Social Icons

Friday, February 1, 2013

ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း


by myitkyina


ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း
ကေအိုင်အေက မိုင်းခွဲသဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးကာ အရပ်သားသေဆုံးခဲ့သည် ဟူသော သတင်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ သတင်းဓါတ်ပုံ မှားယွင်း ဖော်ပြကြောင်း ပြည်သူတဦးက ဖေါ်ထုတ်လာသည့်အတွက် ဇန်န၀ါရီလ ၃၁ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန် လည်တောင်းပန်စာ ထည့်သွင်းခဲ့ရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၀ါရင့် သတင်းစာဆရာ ဦးဖိုးသောကြာက “မှားတတ် ကြပါတယ်။ဒါပေမဲ့ မှားပုံမှားနည်းက ၂ ချက်ရှိတယ် တမင်တကာ မှားတာနဲ့ မတော်တဆ မှားတာ။ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စဆိုတော့ တမင်တကာ မှား တတ် ကြတာပေါ့ ။ ဒီ မှားယွင်းမှုနဲ့  ပတ်သက်ပြီး တာဝန်အရှိ ဆုံးသူကတော့  အယ်ဒီတာချုပ်ပါ။” ဟု ပြောကြောင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် မဇ္ဇိမ အင်တာနက်သတင်းစဉ်၌ ဖေါ်ပြ ထားခဲ့သည်။ စင်စစ်အားဖြင့်မူ အယ်ဒီတာချုပ်မှာ ဒုတိယ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါမည်။ မှားယွင်းမှုကို တမင်တကာ ကျူးလွန်ရန်ညွှန်ကြားသည့် ဦးသိန်းစိန်အစိုးရသည် ပထမ တာဝန်အရှိဆုံးဖြစ်သည်။
ဦးသိန်းစိန်အစိုးရသည် ကေအိုင်အိုဌာနချုပ်လိုင်ဇာအခြေပြုရာဒေသတ၀ိုက်တွင် အကြီးအကျယ် ထိုးစစ်ကြီးများ ဆင်နွှဲ နေကြောင်း တပြည်လုံးအသိ၊ တကမ္ဘာလုံးအသိ ဖြစ်သည်။ သတင်းစာဆရာ ဦးဖိုးသောကြာ ပြောသကဲ့သို့ပင် တိုင်း ပြည်နှင့် ဆိုင်သော ကိစ္စတွင် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍  တမင်တကာ သတင်းမှားဖေါ်ပြကြောင်း ပေါ်လွင်နေသည်။
လူသေဆုံးသည့်ပုံနှင့် ဆိုင်ကယ်ပျက်စီးသည့်ပုံ တသီးတခြားဖြစ်နေသည်။ လူတစ်ဦးသေနေသည့်ပုံကို တနေရာမှ ယူ ထားပြီး ဆိုင်ကယ်ပျက်စီးသည့် ပုံကို အခြားတနေရာမှ ယူကာ တွဲစပ်ဖေါ်ပြထားကြောင်းပေါ်လွင်သည်။ ယင်းသို့ သတင်းမှားကို လုပ်ကြံဖေါ်ပြခြင်းဖြင့် ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ၏ ဂုဏ်သိက္ခာကို ထိပါးစေရန် တမင်ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်သည် မိမိဘာသာ ပြစ်မှုကျူးလွန်ပြီး ကေအိုင်အေကို ပြည်သူအများ အထင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်သည့် သဘောလည်း ဆောင်သည်။ အောက် တွင် ဖေါ်ပြထားသော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၉ အရ ဦးသိန်းစိန်အစိုးရသည် အသရေဖျက်မှုကို ကျူးလွန်ခြင်းဖြစ် သည်။
” မည်သူမဆို နုတ်ဖြင့် ဖြစ်စေ၊ ဖတ်ရှုစေရန်ကြံရွယ်သည့်စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံ သဏ္ဍာန်ဖြင့် ဖြစ်စေ၊ လူတဦးတယောက်၏ အသရေကို နစ်နာစေရန်အကြံဖြင့်သော်၎င်း၊ ထိုသူနှင့် စပ်လျှဉ်းသော စွပ်စွဲ ခြင်းသည် ထိုသူ၏ အသရေကို နစ်နာစေမည်ဟု သိလျှက်နှင့် သော်၎င်း၊ ထိုသို့ယုံကြည်ရန်အကြောင်းရှိလျှက်နှင့် သော်၎င်း၊ ထိုသူနှင့် စပ်လျှဉ်းသောစွပ်စွဲချက်ကိုပြုလျှင် သို့တည်းမဟုတ် ကျေညာလျှင် အဆိုပါလူ၏ အသရေကို ဖျက် သည် မည်၏။ ”
ဦးသိန်းစိန်အစိုးရက ယင်းသို့မဟုတ်မမှန်လုပ်ကြံစွပ်စွဲခြင်းမှာ အသရေဖျက်မှုမြောက်ရုံသာမက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုကို ထိခိုက်စေသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပါ ပြိုကွဲအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
အသေးစိပ်သိလိုလျှင် ဆက်သွယ်ရန်။             ဦးအမ်နော်မိန်း (ရှေ့နေ) (၉၅) (၀) ၉ ၄၇ ၆၀ ၆၆ ၈၆
နေ့စွဲ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်


No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .