သတင်း -
ကချင်သတင်းဌာန
အဖွဲ့အတွင်း အစည်းအဝေးမှ ပြန်လာသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)
အရာရှိအဖွဲ့ကို ရှမ်းပြည်မြောက် ပိုင်း မုန်းဂိုးဒေသတွင် ယမန်နေ့က
အစိုးရတပ်ဖွဲ့များ စောင့်ကြိုပစ်ခတ် သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း
သိရသည်။
တိုက်ပွဲသည် ဇွန်လ ၁၄ ရက်ယမန်နေ့က မုန်ဂိုးဒေသ KIA တပ်ရင်း ၃၈ နယ်မြေ ဂေါန်ဆမ်ပါ (Gawn Sam Pa) နှင့် KIA တပ်ရင်း ၃၆ နယ်မြေ နမ်ဂွတ် (Nam Gut) ကျေးရွာအနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်။
ဇွန်လ ၁၂ ရက်မှ ၁၃ ရက်ထိ မုန်ဂိုးဒေသမှ သက်ဆိုင်ရာ KIA အရာရှိများ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး ၎င်းမှ နေရာအသီးသီးသို့ အပြန်လမ်းတွင် အစိုးရတပ်ဖွဲ့များ စောင့်ကြိုပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပန်ဆိုင်း (ကြူကုတ်) ဒေသ KIA ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ခွဲမှူး ဇော်ဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။
“ကျနော်တို့အဖွဲ့တွေ ပြန်တဲ့အခါမှာ သူတို့စောင့်ပစ်တာ။ Gawn Sam Pa မှာတော့ မနက် ၉ နာရီခွဲမှာ ၂ ကြိမ်ဖြစ် တယ်။ ညနေပိုင်းတော့ နမ်ဂွတ်နဲ့ လွယ်လောမ့် ရွာတ၀ိုက်မှာ ၂ ကြိမ်ဖြစ်တယ်။ တစ်ခါဖြစ်ရင် ၁၅ မိနစ်လောက် ကြာတယ်။ အခုက ယိန်းဆိုင်(Ying Seng) နဲ့ ယိန်းလား (Ying La) တွေမှာ နေရာယူနေကြတယ်”
တိုက်ပွဲဖြစ်ပွားသော အစိုးရတပ်ဖွဲ့များသည် ခလရ ၁၂၅၊ ခလရ ၂၉၀ တို့ဖြစ်ပြီး တစ်နေရာတွင် အင်အား ၈၀ ခန့်ရှိကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များသည် မြစ်ကြီးနား ဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်တို့ ပါသော အချက် ၇ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် KIO သည် ဇွန်လ ၁၂ ရက်နေ့တွင် ၎င်းဆွေးနွေးပွဲတွင် ရရှိခဲ့သော သဘောတူညီချက်များကို အဆင့်ဆင့် အကောင်အထည်ဖေါ် ဆောင်ရွယ်သွားမည် ဟု ပါသော ကြေညာချက်တစ်ဆောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယခုချိန် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ မရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေတို့ တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

No comments:
Post a Comment