Social Icons

Monday, September 3, 2012

သီရိလကာင်္ပုံစံထိုးစစ် ဖြစ်နိုင်ခြေရှိလား


မဇ္ဇျိမသတင်းဆောင်းပါးမှ စောခိုလုံအမြင်ကို အခြေခံပြီး မိမိထင်ရာမြင်ရာကို တင်ပြခြင်းမျှသာဖြစ်သည်။

2009 ခု မေလမှာ တမီလ်ကျားခေါင်းဆောင် ဝေဠုပိလ္လိုင်း ပြဘာကရန် ကျဆုံးခဲ့တယ်။ LTTE တစ်ဇာတ်သိမ်းခဲ့တယ်။ ဒီစစ်ဆင်ရေးမှာ မြန်မာနဲ့တရုတ် ကူညီပေးခဲ့ဖွယ်ရှိပြီး အလားတူထိုးစစ်မျိုးကို မြန်မာနိုင်ငံမှာလည်း ကျိတ်ပြီး ဆောင်ရွက်ဖွယ်ရှိလာနိုင်တယ်လို့ စာရေးသူက အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကို ပြောကြည့်တယ်။ သူက သဘောတူပါတယ်။ စာရေးသူတို့နှစ်ဦး အမြင်တူတယ့်အချက်အချို့ ရှိပါတယ်။

၁။ LTTE တွေက အသေခံဗုံးခွဲနည်းကို ပထမဆုံးတီထွင်ခဲ့ပြီး အိန္ဒိယနဲ့သီရိလကာင်္နိုင်ငံရေးမှာ ကြားညှပ်မိခဲ့တယ်။ ရာဂျစ်ဂန္ဒီကို လုပ်ကြံခဲ့ပြီးကတည်းက နိုင်င်ငံရေးအရ အကြပ်ရိုက်ခဲ့ရတယ်။

၂။ LTTE တွေက ဂျပ္ဖနာကျွန်းဆွယ်၊ သီရိလကာင်္အရှေ့ပိုင်းတွေမှာ တန်ခိုးထွားပါတယ်။ သူတို့စိုးမိုးရာနယ်မြေတွေမှာ လူအခွင့်ရေးချိုးဖောက်မှုများစွာ ဖြစ်ပေါ်ခဲ့တယ်။ သီရိလကာင်္မှာ တိုင်းရင်းသား(၃)မျိုးသာ ရှိတယ်။ ဆင်ဟာလိ၊ တမီလ်၊ မလေတို့ ဖြစ်တယ်။ LTTE တွေက (၃)မျိုးစလုံးအပေါ်ကို မညှာခဲ့ပါ။

၃။ LTTE တွေက ပြည်ပရောက်တမီလ်လူမျိုးများအပေါ်မှာ မှီခိုခဲ့တယ်။ ဥရောပတို့၊ ကနေဒါတို့မှာ သူတို့အခြေခံအင်အားစု တောင့်တင်းခဲ့ပါတယ်။ ဒါပေမယ့် LTTEကို အကြမ်းဖက်သမားဖြစ်ကြောင်း အမေရိကန်က ကျေညာခဲ့တယ့်အခါမှာ ဒီအခြေခံအင်အားစုနဲ့ LTTE အဆက်ပြတ်သွားခဲ့တယ်။ အသက်သွေးကြော ပြတ်သွားတယ့်သဘောပါ။

၎။ အရေးကြီးတစ်ချက်မှာ ပထဝီဝင်အနေအထားပါ။ သီရိလကာင်္ဟာ ကျွန်းနိုင်ငံဖြစ်တယ်။ LTTE တွေဟာ ဆုတ်စရာမြေမရှိပါ။ ခံစစ်သေနဲ့ ခုခံခဲ့ရပါတယ်။ ခံစစ်အသေဆိုယင် အင်အားကြီးသူက နိုင်မြဲပါ။ စစ်ကစားဖို့ ပထဝီဝင်က ခွင့်မပြုပါဘူး။ စစ်ဖြစ်နေတယ့်အချိန်မှာ တရုတ်လုပ်စစ်လက်နက်တွေနဲ့ တီးလိုက်တယ့်အခါမှာ အဆံထက် အသံက ပိုကြောက်စရာကောင်းတော့ တမီးလ်ပြည်သူတွေက လန့်ဖျပ်ပြီး အစိုးရတပ်ဆီကို အသက်လုပြီး ပြေးလာကြပါတယ်။

