 
ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ 
မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ ကြီးကျယ်သော 
အဆောက်အဦများစွားဖြင့် ဖွံဖြိုး တိုးတက်လျက်ရှိသော်လည်း မြို့ကြီး 
သီးသီးသန့်သန့် တည်ရှိနေခြင်းက ထူးဆန်း အံသြစရာ ကောင်းနေကြောင်း နေပြည်တော်
 ဆီးဂိမ်း ပြိုင်ပွဲသို့ရောက် နိုင်ငံခြားသား ဧည်သည်များက မှတ်ချက်ပြု 
ကြသည်။
နေပြည်တော်တွင် အဆောက်အဦး ကောင်းများစွာရှိပြီး  ကြီးမားကျယ်ပြန့်သော 
လမ်းများဖြင့် လှပနေသော်လည်း စည်းကမ်း ပိုင်းဆိုင်ရာတွင် အားနည်းချက်များ 
ရှိနေသေးကြောင်း နိုင်ငံခြားသား တချို့က ပြောသည်။ ယင်းအပြင် နေပြည်တော်မှာ 
ဆင်းရဲ ချမ်းသာ လူတန်းစား အလွှာစုံကို မတွေ့မြင်ရဘူးဟု ၎င်းတို့က ဆိုသည်။
“ အခု မြန်မာက ပွင့်လင်းသွားပြီ ဆိုတော့ ခရီးသွားရတာ အဆင်ပြေတယ်။ 
နေပြည်တော်ကြီးက ရန်ကုန်လောက် ကားတွေ ၊ လူတွေ မများဘူး။ ဒီတိုင်းပြည်က 
တခြားမြို့တွေလို မဟုတ်ဘဲ သပ်သပ်ကြီး ဖြစ်နေတာ အရမ်း အံသြစရာပဲ။ လူတွေကလည်း
 ကားတွေ ဆိုင်ကယ်တွေနဲ့ ချမ်းသာတဲ့ပုံပဲ။ ရန်ကုန်က လူဦးရေ ၈ သန်းကို 
ဒါမျိုး ဖန်းတီးပေးသင့်တယ် ”ဟု နေပြည်တော် ဆီးဂိမ်းသို့ သီးသန့် လာရောက် 
လည်ပတ်သူ ဂျာမနီနိုင်ငံသား Mark က ဆိုသည်။
နေပြည်တော် ဆီးဂိမ်းသို့ ရောက်ရှိ လာသော Mark တို့ ကမ္ဘာလှည့် ခရီးသွား 
အဖွဲ့သည် ရန်ကုန် ၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး 
ဖြစ်ရာ မန္တလေးနှင့် ပုဂံရှိ မြန်မာ ပြည်သူများမှာ သူတို့၏ တိုင်းပြည်တွင် 
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲကြီး 
ကျင်းပနေသည်ကို မသိရှိကြကြောင်း Mark တို့အားပြောဆိုသည်ဟု ဧရာဝတီသို့ 
ပြောပြသည်။
“ တကယ်ဆိုရင် ကိုယ့်နိုင်ငံမှာ ဒီလောက်ကြီးတဲ့ အားကစားပွဲကြီး လုပ်တာ 
ပြည်သူတွေ သိသင့်တာပေါ့။ ပုဂံက ပြည်သူတွေ မသိတာ ထားလိုက်တော့၊ မန္တလေးမှာ 
အမျိုးသမီး ဘောလုံးပွဲ ရှိတာပဲ ။ သူတို့ သိသင့်တာပေါ့။ မှန်းပြောရရင် 
အစိုးရက နိုင်ငံတကာကို ကြွားချင်လို့ သက်သက် လုပ်ပြတာမျိုး ဖြစ်နေမလား” ဟု 
Markက မှတ်ချက်ပြု ပြောဆိုသည်။
နေပြည်တော်သည် မြန်မာနိုင်ငံတွင် နေရာ အသစ်တခုကဲ့သို့ သီးသီးသန့်သန့် 
တည်ရှိနေခြင်းသည် အပြောင်းအလဲ တခုဖြစ်ပြီး အလွန် ဖွံဖြိုးတိုးတက်သော 
တိုင်းပြည်ကြီး တခုသို့ အလုပ် လာလုပ်နေရသည်ဟုပင် ခံစားရကြောင်း 
ထိုင်းနိုင်ငံ အခြေစိုက် Nation Man ကုမ္ပဏီမှ အသက် ၄၆ နှစ်အရွယ် 
ထိုင်းလူမျိုး Mr.MonGkon က ဧရာဝတီသို့ ပြောသည်။
“ ဒီကို မရောက်ခင်က နေပြည်တော်ကို ဒီလောက် ကြီးကျယ် ခမ်းနားလိမ့်မယ်လို့
 ထင်မထားဘူး။ တကယ်နေရာ အသစ်တခုပဲ။ ကျနော်က ဒီမှာ လက်ဝှေ့စင် အတွက် 
လိုအပ်တာတွေ လာကူတာ။ ဒါပေမဲ့ နေပြည်တော်ထက် မန္တလေးကို ပိုကြိုက်တယ်။ အဲဒီက 
မြန်မာတွေက ဖော်ရွှေတယ်။ မန္တလေးက ကျနော်တို့ နိုင်ငံနဲ့ ပိုတူတယ်” ဟု 
Mr.MonGkon က ဆိုသည်။
Mr.MonGkon သည် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်အတွက် လက်ဝှေ့စင်နှင့် 
လက်ဝှေ့ ပစ္စည်းများ ကူညီ ထောက်ပံပေးရန် နည်းပညာ အကူအညီပေးနေသူတဦး ဖြစ်ပြီး
 နေပြည်တော်သို့ နှစ်ကြိမ်မြောက် ရောက်ရှိလာသူဖြစ်သည်။
“ ဒီမှာ လူတိုင်းက ကွမ်းတံတွေးကို ကြုံသလို ထွေးနေတာမျိုး တွေ့ရတယ်။ 
ထွေးတဲ့သူတွေအတွက် ထွေးဖို့နေရာတို့ ၊ အမှိုက်ပုံးတို့ ပေးထားတာလည်း 
မတွေ့ဘူး။ စည်းကမ်း လိုက်နာဖို့အတွက် အမှိုက်ပုံးတို့ ၊ ကွမ်းတံထွေးတဲ့ 
နေရာတို့ ထားပေးသင့်တယ်။ ထိုင်းမှာလည်း တချို့နေရာတွေက ညစ်ပတ်ပေမယ့် 
မြန်မာတွေလိုတော့ ကွမ်းတအား မစားကြဘူး။ နိုင်ငံတိုင်းမှာလည်း စည်းကမ်း 
မလိုက်နာတဲ့ သူက ရှိတာပဲ”ဟု ထိုင်းနိုင်ငံသား မစ္စတာ Mr.MonGkonက ပြောသည်။
နေပြည်တော်သည် ရန်ကုန်မြို့ထက် ပိုကောင်းမွန်ပြီး မလေးရှားနိုင်ငံ 
ပူထရာဂျာနာ ဒေသနှင့် ဆင်တူကြောင်း ၊ မြန်မာ့ ရိုးရာ လက်မှု ပစ္စည်းများ 
ဝယ်ယူချင်သော်လည်း နေပြည်တော်တွင် ရှာမတွေ့ကြောင်း ပထမဆုံးအကြိမ် 
နေပြည်တော်သို့ ရောက်ရှိလာသော မလေးရှားနိုင်ငံမှ အသံလွှင့်အင်ဂျင်နီယာ မစ္စတာ
 အင်မန်အီဟတ်က ပြောသည်။
“ မြန်မာတွေ ဧည့်ဝတ်ကျေတယ် ။ ဆီးဂိမ်း အပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ 
ခြင် ပြဿနာကတော့ ကြီးကြယ်တဲ့ Issue ကြီးမဟုတ်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီ
 ။ ဒီမှာ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားလို့ ရနေတာပဲ ” ဟု 
မလေးရှားနိုင်ငံ National Sport Council မှ မစ္စတာ ဘက်စမန်က ဆိုသည်။
“ဒီဆီးဂိမ်း အားကစား ကွင်းထဲမှာတော့ သယ်ယူ ပို့ဆောင်ရေးက 
သိပ်အဆင်မပြေဘူး။ ကားတွေက အချိန်မမှန်ဘဲ သူဘာသာ သွားနေတယ်။ ဒါပေမဲ့ ကျနော်က
 မွတ်စလင်ဆိုတော့ ဆိုင်တွေမှာ စားရတာ အဆင်ပြေပါမလား စိတ်ပူတာ။ အဆင်ပြေတယ်။ 
ဟာလာ အစားအစာတွေ ရတယ်။ တခုက မြန်မာ့ရိုးရာ လက်မှုပညာ ပစ္စည်းတွေတော့ 
ဝယ်ချင်တယ်။ ဒီမှာရောင်းတာက ဆီးဂိမ်းနဲ့ ပတ်သက်တာတွေပဲ ဖြစ်နေတယ်”ဟု 
အင်မန်အီဟတ်က ဆိုသည်။
အာရှ အားကစား အဖွဲ့ချုပ်မှ ထိုင်း နိုင်ငံသား မစ္စတာ Paiboon က “ 
နေပြည်တော်ကြီးက တကယ် ကောင်းပါတယ်။ အပြင်မှာ ကြားခဲ့ရသလို စစ်တပ်က 
ထိန်းချုပ်ထားတယ်။ မလွတ်လပ်ဘူးဆိုတာ မဟုတ်ဘူး။ ဒီမှာ ဟိုတယ်တွေလည်း 
အများကြီး ဖွင့်ထားတယ်။ ဒါပေမဲ့ ဟိုတယ်တွေပဲ ရှိပြီး စီးပွားရေး 
ဖွံဖြိုးတာတော့ မတွေ့ရဘူး။ မြန်မာတွေ ခုထက်ထိ သနပ်ခါး လိမ်းနေသေးတယ်။ 
ဒါပေမဲ့ နောက်ကျရင်တော့ မိတ်ကပ်တွေ
ပြောင်းလိမ်း ကြလိမ့်မယ်။ ထိုင်းမှာတော့ ယဉ်ကျေးမှု ပြောင်းသွားပြီ ”ဟု ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်သော ဗီယက်နမ် နိုင်ငံအသင်းမှ 
အားကစားသမားများအတွက် တည်းခိုရန် ပေးထားသည့် နေအိမ်အချို့တွင် ခြင် အန္တရာယ်
 ရှိနေပြီး ခြင်ပြဿနာ အပါအ၀င်၊ တခြားပြဿနာ တချို့ကြောင့် အားကစား သမားများ၏
 စွမ်းရည် အပေါ် သက်ရောက်မှု ရှိနေသည်ဟု ဗီယက်နမ် အခြေစိုက် သတင်းဌာန တခုက 
ဖော်ပြခဲ့သောကြာင့် ကျန်းမာရေးဝန် ကြီးဌာနက ခြင်ထောင်များ ထပ်မံ 
ဖြည့်ဆည်းပေးခြင်းဖြင့် ခြင် ပြဿနာကို ဖြေရှင်းပေးရကြောင်း သိရသည်။
နေပြည်တော်တွင် နိုင်ငံခြားသားများကို ၀န်ဆောင်မှု ပေးနေသော 
အငှားတက္ကစီယာဉ် စရိတ်မှာ အနည်းငယ် ဈေးကြီးသည်ဟု ဂျာမနီ နိုင်ငံသား မစ္စတာ 
Toddy က ပြောသည်။ ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ Tourist Police က အကူအညီ
 ပေးသည်ဟု ၎င်းက ဆိုသည်။
“ ကျနော်တို့ အဖွဲ့ ဟိုတယ်ဇုန်ကနေ ဒီကို ကားငှားလာတာ ဒေါ်လာ ၂၀ ပေးရတယ်။ 
ဈေးကြီးပေမယ့် အစိုးရက ဆီးဂိမ်းကို ဘယ်လိုလုပ်ထားလဲ ဆိုတာ 
စိတ်ဝင်စားလို့လာကြည့်တာ။ မြန်မာကို ရောက်တော့ Tourist Police တွေက 
ကူညီတယ်။ မျက်နှာတွေက ပြုံးနေတာပဲ။ ဆီးဂိမ်း ပွဲထဲကိုလည်း ၀င်ခွင့်ရတယ်။ 
ဒီထဲမှာတော့ ပွဲတွေကို ကြည့်လို့ရမယ့် Time Scaledule ရှာတာတော့ အခုထိ 
မတွေ့သေးဘူး”ဟု မစ္စတာ Toddy က ပြောသည်။
ဘောလုံးပွဲတွင် အိမ်ရှင် မြန်မာကို အနိုင်ရစေချင်ပြီး အင်ဒိုနီးရှား 
အနိုင်ရသွားသည့် အတွက် စိတ်မကောင်းကြောင်း ဂျာမနီနိုင်ငံသား Rainerက ယခုလို
 ပြောဆိုသေးသည်။”တီမောနဲ့ ထိုင်းတုန်းက တီမောကို အားပေးတယ်။ မြန်မာနဲ့ 
ထိုင်းမှာတော့ မြန်မာကို အားပေးခဲ့တယ်။ မြန်မာတွေ ရှုံးတာနဲ့ ရှက်လို့ 
ရန်ကုန်မှာ ရန်တွေ ဖြစ်ကြတာ မင်းသိလား” ဟု Rainer မေးခွန်းထုတ်သည်။
(irrawaddy)