ဒီနေ့ကျနော်တို့
အသက်ရှင်နေတဲ့ လူ့ကမ္ဘာဟာ တော်လှန်ရေးအဆင့်ဆင့် နောက်ခံ သမိုင်းကြောင်းတွေ
နဲ့ ခေတ်အဆင့်ဆင့်ပြောင်းလဲလာပြီး၊ အခုလို အိုင်တီ ခေတ်ကို ရောက်လာတာပါ။
ကမ္ဘာ့တော်လှန်ရေး သမိုင်းများကို လေ့လာလိုက်တဲ့ အခါမှာ တော်လှန်ရေးပုံစံ အမျိုးမျိုး ရှိခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ တော်လှန်ရေးသမိုင်းများထဲမှ အထင်ကရ အပြောင်းအလဲ ဖြစ်စဉ် အနည်းငယ်ကို ဖေါ်ပြရမယ် ဆိုရင်…. ဘီစီ ခေတ်က စရမှာပါ။
ဘီစီ ၆ ရာစု နှောင်းပိုင်းမှ စပြီး လူ့ ယဉ်ကျေးမှု အတွေးအခေါ် အတွက် တကမ္ဘာလုံး အတိုင်းအတာ တော်လှန်ရေး အပြောင်းအလဲကြီး ဖြစ်ခဲ့ပါတယ်။
တိုက်ဆိုင်လွန်းတာကတော့… နယ်ခြား၊ မြေခြားမှာ တစ်ခေတ်ထဲ တစ်ချိန်ထဲမှာ ပေါ်ထွန်းခဲ့တာပါ။ အခုခေတ်လိုမျိုး အချင်းချင်း ဆက်သွယ်နိုင်တဲ့ အချိန်လဲ မဟုတ်ခဲ့၊ ကျောင်းတကျောင်းထဲက အတူတူ ထွက်တာလဲ မဟုတ်ခဲ့ပဲ၊ အတွေးအခေါ်သမားတွေ တကမ္ဘာလုံးကို လွမ်းခြုံစေခဲ့ပါတယ်။
နီပေါမှာ ဂေါတမ ဗုဒ္ဓ က ရိုးရာ အစဉ်အလာ ဟိန္ဒူအခြေခံ ဘာသာကနေ တော်လှန်ပြီး အပြောင်းအလဲ ဖြစ်စေခဲ့တယ်။
တရုတ်မှာ ကွန်ဖြူးရှပ် ပေါ်လာခဲ့တယ်။ အရင် ရှိနေတဲ့ ဓလေ့ထုံးတမ်းကို အပြောင်းအလဲတွေနဲ့ မွမ်းမံ ပေးခဲ့တယ်။
အရှေ့အလယ်ပိုင်း (အိစ္စရေး၊ ပါလက်စတိုင်းလ်) မှာ ဟေရှာယ (ခရစ်ယာန်ကျမ်းစာမှာ ပရောဖက် ဟေရှာယ) က အရင်ရှိနေတဲ့ ထုံးတမ်းစဉ်လာ ဘာသာတရားရဲ့ အမှားတွေကို ထောက်ပြကာ အပြောင်းအလဲ ဖြစ်စေတယ်။ နောက်ပိုင်း ဟေရှာယ ရဲ့ အပြောင်းအလဲ ကို ပိုပြီး ပီပီပင်ပင် ဖြစ်စေတာက သခင် ယေရှု ပါ။ Jesus Christ ဆိုတာ အနောက်တိုင်းအခေါ်၊ အရှေ့တိုင်းသားတွေက ခရစ္စတု ယေရှု လို့ပဲခေါ်တယ်။ ယုဒ ထုံးတမ်းစဉ်လာ ဘာသာ တရားကို တော်လှန်ပြီး၊ လူသားအားလုံးအတွက် အတွေးအခေါ်အသစ် အများကြီးပေးခဲ့တယ်။ အဲဒီ တော်လှန်ခြင်းအတွက် အသတ်ခံခဲ့ရတယ်။ သူဟောကြားတဲ့ အမှန်တရား တခုအတွက် ရဲရဲရပ်တည်ပြီး အသတ်ခံခဲ့တာပါ။ အဲဒီ ခရစ္စတု ကိုအဆွဲပြုပြီး ခရစ်ယာန် ဆိုတဲ့ ဘာသာကြီး ဖြစ်လာတယ်။ ခရစ္စတု ရဲ့ နောက်လိုက်တွေ လို့ အဓိပါယ်ပေါက်တယ်။ အဲဒီ အတွေးအခေါ်အသစ်ကြောင့်ပဲ ခရစ်ယာန်နိုင်ငံတွေမှာ စပြီး ခေတ်သစ် ပညာရေး စနစ်ထွန်းကားလာတယ်။
အနောက်တိုင်းမှာလဲ ဂရိ အတွေးအခေါ် ပညာရှင်တွေ ပေါ်ခဲ့ပါတယ်။ ဆိုကရေးတီး၊ အရိစ္စတိုတယ် တို့ ဆိုတာ ဒီကနေ့ ဒဿနဗေဒ ပညာရပ်ရဲ့ ဖခင်တွေပါ။ သူတို့လဲ သူတို့ခေတ် အာဏာရှင်တွေကို အံတုပြီး အကြိမ်ကြိမ် နှိပ်ကွပ်ခံခဲ့ရပါတယ်။
ခရစ်ယာန်အထဲမှာလဲ ပြန်ပြီးတော်လှန်ခဲ့တာတွေ ရှိခဲ့တယ်။ အေဒီ ၁၆ရာစုမှ စပြီး နိုင်ငံရေး နဲ့ ဘာသာရေး ရောထွေးနေခဲ့တဲ့ ရောမန် ကာသောလိပ် ဂိုဏ်း (အဲဒီအချိန်အခါက ရောမ အင်ပါရာကြီးစိုးတာနဲ့ အမျှ ရောမန် ကာသောလိပ်လဲ အရှိန်အ၀ါကြီးခဲ့တယ်) ရဲ့ထိန်းချုပ်မှု ကနေ လွတ်မြောက်ဖို့ တော်လှန်ခဲ့ရာက ပရိုသက်စတန့် (Protestant) တွေအလီလီ ပေါ်လာတယ်။ အဲဒီ ပရိုသက်စတန့် တွေကို ရောမန် ကာသောလိပ် က နှိပ်ကွပ်တဲ့ အတွက် ခြေဦးတည့်ရာ ထွက်ပြေးရာက ပင်လယ်ရပ်ခြား အမေရိက တိုက်ကို သွား အခြေချလာခဲ့တယ်။ တာကြောင့် အမေရိကန် နိုင်ငံရဲ့ အခြေခံဥပဒေဟာ ပရိုသက်စတန့် ခရစ်ယာန် အသင်းတော် တစ်ပါးက အခြေခံဥပဒေ ကို အခြေခံပြီး ရေးဆွဲခဲ့ပါတယ်။ ဒါကတော့ လွတ်လပ်ခြင်း (Liberty) ဆိုတဲ့နေရာမှာ အခြေခံတာပါပဲ။ ဒါပေမယ့် နိုင်ငံ့အုပ်ချုပ်ရေး နဲ့ အသင်းတော်ဟာ သီးခြားရှိခြင်း (Separation of Church and State) ဆိုတဲ့အတွေးအခေါ်မှာ အခြေခံထားပါတယ်။ လူဖြူ၊ လူမည်း ပြဿနာက ရှိနေပြန်တယ်။ နောက်ပိုင်း မာတင်လူသာကိန်း အဖွဲ့ရဲ့ တော်လှန်ရေး နဲ့ အဆုံးသတ်ပါတယ်။ အခုတော့ လူမည်းတွေ သမ္မတ တောင် ဖြစ်ခွင့်ရနေပြီ။ ဒီနေ့တော့ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့ထိပ်သီး ဖြစ်လာပါပြီ။ အိုင်တီရဲ့ မြစ်ဖျားခံရာ ဒေသ လို့တောင် ပြောလို့ ရနေပြီ။
၂၀၁၁ ခုနှစ် အာရပ်နွေဦး လှုပ်ရှားမှုကို သတင်းခေါင်းစဉ်တွေမှာ အာရပ်နှိုးထခြင်း (Arab Awakening) ဆိုပြီး နာမည်ပေးခဲ့ပါတယ်။
အားလုံးကို ခြုံကြည့်လိုက်ရင် တော်လှန်ရေး ဆိုတာ သိမြင်လာခြင်းကြောင့် ဖြစ်လာတာပါ။ လူတွေက တော်လှန်ရမှန်း သိလာတဲ့ အခါ တော်လှန်ရေး ဆိုတာ စလာတယ်။ တနည်းပြောရရင် ဖိနှိပ်သူ လူတန်းစား ရှိနေလို့ တော်လှန်လာရခြင်း ဖြစ်တယ်။ အမှားတွေ ရှိနေလို့ တော်လှန်လာရခြင်း ဖြစ်ပါတယ်။
တာကြောင့် မြန်မာ နိုင်ငံမှာ ရှိနေတဲ့ တော်လှန်ရေး သမား များကို အထင်သေးလို့တော့ မရပါဘူး။ သူတို့ အမြင်ပွင့်နေပါပြီ။
ဒူဝါ ကချင် (on facebook)

No comments:
Post a Comment