by Ven Ravika
ဒေါ်အောင်ဆန်းစုကြည်က
လွှတ်တော်နိုင်ငံရေးကို ယုံကြည်နေချိန်၊ ၈၈ မျိုးဆက်ခေါင်းဆောင်များက
လူမှုနိုင်ငံရေးကို ဇောက်ချလုပ်နေချိန်၊ ပြည်ခိုင်ဖြိုးအစိုးရက
မျက်နှာပန်းလှနေချိန်မှာ ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြပွဲတွေ
ဖြစ်လာတယ်။ ဒီချုပ်ရော ၈၈ များပါ ဆန္ဒပြပွဲကို ဖြစ်စေချင်ကြမှာမဟုတ်ဘူး။
သိန်းစိန်အစိုးရဆိုရင် ဆန္ဒပြပွဲကို မကြိုက်လို့
အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အထိ အကိုင်အတွယ်ကြမ်းခဲ့တယ်။
ဒဏ်ရာရသံဃာတော်များကို တောင်းပန်ဖို့ သမ္မတသိန်းစိန်က ဝန်လေးနေပုံကို ကြည့်ရင် နှိမ်နင်းရေးကို သမ္မတက တိုက်ရိုက်လုပ်ဆောင်ခဲ့ဖွယ် ရှိတယ်။ ကမန်းကတန်းဖျက်သွားတဲ့ သမ္မတရုံးကျေညာချက်မှာလည်း ဝန်ခံထားပြီသားဖြစ်တယ်။ သမ္မတသိန်းစိန်အနေနဲ့ သံဃာတော်အရှင်သူမြတ်များကို ကန်တော့ဖို့ ဘာကြောင့် မာန်မာနကို မနှိမ့်ချနိုင်သလဲ။ သူ့မှာ အခက်အခဲရှိနေလို့လား၊ သံဃာတော်များကို အထင်ကြီးလေးစားမှုမရှိတာလား။ ဒါမှမဟုတ် ကြောက်ရွံ့ထိတ်လန့်နေသလား။
၁၂၊ ၁၂၊ ၁၂ ရက်နေ့မှာ သမ္မတသိန်းစိန်က ဝန်ချတောင်းပန်မှုကို မလုပ်တော့ ကျေညာထားတဲ့အတိုင်း သံဃာတော်အရှင်သူမြတ်များက ဆန္ဒပြရပါတယ်။ ဗကသ အထက်မြန်မာပြည်အပါအဝင် အဖွဲ့အစည်းအချို့ ပူးပေါင်းပါဝင်လာပါတယ်။ ဒီသပိတ် ကြာရှည်လာခဲ့ရင် အကြီးစားနိုင်ငံရေးပါတီများလည်း ပူးပေါင်းပါဝင်လာကြဖွယ် ရှိတယ်။ တိုင်းရင်းသားလူမျိုးများလည်း အားတက်သရော လမ်းပေါ်ထွက်လာကြဖွယ် ရှိတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့ သဘောတားဘယ်လို့ရှိမလဲ။
ဦးစိုးသိန်းရဲ့ အပြစ်ရှိကြောင်း ဝန်ခံချက်၊ ဦးအောင်မင်းရဲ့ ကျေးဇူးတော်ချီးမွမ်းမှု၊ သမ္မတသိန်းစိန်ရဲ့ ငရဲရေကြောင့် တပြည်လုံး ပေါက်ကွဲလာတာကို ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားထိန်းပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကော်မရှင်ကနေ ၈၈ တွေ နုတ်ထွက်သွားတဲ့နေ့က စပြီး အစိုးရကို ထိခိုက်နိုင်တဲ့အချက်အချို့ကို စုံစမ်းစာရင်းကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ထုတ်ပယ်လိုက်တဲ့အချက်များဟာ ၈၈ တွေ အကြံပြုထားတဲ့အချက်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၈၈ တွေကို ဒေါသထွက်လို့ အရှင်ဂမ္ဘီရကို ဆွဲစေ့ခဲ့တာလည်း လူတိုင်းအသိပါ။
ကြည့်ရတာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းကနေ ပိတ်ဆို့မှုရုပ်သိမ်းတဲ့အထိ အစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ တို့ရဲ့ ကူညီပံ့ပိုးမှုများဟာ အစိုးရမှာ စိတ်ကောင်းဝင်အောင် ဆောင်ကျဉ်းပေးနိုင်ခြင်းမရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ရွေးကောက်ပွဲနဲ့ ချိတ်ထားပြီး ခိုင်းကောင်းကောင်းနဲ့ အသုံးချနေပါတယ်။ ဒါဟာ လွှတ်တော်ဝင်ရေးအဓိကရည်မှန်းချက်များကို ဝိုးတဝါးဖြစ်အောင် လုပ်ခြင်းသာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ အလိုလိုက်အကြိုက်ဆောင်ပြီး ကာမသုခလ္လိကာနုယောဂနိုင်ငံရေးနည်းနဲ့ အစိုးရကို ပြောင်းလဲစေနိုင်မယ်လို့ ယူဆထားခဲ့ပါတယ်။ အစိုးရကလည်း တက်ကြွလာတဲ့ တိုင်းသူပြည်သားများကို အကြမ်းဖက်ပြီး အတ္တကိလာမထာနုယောဂနည်းနဲ့ ဆက်ပြီး ဖိနှိပ်ထားလို့ရသေးတယ်လို့ ယုံကြည်နေတုန်းပဲ ဖြစ်တယ်။ အမှန်မတော့ နှစ်ခုစလုံးဟာ အစွန်းမလွတ်ပါဘူး။ ကာမဂုဏ်အစာကျွေးပြီး တဏှာကို ချော့မော့ရုံနဲ့ သံသရာကနေ မလွတ်မြောက်နိုင်ပါဘူး။ ပြည်သူပြည်သားများကို အကြမ်းဖက်ပြီး ဒေါသကို အစာကျွေးရုံနဲ့ သံသရာကနေ မလွတ်မြောက်နိုင်ပါဘူး။ အချစ်နဲ့လည်း မရသလို အမုန်းနဲ့လည်း မရပါဘူး။
ဒါကြောင့် ကြေးနီစီမံကိန်းကနေ စပြီး ယထာဘူတကျကျ လုပ်ရပါတော့မယ်။ အစိုးရချစ်အောင် နေဖို့မလိုသလို မုန်ဖို့လည်း လုပ်စရာမလိုဘူး။ အလုပ်ကို အလုပ်သဘောအရ လုပ်ဖို့ ကောင်းပြီ။ မြန်မာနိုင်ငံမှာ အမှန်တကယ်ရင်ဆိုင်နေရတဲ့ပြဿနာကို ကိုင်တွယ်ဖို့ ကောင်းနေပြီ။ အမှန်ကို အမှန်အတိုင်း သိမှ အမှားကို ပယ်နိုင်မယ်။ အမှားကို ပယ်နိုင်မှ နိုင်ငံကို ကယ်နိုင်မယ်။ နိုင်ငံကို ကယ်နိုင်မှ ငြိမ်းချမ်းရာကို ရောက်နိုင်ပါ့မယ်။ ဒါဟာ ယနေ့မြန်မာ့နိုင်ငံရေးရဲ့ သစ္စာလေးပါးပါပဲ။
၁။ ကြေးနီစီမံကိန်းဟာ အဆင်မပြေတဲ့စီမံကိန်းများမှ တစ်ခုသာ ဖြစ်တယ်။
၂။ ရွှေလုပ်သားများဆန္ဒပြမှုဟာ အဆင်မပြေတဲ့လုပ်ငန်းခွင်များမှ တစ်ခုသာ ဖြစ်တယ်။
၃။ လှိုင်သာယာလယ်မြေအသိမ်းခံရမှုဟာ မြန်မာနိုင်ငံအခြားဒေသမှာ သိမ်းထားတဲ့မြေနဲ့စာရင် အသေးအမွှားသာ ဖြစ်တယ်။
၎။ ကချင်ကိစ္စဟာ တိုင်းရင်းသားအားလုံးနဲ့ ဖြစ်ပေါ်နေတဲ့ပြဿနာများမှ တစ်ခုသာ ဖြစ်တယ်။
အစိုးရဟာ ပြဿနာဖြစ်ရင် ပြဿနာကို မရှင်းတတ်ဘူး။ မရှင်းတတ်တာလား၊ မရှင်းချင်တာလား တစ်ခုခုပါပဲ။ ပြဿနာတစ်ခုဖြစ်ရင် ဒီပြဿနာတစ်ခုကို မေ့သွားအောင် ဒီထက် ကြီးတဲ့ပြဿနာတစ်ခုနဲ့ အစားထိုးလိုက်ခြင်းပဲ သူတို့တတ်နိုင်တယ်။ ဒါဟာ အတ္တကိလမထာနုယောဂကျင့်စဉ်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ ဒီချုပ်ကလည်း အစိုးရကို ကူညီပြီးရင်း ဆက်ပြီး ကူညီပေးနေတယ်။ ကော်မရှင်ဥက္ကဋ္ဌနေရာကို ယူပြီး ခရိုနီတွေ ဝါဒဖြန့်လို့ကောင်းအောင် အခွင့်အရေးလုပ်ပေးသလို ဖြစ်နေတယ်။ ဒါဟာ အလိုလိုက်အကြိုက်ဆောင်တာပဲဖြစ်လို့ ကာမသုခလ္လိကာနုယောဂကျင့်စဉ်လို့ပြောရတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီနည်းနဲ့ ဖြေရှင်းလို့ အပေါ်က ပြဿနာတွေ ပြီးသွားရောလား။ ဒုက္ခရဲ့အကြောင်းရင်း၊ ပြဿနာရဲ့အကြောင်းရင်းကို မကိုင်တွယ်ရင် ဘယ်နည်းနဲ့ ဖြေရှင်းပါစေ ပြဿနာက ငြိမ်းသွားမှာမဟုတ်ဘူး။
ဒီတော့ အလယ်အလတ်လမ်းစဉ် မဇ္ဇျိမပဋိပဒါလမ်းစဉ်ကို ကျင့်သုံးသင့်တယ်။ အဲဒီအလယ်အလတ်လမ်းစဉ်ဟာ တစ်ဦးအပေါ်တစ်ဦး အလိုလိုက်အကြိုက်ဆောင်ကြဖို့မဟုတ်သလို အမုန်းပွားဖို့လည်းမဟုတ်ဘူး။ သမ္မတသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ အချင်းချင်းယုံကြည်မှုရှိကြတယ်လို့ ပြောဖူးကြပါတယ်။ သူတို့နှစ်ဦးစလုံးကလည်း စစ်မှန်တဲ့ဒီမိုကရေစှီနဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို ထူထောင်ကြမယ်လို့ ကတိပြုထားကြပါတယ်။ ဒီတော့ကာ...
၁။ သမ္မတသိန်းစိန်အနေနဲ့ သံဃာတော်အရှင်သူမြတ်များကို တောင်းပန်ပေးပါ။ ဒီတောင်းပန်မှုဟာ သူတော်ကောင်းတို့ ပြုကျင့်တဲ့အမှုဖြစ်လို့ ရှက်စရာမဟုတ်ပါဘူး။ တရားအားမထုတ်ခင်လေးမှာ ယောဂီတိုင်းက ကန်တော့ရသလိုပဲလို့ သဘောထားပေးပါ။
၂။ ကြေးနီစီမံကိန်းနဲ့ ကချင်ထိုးစစ်ကို ခဏလေး ဆိုင်းငံ့ထားပြီး ကျောင်းသားခေါင်းဆောင်များ၊ အတိုက်အခံခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ တပ်မတော်အရာရှိကြီးများ ပါဝင်စေလျှက် ညီလာခံတစ်ခု စောနိုင်သမျှစောအောင် လုပ်ပေးပါ။
၃။ ၂၀၀၈ ဥပဒေကို ဒီမိုကရေစီနည်းကျအောင်၊ ပြည်ထောင်စုစစ်စစ်မူဖြစ်အောင် ပြင်ဆင်ရေးသားပြီး ယင်းဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပေးပါ။
ဒီအချက်များဟာ လုပ်သင့်လုပ်ထိုက်ပါတယ်။ ဦးပိုင်နဲ့ စစ်တပ်ခေါင်းဆောင်များအနေနဲ့ တိုင်းပြည်မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ပါ။ မိမိရသင့်ရထိုက်တာကိုပဲ ယူကြပြီး ပြည်သူ့ဘဏ္ဍာများကို ပြည်သူ့တို့ထံ ပြန်ပေးခြင်းနဲ့ အလှူဒါနပြုကြပါ။ သံဃာတော်များကို ဝန်ချတောင်းပန်ဖို့ သမ္မတသိန်းစိန်အနေနဲ့ တစ်ယောက်ထဲ ရှက်ကိုးရှက်ကန်းဖြစ်နေရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့လည်း ဝိုင်းဝန်းကူညီပေးသင့်ကြပါတယ်။ ပြီးတော့ ကူညီလက်စနဲ့ အပေါ်က (၃)ချက် အထမြောက်အောင်မြင်ဖို့ ဆက်လက်ကူညီပေးကြစေလိုပါတယ်။

No comments:
Post a Comment