Social Icons

Monday, December 23, 2013

ကချင်မျိုးနွယ်စုများအားလုံး သန်းခေါင်စာရင်းတွင် ကချင်အမည် တစ်မျိုးတည်းသာ သုံးမည်


20 December 2013 by Mizzima ( ဖနိဒါ )

ကချင်မျိုးနွယ်စု များစွာရှိသည့်အနက် “ကချင်” ဆိုသော အမျိုးသားအမည်တစ်မျိုးတည်းကို အသုံးပြုရန် ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပနေသော ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းဆွေးနွေးပွဲက ဒီဇင်ဘာ ၁၉ ရက်တွင် ဆုံးဖြတ်လိုက်သည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်တွင် စတင်ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် လူမျိုးနေရာတွင်“ကချင်”ဟု ထည့်သွင်းသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့က ကချင်ဆိုတဲ့ခေါင်းစဉ် ကချင်မျိုးနွယ်စုထဲမှာ ပါဝင်တဲ့ လောင်ဝေါ၊ လချိတ်၊ ဇိုင်ဝါ၊ ဂျီးဖော့ အားလုံးပါတယ်။ အဲဒါ ကြောင့် သန်းခေါင်စာရင်းထည့်တဲ့အခါ ကချင်ဆိုတဲ့အမည်နာမကို အားလုံးသုံးဖို့ဆိုပြီး တက်ရောက်လာ သူ အားလုံး သဘောတူပြီး ဆုံးဖြတ်တယ်”ဟု ဆွေးနွေးပွဲ တက်ရောက်လာခဲ့သူ ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

အစိုးရမှကောက်ခံမည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုးစု ၁၂ ခု ထည့်သွင်းထားသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ဆိုလိုက်ပြီး ကချင်လူမျိုးစု ခြောက်စုသာ ရှိသည်ဟု ဆိုသည်။

“အစိုးရက တခြားဆီဖြစ်တယ်ဆိုပြီး ခွဲပေးလိုက်တယ်။ အဲဒါကို ဆွေးနွေးကြတယ်။ ကျွန်တော်တို့က အရင်ကတည်းကနေ စကားမတူပေမယ့် လူမျိုးတစ်မျိုးပဲ။ ရိုးရာယဉ်ကျေးမှုကလည်း တစ်မျိုးတည်းပဲ” ဟု ပြောသည်။

ကချင်မျိုးနွယ်စု ဂျိန်းဖော့၊ လောင်ဝေါ်၊ လချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရ၀မ်နှင့် နုန် ဟူ၍ ခုနစ်မျိုးရှိသည်ဟု သတ်မှတ်သော်လည်း မြစ်ကြီးနားမြို့ ကချင်ယဉ်ကျေးမှုအဖွဲ့က နုန်နှင့်ရ၀မ်အား ပေါင်းလိုက်ကာ ကချင်မျိုးနွယ်စု ခြောက်မျိုးသာ သတ်မှတ်ထားသည်ဟု ဦးဒွဲပီဆားက ပြောသည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှစတင်ကာ ဧပြီလ ၁၀ ရက်အထိ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရာတွင် မျိုးနွယ်စုပေါင်း ၁၃၅ မျိုးကို အခြေခံ၍ ကောက်ယူသွားမည်ဆိုသည့်အပေါ် တိုင်းရင်းသားများအကြား စိုးရိမ်မှုများ ရှိနေသည်။

“လူမျိုးစုတွေ စဉ်းစားနိုင်တာကတော့ လူမျိုး ၁၃၅ မျိုးဆိုပြီးတော့ ခွဲပြီး လုပ်လိုက်တဲ့အပေါ်မှာ တချို့က တော့ ဥပမာ ချင်းဆိုရင်တော့ တစ်မျိုးတည်း တစ်ပြည်ထောင်ထဲမှာဘဲ။ ဒါပေမဲ့ သူက ၅၃ မျိုးတောင် ထွက်ထားတော့ ဒါက တမင်တကာကို ပိုပြီးကွဲသွားအောင် လုပ်တဲ့သဘော သက်ရောက်နိုင်မလားဆိုတဲ့ဟာမျိုးတွေ စိုးရိမ်တယ်”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အတွင်း ရေးမှူး နိုင်ဟံသာက ပြောသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ခံရာတွင် ဒေသအလိုက် ဘာသာစကားနားလည်သည့် လူများကိုသာ သန်းခေါင်စာရင်း ကောက်ခံစေရန် ထည့်သွင်းစဉ်းစားစေလိုသည်ဟု “အစိုးရက လူမျိုးစု ၁၃၅ စုကို အခြေခံပြီးတော့ ကောက်မယ်ဆိုတဲ့အပေါ်မှာ ကျွန်မတို့ စိုးရိမ်တဲ့အချက်က ဒါက သိပ်များနေတယ်။ သိပ် ဖောင်းပွနေတယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှအဖွဲ့ဝင် မနင်လီခေါန်က ဒီဇင်ဘာ ၁၂ ရက်က မဇ္ဈိမ ကို ပြောသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည့်အချိန်တွင် အစိုးရ သတ်မှတ်ထားသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးသည် အတိုးအလျှော့အပြောင်းအလဲ ရှိလာနိုင်သည်ဟု ယဉ်ကျေး မှုဝန်ကြီးဌာနက ဒု-၀န်ကြီး ဒေါ်စန္ဒာခင်က သတင်းဌာနများသို့ ထုတ်ဖော်ပြောဆိုထားသည်။

လတ်တလော သန်းခေါင်စာရင်းကောက်ခံမည့်သူများကို သင်တန်းပေးနေပြီဖြစ်ပြီး လူဝန်မှုကြီးကြပ်ရေး ၀န်ထမ်းများနှင့်အတူ မူလတန်း၊ အလယ်တန်း ကျောင်းဆရာ၊ ဆရာမများနှင့် တက္ကသိုလ် ကျောင်းသားများကို ခေါ်ယူအသုံးပြုသွားမည်ဖြစ်သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .