထိန်းကျောင်းမှုယန္တရားနှင့် ညီမျှစေသော ချိန်ခွင်လျှာကို ပျက်စီးစေခြင်းဖြစ်သည်။

(၄) သမိုင်းတွင်မည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်လာမည်ဖြစ်သလို နှောင်းလူတို့မှ စံနမူနာယူဖွယ်ရာ သမိုင်းအမှားတစ်ရပ် အမွေထားရစ်ခဲ့ခြင်းဖြစ်သည်။

(၅) မြန်မာ့ဒီမိုကရေစီ၏ အနာဂတ်သည် ခြိမ်းခြောက်မှုအဆင့်သာ မဟုတ်တော့ဘဲ အန္တရာယ်ကျရောက်သည့်အဆင့်သို့ ကူးပြောင်း ရောက်ရှိစေခြင်းဖြစ်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည် လေးစားမှု၊ အထူးသဖြင့် ဒီမိုကရေစီ ကူးပြောင်းရေး ဖတ်စာအသစ် ဖြစ်သော မြန်မာ့နွေဦး၏အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်
"


အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ကိုးကားပြီး ဆရာမောင်အေးချမ်း(ဟားဗတ်)က ဒီဆောင်းပါးကို ရေးထားတာ ဖြစ်ပါတယ်။

သူရေးသားထားချက်အရ ဆိုရင်တော့ လွှတ်တော်အမတ်များ နာဂစ်အခြေခံဥပဒေကို မဖတ်ကြဘူး သို့မဟုတ် သေချာ မဖတ်ကြဘူးလို့ ယူဆရပါတယ်။

ဆိုခဲ့သလိုပဲ ဥပဒေပညာရှင်
ဆရာမောင်အေးချမ်း(ဟားဗတ်)ကတော့ အမတ်တွေကို လွှတ်တော်ထဲကနေ "ပြန်လည် ခေါ်ယူ ဖြုတ်ချနိုင်သော" အာဏာဟာ မဲဆန္ဒရှင်တွေဆီမှာ ရှိနေတယ်လို့ သတင်းစာဆောင်းပါးမှာ ထောက်ပြထားကြောင်း ညွှန်းလိုက်ပါတယ်။
(ကြုံလို့ ပြောရရင် - အမတ်ချင်းတူပေမယ့် မိုးကျရွှေကိုယ် လို့ လူသိများတဲ့ တမတ်သား စစ်တပ်ကိုယ်စားလှယ်များကိုတော့ ပြည်သူတွေက လွှတ်တော်ထဲကဆွဲထုတ်ခွင့် မရှိပါဘူး)

ဆက်စပ်
ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီး

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .