(by:Zaw Hkun Naw facebook)၂၀၁၂၊ အောက်တိုဘာ ၁၀ ရက်နေ့ထုတ် အီလဲဗင်းဂျာနယ်မှာပါတဲ့ ဆရာနန္ဒ၀င်း(ဆေး-၁)ရဲ့ ဆောင်းပါး “ပွဲလှရုံသက်သက်”ကို ဖတ်ပြီးကတည်းက စိတ်ထဲစွဲနေခဲ့တာ..၊ ဒါကြောင့် အဲဒီဆောင်းပါး နာမည်ကိုပဲ ခပ်တည်တည်နဲ့ နံပါတ်စဉ်ထိုးပြီး ခိုးချလိုက်ပါတယ်.။ (မူပိုင်ခွင့်ဥပဒေမပြဋ္ဌာန်းခင်လေး ခိုးချရတာ.၊ နောက်ဆို ရမှာ မဟုတ်တော့ဘူး.။) ဖေ့ဘုတ်ပေါ်မှာ စာမရေးဖြစ်တာလဲ တစ်လကျော်သွားတော့ ခပ်စိမ်းစိမ်းဖြစ်သွားတာအမှန်..။ အခြေအနေမကောင်းလို့ ရူးချင်ယောင်ဆောင်ပြီး နှာစေးနေခဲ့တာ..၊ ခုကျတော့ ဘယ်ကနေ ဘယ်လိုပြန်စရေးရမလဲ မသိတော့ဘူး..။
ဇာတ်လမ်းအစက ဒီလို..၊ ဆရာသုမောင်က “ဒေါက်တာနိုး”ဆိုပြီး အခန်းဆက်ဆောင်းပါးရေးဖူးတယ်.။ တစ်နေ့ ဒေါက်တာနိုးရဲ့ တပည့်တစ်ယောက် နိုင်ငံခြားကနေ ပညာတော်သင်အပြန်မှာ ဒေါက်တာနိုးအတွက် လက်ဆောင်ဝယ်မလာမိဘူး..။ ဒါကြောင့် တပည့်ဖြစ်သူက ရန်ကုန်ရောက်မှ အောင်ဆန်းဈေးကနေ ဂျွန်နီလမ်းလျှောက်တစ်လုံး အပြေးအလွှားဝယ်ပြီး နိုင်ငံခြားလက်ဆောင်ဆိုပြီး သွားကန်တော့ပါသတဲ့..။ ဖြစ်ချင်တော့ သူဝယ်လာတာက အတုကြီး..။ အပွေးမြင် အပင်သိ.၊ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ဒေါက်တာနိုးက ပုလင်းကို ကိုင်ကြည့်တာနဲ့ တန်းသိတယ်.၊ ဒါကောင် အင်မိလာပြီဆိုတာကို..။
အဲဒီတပည့်ကို ဒေါက်တာနိုး ဘယ်လိုပြောလွှတ်တယ်ထင်လဲ..၊ “အေး..၊ အေး..၊ ငါ့တပည့်ကြီး လိမ္မာ လိုက်တာ”တဲ့..။ တပည့်ဖြစ်သူ နိုင်ငံခြားက လက်ဆောင်ပါမလာပေမဲ့ သူ့ကိုတလေးတစားနဲ့ (ကြောက်တာက ပိုပါတယ်) ဒီရောက်မှ တကူးတကန့် အချိန်လုပြီး လာကန်တော့တာကို သဘောတွေ့လွန်းလို့ပါတဲ့..။ တကယ် သတိတရနဲ့ ၀ယ်လာတာမဟုတ်မှန်း သိပေမဲ့ ဒီကောင်ငါ့ကို ကြောက်သားပဲ ဆိုပြီး ပီတိဖြာနေတဲ့ သဘော..။
ဆရာနန္ဒ၀င်းရဲ့ ဆောင်းပါးက အသုံးအတိုင်းဆိုရင်တော့ ‘အလိမ်ခံနေရသူတွေကိုယ်တိုင်ကလဲ သိသိကြီးနဲ့ ဒီကလေးတွေ ငါ့ကို လေးစားလွန်းလို့ လုပ်ထားတာပဲဆိုကာ ဘ၀ရှင်မင်းတရားကြီးစိတ်နဲ့ ပေးသမျှလက်ဆောင်ယူ ကျွေးသမျှအကုန်စားပြီး ကောင်းပါသည် ကောင်းပါသည်ဆိုပြီး လူလိမ်လက်ခံတွေ လုပ်ကြပါတယ်..၊’ တဲ့..။
တလောကလဲ ဖေ့ဘုတ်ပေါ်မှာ Status update လေးတစ်ခု သတိထားမိလိုက်တယ်..၊ ကိုယ့်မှာရှိတဲ့ အ၀တ်တွေထဲက အလန်းဆုံး၊ အလတ်ဆုံးဆိုတဲ့ အထည်ရွေးဝတ်ပြီး “ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေ”လို့ အော်ခဲ့ရတဲ့ အကြောင်း၊ ဘဘကြီး ပြန်သွားမှ ဗိုက်ဆာဆာနဲ့ ဖွင့်စားရတဲ့ ဘဲဥဟင်းတစ်ဖတ်က အရမ်းမြိန်တဲ့အကြောင်း တိုတိုကျစ်ကျစ် ရသမြောက်အောင် ရေးထားတာလေးက အရမ်းလှတယ်..။ ကျနော်တောင် ငယ်ငယ်က ကျောင်းသားဘ၀ကို ပြန်မြင်ယောင်မိသွားတယ်..။
ကျနော်တို့ ကျောင်းတွေမှာ Multimedia classroom ဆိုတာတွေ ဖွင့်ဖူးတယ်.။ လူကြီးလာမှပဲ ဟိုလူဆီကငှား၊ ဒီလူဆီကငှားနဲ့ ကွန်ပြူတာလေး ၅လုံးလောက်စုပြီး၊ ကျောင်းသား နှစ်ယောက်တွဲ၊ သုံးယောက်တွဲကို ကွန်ပြူတာတစ်လုံးစီရှေ့ ထိုင်ခိုင်းထားတတ်ကြတယ်..။ လူကြီးဆိုသူတွေကလဲ ခေါင်တညိတ်ညိတ်နဲ့ပေါ့..။ ကျောင်းတွေမှာ အမှန်တကယ်သင်ကြားနေတဲ့ပုံစံကို မြင်ချင်တာလား၊ သူ့ကို တခန်းတနားကြိုဆိုတာကိုပဲ မြင်ချင်တာလား.၊ ဘာကြောင့်ဒီလို တိုင်းခန်းလှည့်လည်လာတယ်ဆိုတာ ကျနော် နားမလည်ခဲ့တာအမှန်..။
လူထုထောက်ခံပွဲတို့၊ ရှုံ့ချပွဲတို့ဆိုတာလဲ လိုက်ရတာ ဗြောင်းကိုဆန်လို့..။ မနက်လေးနာရီလောက် ကျောင်းမှာစု၊ အားကစားကွင်းထိ ချီတက်၊ ဘုမသိ ဘမသိ လက်သီးလက်မောင်းတန်းပြီး ပြည်သူ့ဆန္ဒမပါတဲ့ ပြည်သူ့သဘောထားတွေကို ကုန်းအော်ခဲ့ရတာ ခုစဉ်းစားကြည့်ရင်တောင် လည်ချောင်းနာတယ်..။ ကျောင်းသားတိုင်း ကြံ့ဖွံ့အသင်း မ၀င်မနေရဆိုလို့လဲ လျှောက်လွှာဖြည့်ပေးရသေးတယ်..။ ကလေးဆိုတော့ ဘာသိမှာလဲ.။ ပြီးတော့ သူတို့ပြောတဲ့အတိုင်း လုပ်မှလဲ ဆရာမတွေက ကြည်မှာ မဟုတ်လား..။
ကျနော်အလုပ်လုပ်ခဲ့တဲ့ဆေးရုံတွေမှာလဲ ဒီလိုပါပဲ..။ ဒုဝန်ကြီး ဒေါက်တာပိုင်စိုးလာမှပဲ ဖျားနာဆောင်ထဲမှာ Air Set (Oxygen) စက်အသစ်တစ်လုံး လာချထားပေးတယ်..။ Defib (နှလုံးနှိုးစက်) တစ်လုံး လာပို့သွားတယ်..။ ၀န်ကြီးပြန်တာနဲ့ ပြန်သိမ်းသွားတာပဲ..။ ကိုင်တောင်မကိုင်ကြည့်လိုက်ရဘူး..။ အင်းစိန်ဆေးရုံမှာ ထောင်ကလွှဲလာတဲ့ အကျဉ်းသားလူနာတွေကို ဘယ်လိုထားတယ်ဆိုတာ ကျနော်တို့ အသိဆုံး..။ အောက်ထပ်ဆုံး၊ အစွန်ဆုံးနေရာမှာ ညစ်ညစ်ပတ်ပတ် နံနံစော်စော်နဲ့မို့ သူနာပြုတောင် အမျိုးသားသူနာပြုတစ်ယောက်ပဲ ထားတာ.။ ဒါပေမဲ့ မစ္စတာကန်တားနား လာကြည့်တော့ အကျဉ်းသားလူနာ (X2O မဏ္ဍပ်ဗုန်းခွဲတရားခံဟု စွတ်စွဲ ထောင်ချခံထားရသူ)ကို ထားတာက အခပေးခန်းကြီးဗျ..ပြီးတော့ သူတစ်ယောက်တည်း..။ အဲဒီလို အခပေးအခန်းက လူနာ နှစ်ယောက် သို့မဟုတ် သုံးယောက် ထားလေ့ရှိတယ်..၊ ပိုက်ဆံအရမ်းပေါပါတယ် ဆိုရင်တောင် ဒီလိုအခန်းက တစ်ယောက်တည်း ယူလို့မရဘူး..။ ကျနော်ကတော့ဗျာ…၊ မဟုတ်မခံပြောတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ထွက်သွားတဲ့ ကျနော်တို့ဆရာ၊ သမားတော်ကြီး ဒေါက်တာမောင်မောင်စိန်ကိုပဲ ပြေးမြင်ယောင်မိတယ်..။
နိုင်ငံတော်အကြီးအကဲဆိုသူရှေ့မှာ ကြက်ဆူဆီပါဆိုပြီး၊ ဒီဇယ်နဲ့ စက်နှိုးပြရတာကတော့ အားလုံးမှတ်မိမှာပါ..။ တကယ်ပဲ မသိတာလား၊ တမင်ပဲ အလိမ်ခံရတာလားတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်..။ ကျနော့်အမြင်မှာတော့ အလိမ်ခံနေရတဲ့ ငပေါကြီးပါပဲ..။ ဒါပေမဲ့ သူအလိမ်ခံရတာက မနာလိုချင်စရာကြီး..။ သူလာမယ်ဆိုမှ မြောင်းရှင်းတယ်.၊ ဓာတ်တိုင်တွေ ထုံးသုတ်တယ်.၊ မီးမှန်တယ်..။ ဧည့်သည်လာမှ ဟင်းကောင်း သလိုပေါ့..။ ကျနော်တို့လဲ လူကြီးလာမှ ဆီမီးထိန်ထိန်ဘ၀က တက်တော့တယ်..။
လွန်သူကလဲ လွန်ပါပြီ..၊ သွားသူကလဲ သွားပါပြီ..၊ ရွှေတစ်ပိုက်နဲ့ နားသူတွေကလဲ နားကုန်ပါပြီ..။ ဒါပေမဲ့ ပွဲလှရုံသက်သက်ယဉ်ကျေးမှုကြီးကတော့ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းဆဲပါပဲ..။ မရှက်တန်းပြောရရင် အသုံးမကျတာက ကျနော်ရယ်..။ ရွှေရည်စိမ်ဒီမိုကရေစီကိုမှ အထင်ကြီးမိရတယ်လို့..။
ဆရာဝန်တစ်ယောက်ပေါ့…၊ တစ်ချိန်က လားရှိုးမြို့ရဲ့ညဈေးတန်းမှာ ၀က်သားတုတ်ထိုး ထိုင်စားခဲ့ပေမဲ့၊ အခုချိန်မှာတော့ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မြန်မာနိုင်ငံမှာ ဒုတိယဆိုတဲ့ပုဂ္ဂိုလ် ဖြစ်နေပြီမို့ သူလာမယ်ဆိုရင် လမ်းဘေးပက်လက်ဖောင်းကအစ ထုံးသုတ်ထားမှ သဘောကျပါသတဲ့..။ ပန်းပွားအကတွေနဲ့ ကော်ဇောနီကြီး ခင်းပြီး ကြိုဆိုမှ မျက်နှာတော်လန်းတဲ့ သူတွေလဲ ရှိနေဆဲပါပဲတဲ့..(သူများပြောပြတာပါ)။ ပွဲလှရုံသက်သက်ထက် ပိုတဲ့မေးခွန်းတွေ မေးလာရင်၊ သတင်းစာရှင်းလင်းပွဲထဲမှာတောင် မျက်ရည်ကျအောင် အဖြစ်သည်းတဲ့သူတွေလဲ ရှိပါသတဲ့..(အံ့ရော.. အံ့ရော..)။ အောက်ခြေမှာ ဘာပဲဖြစ်နေနေ.၊ စာပွဲဝိုင်းပေါ်မှာ လက်မှတ်လေးထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရပြီလို့ ထအော်မယ့် မဟာဉာဏ်ကြီးရှင်များကလဲ အခန့်သားစောင့်နေကြပါသတဲ့..(ရင်လေးတယ်…)။
စကားမစပ်ပြောပြရဦးမယ်..။
ပြီးခဲ့တဲ့ အပတ်၊ ဆူးလေနားမှာပေါ့..၊ ကျနော် တောင်ပေါ်ကဆင်းလာကာစ၊ ရန်ကုန်သူ တိုနံ့နံ့တွေကို ငေးပြီး အနော်ရထာလမ်းကို ဖြတ်ကူးတုန်း ရဲဖမ်းပါရောလား..။ အရင်ကလဲ မီးပွိုင့်နီတုန်း ရပ်ထားတဲ့ ကားတွေကြားကနေ ဖြတ်ကူးနေကြမို့ ကျနော်လဲ ခပ်တည်တည်နဲ့ ဖြတ်ချလာတာ ဒီဘက်ထိပ်မှာ စောင့်နေတဲ့ ခေါင်းဖြူတစ်သိုက်ကို သတိမထားလိုက်မိဘူး..။ အဲလိုနဲ့ ချစ်ချစ်အတွက် ဆလင်းဘက်မ၀ယ်လိုက်ရဘဲ တရားရုံးရောက်သွားပါရောလား..။ ဒဏ်ငွေ ၂၀၀၀ ဆောင်လိုက်ရတယ်..။
စိတ်ထဲမှာလဲ မချင့်မရဲပေါ့..။ ရန်ကုန်ရွှေမြို့တော်ကြီး အမှန်အကန်ပြောင်းလဲနေပါပြီပဲ.၊ ငါ့နှယ် တောင်ပေါ်မှာ အနေကြာသွားလို့ စည်းပျက်ကမ်းပျက်ဖြစ်ကုန်ပြီ..၊ တောင်ပေါ်က မကောင်းတဲ့ အကျင့်တွေကူးကုန်ပြီရယ်လို့ စိတ်ထဲမှာ နောင်တတွေရလို့..။ ဒီလိုနဲ့ တရားရုံးကနေ လမ်းပြန်လျှောက်လာပြီး ကျနော်အဖမ်းခံရတဲ့ နေရာရောက်တော့ အလိုလေးလေး…၊ လမ်းဖြတ်ကူးနေကြတဲ့လူတွေဆိုတာ နဲနဲနောနောလား..။ စောနက ကိုခေါင်းဖြူတွေလဲ ဘယ်ပျောက်ကုန်ကြသလဲ မသိဘူး..။ (For show လုပ်ဖို့ အမှုရသွားပြီဆိုတော့ လစ်ပြီလေ.။)
ကျနော့်သူငယ်ချင်းက မှတ်ချက်ပေးတယ်..၊ “ငါတစ်သက်လုံး ရန်ကုန်မှာ ကြီးလာတာ တစ်ခါမှ အဖမ်းမခံရဖူးဘူး..၊ ဒီအတိုင်းပဲ ကြုံသလို ကူးတာပဲ..။ မင်းနှယ်..၊ တောင်ပေါ်က ခုမှဆင်းလာပြီး ထူးထူးခြားခြား ကြုံရတယ်..၊ ထီထိုးကြည့်ဦး..၊ ကံကောင်းနေတယ်”တဲ့..။ “အခုတော့ မင်းသင်ခန်းစာ ရသွားပြီ မဟုတ်လား..၊ လမ်းဖြတ်ကူးမယ်ဆိုရင် ရဲရှိမရှိ အရင်ကြည့်ရမယ်ဆိုတာ။” ဟုတ်ပ..၊ ဒီလိုအဖမ်းခံရတဲ့အတွက် ကျနော် ရလိုက်တဲ့သင်ခန်းစာက မျဉ်းကြားကနေ ကူးဖို့မဟုတ်ပါဘူး..၊ (တရားရုံးမှာလဲ ဒဏ်ငွေဆောင်ခိုင်းတာကလွဲလို့ ပညာပေးအစီအစဉ် မကြုံလိုက်ရပါဘူး..။) ကျနော်ရတဲ့ သင်ခန်းစာက လမ်းမဖြတ်ကူးခင် ရဲ ရှိ၊ မရှိ သတိထားဖို့ပါပဲ..။ ကားရှင်း၊ မရှင်းဆိုတာတောင် ဒုတိယနေရာရောက်သွားတယ်..။
ကျနော် အရင်ကလဲ ရေးဖူးပါတယ်..။ အလုပ်တစ်ခုလုပ်တယ်ဆိုရင် ရည်ရွယ်ချက်အရေးကြီးပါတယ်..၊ စေတနာမှန်ဖို့ လိုပါတယ်..။ စည်းကမ်းဥပဒေတစ်ခု သတ်မှတ်တယ်ဆိုတာ မလုပ်မိအောင်ကာကွယ်ချင်လို့လား.၊ လူကျွံဘောဖမ်းကစားသလို ချောင်းမြောင်းလှည့်ပတ်ပြီး အပြစ်ပေးဖို့လား.. မသဲကွဲတာတွေ မြန်မာပြည်မှာ အများကြီးပါ.။ ခုလို အသေးအဖွဲ ယာဉ်ထိန်းရဲဖမ်းတဲ့ကိစ္စကအစပေါ့..၊ နောက်နောင် လူကူးမျဉ်းကျားကကူးအောင် ပညာပေးချင်တာလား.၊ အလုပ်လုပ်ကြောင်းပြသရုံ၊ အမှုရရုံ၊ ဒဏ်ငွေရိုက်ရအောင်လေးပဲလား..။ Surprise Check အချိန်လွန်သွားရင် ကူးချင်သလိုကူး၊ လုပ်ချင်သလိုလုပ်ကြလို့ သဘောထားသလား…၊ စသဖြင့်ပေါ့နော်…။
အနှစ်သာရမပါတဲ့၊ အပေါ်ယံရွှေမှုန်ကြဲ ပွဲလှရုံသက်သက်တွေကြားထဲ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ နိုင်ငံသားတွေ နစ်မွှန်းနေခဲ့တာ ကြာပါပြီ..။ အလုပ်ဖြစ်ရင်ပြီးရော အောက်ခြေက အထက်အရာရှိကို အစီရင်ခံစာ တင်ပြီး စာရွက်ပေါ်မှာ လိမ်တယ်..၊ အရာရှိက သူ့အထက်ကို နှစ်ဆတိုးပြီး လိမ်တယ်..။ စာရွက်ပေါ်မှာသာ တိုးတက်နေတယ်..၊ လက်တွေ့မှာက ဇောက်ထိုးကြီး..။ သတင်းစာကိုင်ကြည့်ရုံနဲ့ ဓာတ်လိုက်တယ်ဆိုတာမျိုး..။ လတ်တလော ကိုယ်အကျိုး ရှိရင်ပြီးရော.၊ နောက်နောင် ဘာဖြစ်ဖြစ်.၊ တိုင်းပြည်ဘယ်လိုပဲ ကျန်ခဲ့၊ ကျန်ခဲ့.. ဂရုမစိုက်ကြဘူး..။ ရေရှည်မှာ အထိနာတာကတော့ နိုင်ငံနဲ့ တိုင်းသူပြည်သားတွေပါပဲ..။ နှစ်ပေါင်း ၆၀ အတွင်းဆုတ်ယုတ်မှုတွေကတော့ လက်ညှိုးထိုးမလွဲပါဘူး..။
မြန်မာနိုင်ငံက ပြောင်းတော့ပြောင်းနေပါတယ်..။ နိုင်ငံရေးအကျဉ်းသားတွေ မရှိပါဘူးလို့ ဖင်ပိတ်ငြင်း ခဲ့ရာကနေ ခုတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးနေတာ ကောင်းတဲ့လက္ခဏာပါ..။ (ဟိုဟာလေးဖွင့်ပေးရင် ဆယ်ယောက်၊ ဒါလေးဖွင့်ပေးရင် အယောက် ၅၀၊ အိုဘာမားလာမယ်ဆိုရင် ၆၆ ယောက်၊ သူ့ဈေးနဲ့ သူရှိပါတယ်..။) လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်လဲ ရပါပြီ..။ (ဝေဖန်လို့ရပါတယ်.၊ ဒါပေမဲ့ ငါတော့မကြားစေနဲ့..၊ အို ကြားလဲ ဂရုမစိုက်ပါဘူးအေ…။) အပစ်အခတ်ရပ်၊ ဆဲရေးလဲ ရစပြုနေပါပြီ.. (အပစ်အခတ်ရပ်ပြီး အချင်ချင်း ဆဲ နေကြ တာလေ)။ အလုပ်သမားအခွင့်အရေးလဲ အပြည့်အ၀ပေါ့…(ဆန္ဒပြမှ အစာငတ်ခံတယ် ထင်လို့လား..၊ နဂိုကလဲ စားစရာရှိတာ မဟုတ်ပါဘူး..။) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးလဲ တည်ဆောက်နေပြီလေ.. (လွှတ်တော်ထဲမှာ ပြည်သူက ရွေးချယ်တင်မြောက်ထားသူတွေချည်းပါပဲ..။)
“မင်းကတော်တော် စည်းကမ်းရှိတာကိုး..။ မျဉ်းကျားက မကူးလို့ အဖမ်းခံရတဲ့ကောင်က စကားကြီး၊ စကားကျယ် လာပြောနေတယ်”
ဟုတ်ပါတယ်..၊ ပြီးပြည့်စုံတယ်ဆိုတာကတော့ ဘယ်ရှိပါ့မလဲ..။ ပြီးစလွယ် ပေါ့ပေါ့တန်တန် လုပ်တတ် တာကတော့ ဘယ်သူမဆိုဖြစ်မယ် ထင်ပါတယ်..။ အရေးကြီးတာက လှိုက်စားမသွားဖို့ပါပဲ..။ အကျင့်ဖြစ်မသွားဖို့ သတိထားရပါမယ်..။ ငပေါကြီးလို့ မြင်ရင်မြင်ပါစေ..၊ ဘယ်သူတရားပျက်ပျက်၊ ဤကို ကျွဲလို့ မဖတ်ဘဲ၊ မိုးခါးရည်ကို ငြင်းဖို့ သတ္တိမွေးထားရပါမယ်..။ အစစ်အမှန်မဟုတ်တဲ့ အတုအယောင်တွေ၊ ဟန်ဆောင်ပန်ဆောင် လုပ်ရပ်တွေ အားလုံးကို တိုက်ဖျက်ပစ်ရပါမယ်…။ ဒါ့အပြင် စေတနာမမှန်တဲ့ နိုင်ငံရေးကစားကွက်တွေကို ပါးပါးနပ်နပ် ရှောင်ထွက်နိုင်မှ နိုင်ငံက တိုးတက်ပါလိမ့်မယ်..။ ဒါမှလဲ ကျနော်တို့ သမိုင်းကို ပြန်အဖတ်ဆယ်နိုင်မှာပါ..။
ခုထိ ဘုရားထူး၊ အဘခေါ်ပြီး လက်အုပ်ချီနေရတုန်းပဲဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုဆိုတာ ပုဆိုး ပြောင်းဝတ်ရုံလေးကိုပဲ ပြောတာလို့ သတ်မှတ်ရမှာပါပဲ..။
“လှတာက မကောင်းဘူးလား…၊ မောင်ရင်ရဲ့…။”
“ကောင်းပါတယ်ဗျာ..၊ ဒါပေမဲ့ ပွဲလှရုံသက်သက်ဆိုရင်တော့… အင်း… လှတာမက်ရင် ညစာခက်ရချည်ရဲ့…။”
ZKN (19th Nov, 2012, 2:00 AM)
[အမှန်က ပွဲလှရုံသက်သက်(For show)မဟုတ်တဲ့ စစ်မှန်သောပြည်ထောင်စုအကြောင်း ရေးချင်တာ..၊ စာရှည်မှာစိုးတာတစ်ကြောင်း၊ အချိန်မရတာတစ်ကြောင်းကြောင့် နောက်မှပဲ ရေးတော့မယ်….။]
No comments:
Post a Comment