Social Icons

Monday, February 4, 2013

ရွှေလီငြိမ်းချမ်းရေးဆွေးနွေးပွဲ တရုတ် ကြားဝင်ဆောင်ရွက်ပေး



DVB ၀၃ ဖေဖော်ဝါရီ ၂၀၁၃

တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်ပေးမှုနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေတယ်လို့ ကေအိုင်အိုက အတည်ပြုပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ကေအိုင်အို ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကေအိုင်အို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ ရွှေလီမြို့မှာ တွေ့ဆုံဖို့ရှိနေတာပါ။

ဒီတွေ့ဆုံပွဲဖြစ်မြောက်အောင် တရုတ်ဗဟိုအစိုးရအဖွဲ့က ကြားဝင်စီစဉ်ခဲ့တာဖြစ်ပြီး လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အလွတ်သဘောအကြိုညှိနှိုင်းတဲ့ သဘော ဖြစ်တယ်လို့ ကေအိုင်အိုပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ဘက်က ပြောဆိုထားတဲ့ တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်အစိုးရကနေပြီး ကြားကနေ ပါဝင်ဆောင်ရွက်ပေးဖို့ အဆိုပြုချက်ရှိတယ်။ အဲအပေါ်မှာ တရုတ်အစိုးရကနေပြီး နောက်လာမယ့် ဆွေးနွေးမှုနှင့်ပတ်သက်ပြီး ကြိုတင်ညှိနှိုင်းတဲ့ သဘောလို့ပဲ ကျနော် နားလည်ထားတယ်။ ရက်သတ်မှတ်တာ၊ ဘယ်မှာတွေ့မယ်ဆိုတာကတော့ တရုတ်အစိုးရကပဲ စီစဉ်မှာပါ။ အဲအစီအစဉ်ထဲမှာပဲ ကျနော်တို့က လာတဲ့ သဘောပါပဲ။ ခုရက်ပိုင်းအတွင်း နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာတဲ့အပေါ်မှာ တရုတ်အစိုးရကလည်း တော်တော်လေး အာရုံစိုက်တဲ့သဘော လုပ်လာတယ်။ တော်တော်များများ လာပြီးတော့ တွေ့ဆုံတာမျိုး လုပ်လာတယ်။ နောက်ပိုင်း သူတို့ ကမ်းလှမ်းတဲ့အထိ ရှိလာတယ်။ အဲဒါကြောင့်ပဲ ကျနော်တို့က အဆောတလျင်ကြေညာချက်ထုတ်ပြန်တာမျိုး၊ အခုလို သူတို့ခေါ်တဲ့အတိုင်း သွားပြီးတွေ့ဆုံဆွေးနွေးဖို့ အစီစဉ်ချတာပါ။”

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ကတော့ ဖေဖော်ဝါရီ ၄ ရက်နေ့  ဒါမှမဟုတ် လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ရှိတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို သီးခြားပြုလုပ်မှာမဟုတ်ဘဲ ညီညွတ်သောတိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)အနေနဲ့ပဲ ဆွေးနွေးတော့မယ်လို့ ကေအိုင်အိုက မကြာသေးခင်က ကြေညာထားတာပါ။ ဒီရပ်တည်ချက်အတိုင်း မပြောင်းမလဲ ရှိနေတယ်လို့လည်း ကေအိုင်အိုက ပြောပါတယ်။

“အခု အကြိုညှိနှိုင်းမှုလို့ပဲ ပြောပြော၊ ပထမအကြိမ် တရုတ်အစိုးရကနေပြီး ကြားဝင်ပြုလုပ်တဲ့ အစည်းအဝေး လုပ်ငန်းညှိနှိုင်းတဲ့အပိုင်းမှာတော့ ဒီကိစ္စပဲ ကျနော်တို့ ပြောဆိုသွားမှာပါ။ နောင်လာမယ့် ဆွေးနွေးပွဲမှာတော့ ကေအိုင်အိုအဖွဲ့အစည်း တခုတည်းမဟုတ်ဘဲ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေရော၊ ယူအန်အက်ဖ်စီအဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့တွေကလည်း ပါဝင်လာနိုင်ဖို့၊ နောက်ပြီး ကြားကနေ လေ့လာစောင့်ကြည့် အကဲခတ်မယ့်အဖွဲ့အစည်း၊ ကြားကနေပြီး သက်သေခံပေးနိုင်မယ့်၊ အကျိုးဆောင်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေလည်း ပါဝင်နိုင်အောင် ဒီတွေ့ဆုံမှုကနေ ဆွေးနွေးသွားမယ်လို့ မျှော်လင့်တယ်။ နိုင်ငံရေးဆွေးနွေးမှုမှာ ယူအန်အက်ဖ်စီက ဦးဆောင်မှုအပိုင်းမှာပဲ ကျနော်တို့ ကေအိုင်အိုက ပါဝင်သွားဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းဖြစ်တဲ့ နိုင်ငံရေးပြေလည်မှုဆိုတာ ကချင်ဒေသတခုပဲ ပြေလည်လို့ အဆင်ပြေနိုင်စရာ အကြောင်းမရှိဘူး။ ဒီပြဿနာကို ပြေလည်ဖို့ဆိုရင် တိုင်းရင်းသားအတော်များများ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ယူအန်အက်ဖ်စီကတော့ ပါဝင်သင့်တယ်။ သူကပဲ ဦးစီးဦးဆောင်ပြုပြီး နိုင်ငံရေးဆွေးနွေးပွဲကို တက်တက်ကြွကြွ ဦးဆောင်သင့်တယ်။”

အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ကြားဝင် အကျိုးဆောင်ပေးနေတဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာကတော့ လာမယ့် တွေ့ဆုံပွဲကနေ ငြိမ်းချမ်းရေးလမ်းစ ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ကိုယ့်ပြည်နယ်၊ ကိုယ့်နိုင်ငံတော် ငြိမ်းချမ်းဖို့အတွက် ဘယ်သူဘယ်ဝါပဲ လုပ်လုပ် အဆင်ပြေသွားရင် ပိုပြီးကောင်းတာပေါ့။ နှစ်ဦးနှစ်ဖက် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ကြားခံပြီး ဆွေးနွေးပေးတယ်ဆိုရင်ပဲ အမြန်ဆုံးပြီးသွားတာက ပိုကောင်းတာပေါ့။ တမိနစ်၊ တစက္ကန့် ပိုပြီး မြန်မြန်ဆန်ဆန်ဖြစ်သွားရင် ပြည်သူလူထုတွေအတွက် အကျိုးဖြစ်တာပေါ့။ ကျနော်တို့လည်း ဒါကိုပဲ မျှော်လင့်နေတာ။”

ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့အကြား ပြီးခဲ့တဲ့ သီတင်းပတ်တွေက တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပြီး အေအိုင်အေဌာနချုပ်နဲ့ လက်တကမ်းအလို အချက်အချာကျတဲ့ တောင်ကုန်းတွေကို အစိုးရတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

ဒါ့ပြင် သမ္မတ ဦးသိန်းစိန်ကလည်း ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ သက်ဆိုင်တဲ့ ခေါင်းဆောင်တွေ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ အချိန်ရောက်နေပြီလို့ လွန်ခဲ့တဲ့ ၂ ရက်လောက်ကပဲ တိုက်တွန်းထားတာပါ။

ကေအိုင်အိုကတော့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ဖြစ်လာရတာဟာ အစိုးရဘက်က စစ်ရေး အသာရနေမှုနဲ့ သမ္မတရဲ့ တိုက်တွန်းမှုတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့် အလွတ်သဘော တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းကလည်း ရွှေလီမှာ ပြုလုပ်ခဲ့ပေမယ့် တိုးတက်မှုမရဘဲ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။

၂၀၁၁ ခုနှစ် ဇွန်လကစလို့ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၁ နှစ်ခွဲကျော်ကြာ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ရာနဲ့ချီ သေကျေဒဏ်ရာရခဲ့ပြီး သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာပါ။

သတင်းဓါတ်ပုံ - မြန်မာအစိုးရနဲ့ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ရွှေလီမြို့မှာ ၂၀၁၂ အောက်တိုဘာလက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ် (ရိုက်ကူး-ကိုခန့်)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .