Pages

Friday, November 15, 2013

"ဘကြီးရွှေ နောက်တယ်ဗျာ"


(ဟာဂျူလီ-ကသာ)

 ဒီကနေ့ညပိုင်းက မလေးရှားမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ လူငယ်တစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ပါတယ်၊အဲဒီလူငယ်လေး မလေးရှားမှာ လုပ်ခဲ့တဲ့ အလုပ်အကိုင်အကြောင်း
မေးကြည့်တော့..သူက မလေးရှားမှာ အုန်းနို့ညစ်တဲ့စက်ရုံမှာ လုပ်တာတဲ့၊သူတို့စက်ရုံဟာ မလေးရှားမှာ အသေးဆုံးစက်ရုံဖြစ်ပြီး တစ်ရက်ကို အုန်းနို့တန်ချိန် (၄)တန်ကနေ (၈)တန်
အထိပဲ ထုတ်နိုင်တဲ့ စက်ရုံကလေး ဖြစ်ပါသတဲ့၊သူ့စကားကြောင့် ကျွန်တော် အတော်အံ့သြသွားပြီး အဲဒီလောက် အုန်းနို့တွေကို ဘယ်နေရာမှာ သုံးကြတာလဲလို့ စပ်စုမိတော့
မလေးရှားတွေဟာ အုန်းနို့ အလွန်စားတဲ့အကြောင်း ဟင်းချက်တဲ့နေရာမှာ အုန်းနို့ဟာ မပါမဖြစ် ပါနေတဲ့ အကြောင်း ပြောပြပါတယ်၊သူတို့ရဲ့ အုန်းနို့ကို တစ်ကီလို မလေးငွေ(၅)ကျပ်လောက်
နဲ့ ရောင်းကြောင်း ၊ အုန်းနို့ခြစ်ပြီး ကျန်တဲ့ အုန်းညစ်ဖတ်က ဈေးပိုရကြောင်း တစ်ကီလိုကို မလေးငွေ(၆)ကျပ်လောက်နဲ့ ဘင်္ဂလားဒေ့၊ပါကစ္စတန်က ၀ယ်ကြောင်း ဒီအုန်းညစ်ဖတ်ဟာလည်း ရောင်း
မလောက်အောင် ဖြစ်နေရတဲ့အတွက် အင်ဒိုနီးရှားကတင်သွင်းရတဲ့ အုန်းသီးတွေပင် ရှားပါးလာနေကြောင်း ပြောပြပါတယ်၊
လူငယ်လေးနဲ့ စကားပြောရင်း ဘာဖြစ်ဖြစ်ကိုယ့်နိုင်ငံအတွက် စဉ်းစားလေ့ရှိတဲ့ ကျွန်တော်က "ဟာ ..ဒါဆို ငါတို့နိုင်ငံမှာ အုန်းပင်တွေ အများကြီးပဲ၊ဈေးလည်း ဘာမှ မရှိဘူး၊မင်းတို့ သူဌေးကို
မြန်မာနိုင်ငံမှာ အုန်းနို့စက်ရုံလာ တည်ဖို့ အကြံပေးလိုက်ပါလားကွ၊ဒါဆို ငါတို့နိုင်ငံက လူငယ်တွေလည်း အလုပ်ရ၊အုန်းပင်ပိုင်ရှင်တွေလည်း စီးပွားရေး အဆင်ပြေ၊ ဟန်ကို အတော်ကျမှာဟေ့ " လို့
ပြောဖြစ်တော့ လူငယ်လေးက မချိပြုံးလေးပြုံးပြီး ပြောပါတယ်၊
" ဦးဂျူ အကြံပေးသလိုပါပဲ၊ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေ အကြံပေးကောင်းလိုက်တာ ကံကောင်းလို့ အလုပ်ပြုတ်တော့မလို့ ဦးဂျူရေ၊ကျွန်တော်လည်း ဦးဂျူ တွေးသလိုတွေးပြီး မန်နေဂျာကို
ဝိုင်းတင်ပြကြတာပေါ့၊မြန်မာတွေ ၀ိုင်းပြီးအကြံပေးတော့ သူဌေးက စိတ်ဝင်စားပြီးကျွန်တော်တို့နဲ့တွေ့ပြီး မြန်မာနိုင်ငံအခြေအနေစုံစမ်းပါတယ်၊ကျွန်တော်တို့ကလည်း မြန်မာတွေရဲ့ အိမ်တိုင်းမှာ အုန်းပင်
ရှိကြကြောင်း ဘာဘာညာညာတွေ ပြောကြတာပေါ့၊သူဌေးလည်း သဘောကျသွားပြီး ဟုတ်ပြီ၊ မြန်မာနိုင်ငံမှာ အုန်းနို့စက်ရုံတည်မယ်၊ မင်းတို့ကို မြန်မာနိုင်ငံ ပြန်ပို့ပြီး ဟိုကစက်ရုံမှဘဲ လုပ်ခိုင်းမယ်၊လစာကို
ဒီမှာပေးသလို မလေးငွေနဲ့ပေးမယ်လို့လည်း ကတိပေးတာပေါ့၊ကျွန်တော်တို့ မြန်မာအလုပ်သမားတွေလည်း ပျော်ကြတာပေါ့၊ကိုယ့်အိုး ကိုယ့်အိမ်နဲ့ နီးနီးနားနားမှာ အလုပ်လုပ်ပြီး နိုင်ငံခြားငွေရမယ်ဆိုတော့
ပျော်ကြတာပေါ့နော်၊ နောက်ဆုံးပြောရရင် သူဌေးက မော်လမြိုင်မှာ စက်ရုံသွားထောင်ပါတယ်၊စက်ရုံထောင်လို့ မပြီးခင်မှာ မလေးရှားကို ပြန်ရောက်လာပါတယ်၊ ကျွန်တော်တို့ကို ခေါ်ပြီး ပြောတယ်၊
မင်းတို့စကားကို ယုံပြီး စက်ရုံသွားတည်တာ၊စက်ရုံတည်ရင်း ကုန်ကြမ်းကို လေ့လာကြည့်တော့ ဘယ်ကကွာ၊မင်းတို့နိုင်ငံက အုန်းပင်ဆိုတာ ငါတို့စက်ရုံ တစ်နှစ်လုပ်စာပဲ ရှိတာကါ၊ဘယ်လို လုပ်လို့ ရမလဲ..တဲ့ဗျား။
ကျွန်တော် လူငယ်လေးပြောတဲ့စကားကို နားထောင်ပြီး တွေးဖြစ်တွေးရာ တွေးမိရင်းက " တောက်.. ဘကြီးရွှေကွာ၊အတော်ကို နောက်တဲ့ လူကြီးပဲ၊ဒင်းသာ လူလိုတွေးခဲ့ရင် ငါတို့ နိုင်ငံမှာ အုန်းနို့စက်ရုံတွေ
တ၀ုန်းဝုန်းနဲ့ တော်တော်ကို အဆင်ပြေနေမှာ၊မင်းစဉ်းစားကြည့်လေ၊ သူသာ အရည်မရ အဖတ်မရတဲ့ ကြက်ဆူကို မစိုက်ခိုင်းဘဲ အုန်းပင်တွေသာ စိုက်ခိုင်းခဲ့ရင် ဒီအချိန် အုန်းသီးတွေ လှိုင်လှိုင်သီးပြီး
အုန်းသီးတွေ Export လုပ်လိုလုပ် စက်ရုံတွေ တည်လိုတည် နဲ့ အဆင်ပြေလိုက်ကြမယ့် ဖြစ်ချင်း၊ခုတော့ကွာ...ဟွန်း..အတော်နောက်တဲ့ ဘကြီးရွှေ၊ကြံကြံဖန်ဖန် ကြက်ဆူကနေ လောင်စာဆီထုတ်မတဲ့၊
ဒီလိုလူမျိုးလက်ထဲရောက်ခဲ့တဲ့ တို့နိုင်ငံ မွဲရတာလည်း မဆန်းလှပါဘူးကွာ၊ဆန်းနေတာက ဒီလိုအတွေးအခေါ် ချို့တဲ့တဲ့လူကြီးဟောင်းကို အခုလူကြီးအသစ်တွေက သွားပြီး ဂါရ၀ပြုနေကြတာတော့
မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်ပစ်လိုက်ချင်တော့တာပါပဲကွာ....။

(ဟာဂျူလီ-ကသာ)

No comments:

Post a Comment