Pages

Friday, June 7, 2013

ဆရာကြီးထဲဘူးဖဲ တီထွင်ထားသည့် စာပေကို ဘုံအဖြစ် အသုံးပြုရန် သဘောတူညီကြ

သတင်း - ကန္တာရ၀တီတိုင်း(မ်)
ကယား(ကရင်နီ) တိုင်းရင်းသားစာပေတွေထဲက နေရာအလိုက် အသုံးပြုနေခဲ့ကြတဲ့ စာပေ အမျိုးအစားသုံးမျိုး  အနက် ဘုံစာပေအဖြစ် ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့စာပေကို အသုံးပြုဖို့ သဘောတူ ဆုံးဖြတ်ထားကြ တယ်လို့ ပြည်တွင်းပြည်ပရှိ ကရင်နီစာပေကော်မတီအဖွဲ့ဝင်များ အစည်းအဝေးဆုံးဖြတ်ချက် အပြီး ကော်မတီဝင်တွေက ပြောဆို သွားပါတယ်။
alphabetaပြည်တွင်း စာပေကော်မတီအဖွဲ့မှ အတွင်းရေးမှူး မိုးဇက်အောင်လေးညို့ရယ် က တမျိုးသားလုံးအတွက် စာပေတခုတည်းသာရှိထားဖို့ လိုအပ်တယ်လို့ ယခုလို ပြောပါတယ်။
"အခု အားလုံးတစုတစည်းဖြစ်အောင်  ဒီစာပေကိုပဲ အတည်ပြု တဲ့ သဘောထားတွေ ရယူလိုက်ပါပြီ။ ကျန်တဲ့ စာတွေကိုတော့ ကျနော်တို့ မေ့မေ့ပျောက်ပျောက်တော့ မလုပ်လိုက်ပါဘူး။ လောလောဆယ် ကရင်နီတမျိုးသားလုံးအတွက် စာပေတခုကို တည်ထောင်ဖို့လိုနေပြီလေ။  အဲဒါကြောင့်မိုလို့  ဒီစာပေကို  ဘုံသုံးဖို့ အတည်ပြု  လိုက်ပြီ။"
ကရင်နီတမျိုးသားလုံးအတွက် ဘာသာစကားပြောဆိုရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် အားလုံးအတွက် တညီတညွတ်တည်း ဖြစ်စေရန်ဆိုပြီး ဆရာကြီးထဲဘူးဖဲစာပေကို ရွေးခြယ်ရခြင်း ဖြစ်တယ်လို့ ကရင်နီစာပေ နှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ခူးတော်ရယ်က ပြောပါတယ်။
"အခုကျနော်တို့ စုဆုံကြပြီး  ကရင်နီတိုင်းရင်းသား တမျိုးသားလုံးအတွက် တခုတည်း အသုံးပြုသင့်တယ် ဆိုတာကို ပြောကြတယ်။ ပြန်ကြည့်မယ်ဆိုရင် နယ်စပ် အရှေ့ဘက်ခြမ်းမှာ အသုံးပြုတဲ့စာက အားလုံးအတွက် အသံလည်း ထွက်နိုင်တယ်ဆိုပြီး ဆရာကြီးထဲဘူးဖဲ တီထွင်ခဲ့တဲ့စာကိုပဲ အားလုံး သဘောတူလိုက်ကြပါတယ်။"
ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့စာပေကို တော်လှန်ရေးနယ်မြေနဲ့ နယ်စပ်တလျှောက်မှာ အသုံးပြုကြပါ တယ်။  ကယားပြည်နယ်မှာတော့  မြန်မာဗျည်းအက္ခရာနဲ့ တီထွင်ထားတဲ့ မူနဲ့   ကက်သလစ်ဘာသာဝင် အများစုက အသုံးပြုတဲ့ ရောမအက္ခရာ စာပေမူ တွေရှိပါတယ်။
ဆရာကြီးထဲဘူးဖဲတီ ထွင်ထားတဲ့စာကို လူထုကိုယ်စားလှယ်တွေဆီကနေ ဆန္ဒခံယူပြီး ရှေ့ဆက်ပြည်တွင်း ပြည်ပမှာ ပိုမိုပျံ့ပွါးအောင်ဆက်လက်ကြိုးစား သွားမယ်လို့ ကယားစာပေ အတွင်းရေးမှူးမိုးဇက်အောင် လေးညို့ရယ်က ပြောပါတယ်။
"ကယားပြည်နယ်အတွင်းမှာရော ပြည်ပတွေမှာနေထိုင်တဲ့သူတွေ ကယား ပြည်နယ်နဲ့ထိစပ်နေတဲ့ ဒေသမှာအခြေချနေတဲ့ ကယားလူထုတွေ ရှမ်းတောင်ပိုင်းမှာနေထိုင်တဲ့ကယားလူထုတွေ  ကို ခေါ်ပြီးတော့ လူထုကိုယ်စားလှယ် ရွေးခြယ်တယ်၊ လူတို့ကနေ လူထုဆန္ဒကိုခံယူတယ်။  အရင်တခါ ဒေါဆီးအီမှာ ဆုံးဖြတ်တုန်းကလည်း ဒီတခုကို ယူချင်ကြတာပေါ့။  အရေးကြီးဆုံးက တိုင်းရင်းသားတွေ ကိုယ့်ဘာသာ စာပေကို တိုးတက်အောင်လုပ်ရမှာပါ။ ကိုယ့်ဘာသာ  တိုးတက်အောင်မလုပ်ရင်တော့ ဘယ်သူမှကိုယ့်ကိုလာ လုပ်ပေးမှာမဟုတ်ဘူး ကြိုးစားဖို့တော့လိုမယ်။"

No comments:

Post a Comment