ဒီအချက်များကြောင့် LTTE ကျဆုံးခဲ့ခြင်းဖြစ်တယ်။

မြန်မာနိုင်ငံမှာ အဲဒီလိုမဟုတ်ပါ။ ကချင်ကို ထိုးစစ်ဆင်နေခြင်းမှာ တိုင်းရင်းသားတွေရဲ့ စစ်ရေးအစွမ်းအစကို စမ်းသပ်နေရုံမျှပဲ ရှိပါသေးတယ်။ တကယ့်ထိုးစစ်ကြီး မဟုတ်သေးပါ။ အနာဂတ်စစ်ပွဲတစ်ခုအတွက် လေ့ကျင့်ခန်းဆင်းနေခြင်းပါ။ သူတို့အကြံက ဒီလို ဖြစ်နိုင်ပါတယ်။

၁။ တိုင်းရင်းသားတွေကို အခွင့်အရေးအနည်းငယ် ပေးမယ်။

၂။ တိုင်းရင်းသားတွေက အဲဒီပေးထားတယ့်အခွင့်အရေးတွေမှာ ယစ်မူးနေတယ့်အချိန်မှာ လက်နက်စွန့်ခိုင်းမယ်။

၃။  ပြည်သူတွေက စိတ်နှစ်ခွဖြစ်နေတယ့်အချိန်မှာ သီရိလကာင်္ပုံစံ ထိုးစစ်ဆင်ပြီး အတင်းအကြပ် လက်နက်ဖြုတ်ခိုင်းမယ်။

၎။ ပြီးယင် ပေးထားတယ့်အခွင့်အရေးတွေကိုလည်း တစ်ရစ်ပြီးတစ်ရစ် ပြန်လျှော့ချမယ်။

၅။ လက်နက်ကိုင်များ မရှိတော့အတွက် တိုင်းရင်းသားတွေမှာ အဆိပ်မရှိတော့။ တရုတ်တို့ အမေရိကန်တို့ အီးယူးတို့ ဝင်စွက်စရာအကြောင်းမရှိတော့။ အခု သီရိလကာင်္မှာလိုပဲ အနောက်တိုင်းနိုင်ငံတွေက ငြိမ်းသွားပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လုပ်ကွက်တွေ အများကြီးရှိတာမို့ ဒီမျက်နှာဖြူများကို ကျောသပ်ထားနိုင်ပါလိမ့်မယ်။

ဒါပေမယ့် အဲဒီလို ဖြစ်လာပါ့မလားဆိုတာ ပြောဖို့ စောပါသေးတယ်။

၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ အစိုးရတပ်ထက် အုပ်ချုပ်ရေးကောင်းမွန်ကြပါတယ်။ သူတို့ဟာ ဘယ်နိုင်ငံတော်အကြီးအကဲကိုမှ လုပ်ကြံသတ်ဖြတ်ခြင်းမပြုပါဘူး။ အစိုးရကပဲ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုခေါင်းဆောင်များကို မလိုယင် မလိုသလို ရှင်းလင်းသုတ်သတ်တတ်ပါတယ်။

၂။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းများစွာ ရှိပါတယ်။ ဒီလူမျိုးများအားလုံးကို အစိုးရက တန်းတူရေးမပေးဘဲ ရေရှည်စည်းရုံးထားလို့ မရပါဘူး။ သူတို့ဟာ အစိုးရကို သံသယရှိကြသူများ ဖြစ်ကြတယ်။ အစိုးရနဲ့ ရင်းရင်းနှီးနှီး အကျွမ်းဝင်လာပေမယ့် သံသယကတော့ တပြားသားမှ မလျှော့သေးပါဘူး။ တိုင်းရင်းသားအချင်းချင်းဟာ မညီကြပေမယ့် စာနာမှုတော့ ရှိကြပါတယ်။

၃။ တိုင်းရင်းသားလက်နက်ကိုင်များဟာ ပြည်ပကို မှီခိုနေတယ့် အင်အားစုများလည်းမဟုတ်ကြပါ။ ပြည့်အင်အားသည် ပြည်တွင်းမှာပင် ရှိသည်ဟု ယုံမှတ်ကြသူများ ဖြစ်ကြတယ်။ နေဝင်းရဲ့ ဖြတ်လေးဖြတ်လည်း သူတို့နဲ့ပြည်သူကြားမှာ ရှိတယ့်သံယောဇဉ်ကို မဖြတ်နိုင်ခဲ့ပါ။ သူပုန်တွေက လူကြမ်းများဖြစ်ကြောင်း၊ အစိုးရတပ်က ကယ်တင်ရှင်များဖြစ်ကြောင်း ပြောတယ့်နေရာ တစ်နေရာပဲ ရှိတယ်။ ရုပ်ရှင်ပြကွက်များမှာ ဖြစ်ပါတယ်။

၎။ မြန်မာနိုင်ငံဟာ ကျွန်းနိုင်ငံမဟုတ်ပါ။ နောက်ပြီး တိုင်းရင်းသားတွေဟာ တစ်နေရာထဲ စုနေကြတာ မဟုတ်ပါ။ နယ်စပ်တိုင်းမှာ တိုင်းရင်းသားတွေ ရှိကြပါတယ်။ ဒီနောက်ပိုင်းမှာပဲ ဗမာလူဦးရေ အတော်အသင့်ရှိအောင် အစိုးရက စီမံလာခြင်းဖြစ်ပါတယ်။ အမှန်တကယ် ထိုးစစ်ဆင်ယင် မြန်မာပြည် ဘယ်နေရာမှာမဆို တိုင်းရင်းသားတွေက ဝင်ရောက်လှုပ်ရှားနိုင်ပါတယ်။

မြန်မာအစိုးရဟာ သီရိလကာင်္ပုံစံ ထိုးစစ်ဆင်ချင်တယ်ဆိုယင် သီရိလကာင်္ပါလီမာန်ကို တမီးလ်အား တစ်ဝက်ခွဲပေးသလို၊ ကျောင်းတိုင်းမှာ ဆင်ဟာလီနဲ့တမီးလ်ကို သင်ခိုင်းသလို၊ ဌာနတိုင်းမှာ တမီးစာကို ရေးသလို၊ ငွေစက္ကူတိုင်းမှာ တမီးလ်စာကို ရိုက်နှိပ်သလို၊ တမီးလ်နယ်မှာ တမီးလ်စာကိုပဲ အသုံးပြုခွင့်ပြုသလို ခွင့်ပြုမှပဲ အချို့တိုင်းရင်းသားခေါင်းဆောင်များက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး အစိုးရနဲ့ ပူးပေါင်းလာကြမှာပါ။ အစိုးရတပ်ကလည်း တမီးလ်လူမျိုးများအပေါ် သီရိလကာင်္တပ်က ကောင်းပြသလို ကောင်းမှ တိုင်းရင်းသားတွေက အားကိုးလာကြမှာပါ။ အခုအခြေအနေအတိုင်း ထိုးစစ်ဆင်မယ်ဆိုယင် အစိုးရမှာ ရှိသမျှ ကုန်မယ်လို့ ပြောလိုပါတယ်။

ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုယင်...

၁။ လက်ရှိအခြေအနေမှာ အပြောကတော့ ရွှေမန်း၊ အလန်းကကတော့ သိန်းစိန်၊ စိတ်ပိန်နေသူက လမ်းတစ်ဖက်ခင်း၊ ချဉ်ခြင်းတပ်နေသူက မြင့်ဆွေ၊ ပေတေတေနေသူက မင်းအောင်လှိုင်၊ မဆိုင်ဘဲ ဝင်ဝင်ရှုပ်နေသူက ရိုဟင်ဂျာ၊ မာယာများသူကတော့ ဦးအောင်မင်း၊ အင်အားဖြည့်တင်းနေသူကတော့ အစိုးရတပ်၊ အကြပ်ဆိုက်နေသူက ယူအင်န်အက်ဖ်စီ ဆက်ပဲ တွေးကြည့်သွားပါ။ အခြေအနေက ထင်သလောက် မကောင်းသေးပါ။

၂။ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများဟာ နဂိုကလည်း မြန်မာ့အရေးကို ဟုတ်တိပတ်တိ မကူညီခဲ့။ အခုလည်း ကူညီဦးမှာမဟုတ်။ သူတို့အကျိုးစီးပွားကိုပဲ ကြည့်သွားကြပါဦးမယ်။ အမေရိကန်ကလွဲပြီး နိုင်ငံအတော်များများဟာ စီးပွားရေးကိစ္စမှာ ဘရိတ်မရှိကြပါ။ နော်ဝေနဲ့အင်္ဂလန်တို့ဟာ နိုင်ငံရေးမှာ အင်မတန်လည်ပါတယ်။ ဘယ်သူမှ စိတ်မချရပါ။ အစိုးရအတွက်လည်း အကျိုးမရှိသလို တိုင်းရင်းသားများအတွက်လည်း အကျိုးမဖြစ်ပါ။ လူနည်းစုအခွင့်အရေးကို ဗြိတိသျှဥပဒေမှာ ဖတ်ကြည့်ပါ။ စံပြုစရာ သိပ်မရှိပါ။ အဲဒီဗြိတိသျှဥပဒေကို အတုခိုးခဲ့လို့ ပင်လုံအနှစ်သာရ ပျက်ခဲ့ရပါတယ်။

၃။ လက်ရှိအစိုးရက ရိုဟင်ဂျာအရေး ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့တယ့်အထဲ သူတို့ ပါနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် သမ္မတသိန်းစိန်က ရိုဟင်ဂျာအရေးကို ပြတ်ပြတ်သားသား ကိုင်မယ်ပြောတော့ လူထုထောက်ခံမှု ရပါတယ်။ ဒါဟာ ရသင့်ရထိုက်တယ့် ထောက်ခံမှု ဖြစ်တယ်။ အခုပဲ ရွေးကောက်ပွဲလုပ်ယင် ရခိုင်ပြည်နယ်မှာ သမ္မတသိန်းစိန် မဲအများအပြား ရနိုင်ပါတယ်။ ဒါပေမယ့် လူအတော်များများက နားလည်ကြပါတယ်။ ရိုဟင်ဂျာအရေးဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာမဟုတ်ဘဲ အစိုးရအဆက်ဆက် ကျူးလွန်ခဲ့ကြတယ့် လူဝင်မှုပြဿနာတစ်ခုသာ ဖြစ်တယ်။

၎။ ဒီမိုကရေစီရွေးကောက်ပွဲဟာ ၂၀၁၅ ကျမှ အဖြေပေါ်မှာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ ပင်လုံကဲ့လို့ ညီလာခံအပြီးမှာမှ သိနိုင်မှာပါ။ သံတမန်ရေးအောင်မြင်မှုရှိမရှိရေးဟာ အာဆီယံဥက္ကဋ္ဌဖြစ်မဖြစ်၊ ပြည်ပရင်းနှီးမှုများ ခြေစုံပစ်ဝင်ရောက်မှုရှိမရှိ သိမှ ခန့်မှန်းနိုင်မှာပါ။ ပြည်တွင်းစစ်ပြဿနာဟာ လက်နက်ကိုင်ပြဿနာမဟုတ်လို့ နိုင်ငံရေးအရ အောင်မြင်မှုရှိမရှိ သိဖို့ ဖွဲ့စည်းပုံကို ဘယ်အဆင့်အထိ ပြင်နိုင်မလဲအပေါ်မှာ မူတည်နေပါတယ်။

၅။ မြန်မာအိမ်နီးချင်းနိုင်ငံများဟာ မြန်မာပြည်တွင်းရေးမှာ ဝင်စွက်လေ့မရှိဘဲ ရစရာရှိတာကို ယူပြီး အမြတ်ထုတ်လေ့ရှိတယ်။ တိုင်းရင်းသားတွေမှာ အင်အားကောင်းခဲ့ယင် အဆိုပါအိမ်နီးချင်းများက တိုင်းရင်းသားများနဲ့ ပြဿနာတက်ချင်မှာ မဟုတ်။ သူတို့ စီးပွားရေးဟာ လုံခြုံရေးအရ ဒီတိုင်းရင်းသားတွေအပေါ်မှာ မူတည်ပါတယ်။ ဒီတိုင်းရင်းသားတွေကို မျိုးတုံးသွားအောင် လုပ်တယ့်အထိ မြန်မာအစိုးရနဲ့ ပူးပေါင်းမှာမဟုတ်ပါဘူး။ အဘယ်ကြောင့်ဆိုတော့ မြန်မာအစိုးရနဲ့ ဆက်ဆံတယ့်နေရာမှာဆိုယင် ဒီတိုင်းရင်းသားတွေဟာ သူတို့အတွက် ကာဗာ ဖြစ်နေလို့ပါပဲ။

ဒါကြောင့် မြန်မာပြည်မှာ သီရိလကာင်္ပုံစံ ထိုးစစ်ဆင်မယ်ဆိုယင် အစိုးရအနေနဲ့ လုံးဝမှားယွင်းမှာဖြစ်ပြီး သဲသောင်ပြင်မှာ ဆောက်ထားတယ့် လက်ရှိသူတို့အိပ်မက်လည်း ပျက်ပြယ်သွားစရာရှိပါတယ်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .