ပြည်သူတွေ ဖွံ့ဖြိုးဖို့ နေရာမရှိ
လူတွေ အကောင်းမြင်နေတဲ့အချိန်မှာ အဆိုးမြင်ဖို့ အခက်သားဗျ။ ဒါပေမဲ့ မြင်တာကို မြင်တယ်လို့ မှတ်ဆိုသလို မှတ်တာကို ရေးကြည့်မယ်။ မြန်မာနိုင်ငံရဲ့အဖြစ်ဟာ အိုင်မာကြီးပေါက်နေသလိုပဲ။ အနာကို မခွဲရင်လည်း သွေးပုပ်တွေက ထွက်မလာ၊ ခွဲပြန်တော့လည်း အနာကျက်ဆေးက မရှိ၊ သူ့ဟာသူ ကျက်ဖို့ကလည်း ခရိုနီတွေက ဆီချိုသမားဆိုတော့ ပြည်သူတွေမှာ ခုခံအားက မရှိ ဖြစ်နေတယ်။ အရာရာတိုင်းဟာ ခရိုနီလက်ထဲမှာဆိုတော့ ပြည်သူတွေအတွက် ဖွံ့ဖြိုးဖို့ မရှိဖြစ်နေတယ်။
မူအရ မှားတယ်
လက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းအလဲဟာ အခြေခံဥပဒေအရ မပြောင်းလဲသေးဘူး။ ပြောင်းလဲချင်စိတ်ရှိတယ်လို့ ပြောနေပေမဲ့ ပုဂ္ဂိုလ်ရေးအရပဲ ပြောင်းနေကြတာပါ။ မြန်မာ့နည်းမြန်မာ့ဟန်အရပဲ ပြောင်းနေကြတာပါ။ မူအရ ဘာမှ မပြောင်းလဲသေးဘူး။
ဥပမာတစ်ခု ပြောရရင် အမေရိကန်ရောက်မြန်မာတွေကို ကြည့်ရအောင်ပါ။ သူတို့က တရားဝင်ငွေတိုးငွေချေးခြင်းကို သိပ်မလုပ်ကြဘူး။ တရားမဝင်ဘဲ လုပ်ကြတာများတယ်။ နောက်ပြီး အမေရိကန်တွေ လုပ်သလို ချက်လက်မှတ်တွေကို မသုံးကြဘူး။ ငွေသားများကိုပဲ သုံးကြတယ်။ ငွေသားသုံးရင် ပိုလွယ်တယ်လို့ ထင်မှတ်ကြတာကိုး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ညစ်ပတ်ကြတဲ့အခါမှာ သက်သေက မရှိ၊ ဥပဒေအရ တိုင်တောဖို့ကလည်း မလွယ်ကူတော့ ညစ်ပတ်သူက သာမြဲသာနေပါတော့တယ်။
လက်ရှိအစိုးရခင်းကျင်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ချက်လက်မှတ်မသုံးဘဲ ငွေသားကို နားလည်မှုနဲ့ လုပ်နေတယ်လို့ ထင်ပါတယ်။ ဒီချုပ်ရော သိန်းစိန်တို့ပါ ဥပဒေအရ အာမခံချက်မထားကြပါဘူး။ ဦးအောင်မင်းတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုသဟာလည်း ဘာအာမခံချက်မှ မရှိပါဘူး။ အရင်က ဗိုလ်ချုပ်ကြီးခင်ညွှန့် လုပ်ဖူးတဲ့နည်းအတိုင်းပါပဲ။ သူမရှိတော့တာနဲ့ ရေစုန်မျောပြီ။
ပွင့်လင်းကာစ
လောလောဆယ်မှာ ပွင့်လင်းကာစဖြစ်လို့ အုံကြွမှု သိပ်မဖြစ်ဘူး။ ဒါပေမဲ့ ပြဿနာက လျှော့သွားတာ ဘာတစ်ခုမှ မရှိဘူး။ ရခိုင်အရေးအခင်းဟာ အစိုးရပယောဂပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒါက ဥပမာတစ်ခုပါ။ ကချင်ကိစ္စမှာ အစိုးရက တိုက်ရိုက်ပါနေတော့ အနာပေါက်ဖို့အစပဲထင်ပါတယ်။ အတိုက်အခံတွေနဲ့တိုင်းရင်းသားတွေက ၂၀၁၅ ခုကို မျှော်နေကြတယ်။ ဒီလိုမျှော်နေအောင်လည်း ကာလုံက အကွက်ဆင်ထားပြီသားပဲ။ ဒါပေမဲ့ ၂၀၁၅ မှာ ဒီချုပ်က ရွေးကောက်ပွဲကို နိုင်လိုက်တာနဲ့ ပွဲက ပြီးပြီလို့ ထင်ပါသလား။ မဟုတ်ပါ။ ပြဿနာအစစ်အမှန်က အဲဒီမှာ စမှာပါ။
ဒီချုပ်နဲ့ပြည်ခိုင်ဖြိုး ဘာထူးလဲ
မြန်မာပြည်မတိုးတက်ခြင်းမှာ ပြည်တွင်းစစ်ကြောင့်လို့ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာ အစိုးရရော အတိုက်အခံများပါ တိုင်းရင်းသားအရေးကို ပထမဦးစားပေးအနေနဲ့ မလုပ်ကြသေးပါဘူး။ သူတို့အနေနဲ့ စီးပွားရေးကိုပဲ ပိုစိတ်ဝင်စားနေကြပါတယ်။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဖွင့်ပေးမဲ့အစား စီးပွားရေးပိတ်ဆို့မှုကိုပဲ ပွင့်အောင် သူတို့ဝိုင်းတွန်းကြပါတယ်။ ဒီနေရာမှာ ဒီချုပ်နဲ့ပြည်ခိုင်ဖြိုး ဘာမှမထူးပါဘူး။
တကိုယ်ကောင်းသမားတွေ
ကချင်ကို ထိုးစစ်ဆင်တာကို ကြည့်ရင် ဗဟိုအစိုးရအနေနဲ့ ဘယ်လောက်တကိုယ်ကောင်းဆန်သလဲဆိုတာ တွေ့ရမှာပါ။ U.N.F.C. နဲ့ ထိုင်းမှာ တွေ့ကြမယ်ဆိုတော့ U.N.F.C. သေးသိမ်သွားအောင် လုပ်ခဲ့ပါသေးတယ်။ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ၂၀၀၈ ခုဥပဒေရှိ အခန်းငယ်တစ်ခန်းကိုပဲ ပြင်ဖို့ ကြိုးစားတဲ့ လွှတ်တော်လည်း တကိုယ်ကောင်းဆန်တာပဲ။ သူတို့ဟာ ဗဟိုပြုတွေးခေါ်တဲ့စနစ်၊ တကိုယ်ကောင်းဆန်တဲ့စနစ်နဲ့ပဲ ရင်းနှီးခဲ့လို့ သူတို့ပေးမှ ရမယ်ဆိုတဲ့စိတ်ဓာတ်ကို မပြင်နိုင်ကြသေးပါဘူး။ ပြည်ထောင်စုကို သူတို့ပိုင်တယ်လို့ ယူဆထားသလိုပဲ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ရောက်နေတုန်းကနဲ့ မတူဘဲ အများကြီးပြောင်းလဲသွားတယ်။ အရင်တုန်းက တိုင်းရင်းသားပါတီများနဲ့ လက်ပွန်းတတီး နေခဲ့ပေမဲ့ ကျေညာချက်ပေါင်းများစွာကို စွန့်ခွာလိုက်တဲ့အခါမှာ လိုအပ်တဲ့ရှင်းပြမှုတွေကို တိုင်းရင်းသားခေါင်းဆောင်များ မရခဲ့ကြပါဘူး။ အထူ့းသဖြင့် စစ်အစိုးရခေါင်းဆောင်များနဲ့ ပူးပေါင်းလိုက်တဲ့အခါမှာ တိုင်းရင်းသားများနဲ့ ခပ်ခွာခွာ အနေကျဲလာတာကို လေ့လာသူတိုင်း တွေ့ရမှာဖြစ်တယ်။ တိုင်းရင်းသားပါတီများဟာ သိန်းစိန်နဲ့တွေ့နိုင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ လျှောက်လွှာတင်ရမလို ဖြစ်နေပြီ
ညီမျှခြင်းက အတူတူပါပဲ
မြန်မာလူမျိုးနဲ့တိုင်းရင်းသားလူမျိုးများဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်း(၅၀)ကျော် အတူနေခဲ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ နည်းနည်းမတူတာက မြန်မာများဟာ လူမျိုးအရ၊ ဘာသာစကားအရ၊ ကိုးကွယ်မှုအရ နှိပ်ကွက်ခြင်း မခံရပါဘူး။ လူ့အခွင့်အရေးဆုံးရှုံးမှုအရသာ ဖိနှိပ်ခြင်းခံခဲ့ကြရတာ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးများဟာ လူမျိုးရေးအရလည်း နှိပ်ကွပ်ခြင်းခံခဲ့ကြရတယ်၊ ဘာသာစကားအရလည်း ပိတ်ပင်ခြင်းခံခဲ့ကြရတယ်၊ ကိုးကွယ်မှုအရလည်း ကန့်သတ်ခြင်းခံခဲ့ကြရတယ်။ ဒီအကျိုးဆက်အရ ဥပမာ မော်လမြိုင်မြို့မှာ အင်္ဂလိပ်လက်ထက်မှာ မွန်လူဦးရေက အများဆုံးပါ။ မြန်မာလူဦးရေက အနည်းစုပါ။ အခုအခါမှာ မြန်မာလူဦးရေက အများစုဖြစ်သွားပါတယ်။ ဒါဟာ ဖိနှိပ်မှုအသီးအပွင့်ကို မြန်မာလူမျိုးများ ခံစားစံစားရတဲ့အဖြစ်ပါ။
ဒီချုပ်က အာဏာရခဲ့ရင်လည်း တကယ်လို့ အနုနည်းနဲ့ ဗဟိုပြုစနစ်ကို ကျင့်သုံးနေကြဦးမယ်ဆိုရင်၊ တိုင်းရင်းသားလူမျိုးများဟာ အရင်တုန်းကလိုပဲ အခွင့်အရေးကို ဆုံးရှုံးနေကြရဦးမယ်ဆိုရင် ဒါဟာ ထပ်တူထပ်မျှ အနှိမ်ခံရခြင်းပဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုများရဲ့ လူမျိုး၊ ဘာသာစကား၊ သာသနာကို ဒီချုပ်က လေးစားကြောင်း၊ ကူညီစောင့်ရှောက်မှုရှိကြောင်း လက်ရှိအချိန်အထိ ဘာတစ်ခုမှ လုပ်မပြနိုင်သေးပါ။ တကယ်လို့ ရွေးကောက်ပွဲ လုပ်ခဲ့ရင် တိုင်းရင်းသားလူမျိုးများရဲ့ မဲဆန္ဒနယ်များကို ပြည်ခိုင်ဖြိုးနိုင်ခြင်းနဲ့ ဒီချုပ်နိုင်ခြင်း ဘယ်လိုကွာလဲ။ ညီမျှခြင်းက အတူတူပါပဲ။
ပြဿနာပိုကြီးဖို့ရှိ
လက်ရှိ ၂၀၀၈ ဥပဒေကို မပြင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲကို လုပ်ခဲ့ရင် ရွေးကောက်ပွဲပြီးသွားတာနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ဖို့အဆင်သင့်ဖြစ်နေမှာပဲ။ ၂၀၀၈ ရွေးကောက်ပွဲမှာ ဒီချုပ်အနိုင်ရဖို့ သေချာတယ်။ ဒီလိုအနိုင်ရခြင်းမှာ
၁။ နိုင်ငံရေးရဲ့အဖြေတစ်ခု မဟုတ်ဘူး။ အဲဒီအဖြေအတွက် လမ်းစပဲ ဖြစ်တယ်။ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ကာလုံအဖွဲ့ဝင်တွေကို ဒီချုပ် မထိန်းနိုင်ခဲ့ရင်
၂။ ပါလီမာန်မှာ တိုင်းရင်းသားများအတွက် တန်းတူရေးကို မဖော်ဆောင်နိုင်ခဲ့ရင်
၃။ ပါတီအုပ်ချုပ်ရေး လျှော့ရဲနေခဲ့ရင်
လက်ရှိပြဿနာများဟာ ပိုမိုကြီးထွားလာဖို့ ရှိတယ်။ နိုင်ငံရေးမှာ မဟာမိတ်ရန်သူ ဟူသည်မရှိ။
(by: Ven re..)

No comments:
Post a Comment