Pages
(Move to ...)
HOME
SHIGA,NEWS
IT HPAJI,TECHNOLOGY
HTIHPA,FOR READ
SUMLA HKRUNG,VIDEO
HISTORY
MANI HPA,FUNNY
SUMLA,PHOTO
GAMES
▼
မြန်မာ့အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်နှင့် အင်တာဗျူး (အပိုင်း - ၁)
“တကယ်တန်းကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊
နိုင်ငံရေးတွေကို ခြိမ်းခြောက်နေတာက အထက်ဗမာပြည်ကို မျိုသွားတဲ့ တရုတ်ရဲ့
အကျိုးစီးပွားအဆက်အနွယ်တွေပဲ။ ဒါကို ကျွန်တော်တို့က အဓိကထားပြီး
လုပ်မှရမယ်”
ဉာဏ်လင်းမေးမြန်းသည်
(မကြာမီ ထွက်ရှိလာတော့မည့် မော်ကွန်းမဂ္ဂဇင်း အမှတ် ၃ တွင်ပါရှိသော အင်တာဗျူးမှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
လက်ရှိမြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့်ပုံစံ၊
အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေး၊ မငြိမ်းချမ်း သေးသော
မြန်မာပြည်မြောက်ပိုင်းကိစ္စ၊ စိုးရိမ်စရာ ရခိုင်ပြည်နယ်အရေး
အစရှိသည်တို့နှင့်ပတ်သက်ပြီး မော်ကွန်းမဂ္ဂဇင်း က မြန်မာ့
အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်ကို အင်တာဗျူးထားပါသည်။ ဒေါက်တာဇာနည်သည်
ဗြိတိန်နိုင်ငံ London School of Economics ၌ ဧည့်ပညာရှင်တစ်ဦးဖြစ်ပြီး
မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ လူ့အခွင့် အရေး၊
တိုင်းရင်းသားရေးရာတို့နှင့် ပတ်သက်လာပါက ပြတ်ပြတ်သားသား၊
ဒိုးဒိုးဒေါက်ဒေါက်၊ စူးစူးရှရှ ဝေဖန်သုံးသပ်သူ တစ်ဦးအဖြစ်
လူသိများသူဖြစ်သည်။ နိုင်ငံတကာမီဒီယာများတွင်လည်း ၄င်း၏ အတွေးအမြင်၊
သုံးသပ်ချက်များကို ရေးသားနေသူတစ်ဦးလည်းဖြစ်သည်။ Free Burma Coalition ကို
တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည် (maungzarni.com) သည် စစ်အစိုးရနှင့်
ထိတွေ့ဆက်ဆံကြရန် အစဉ်တစိုက် အရေးဆိုခဲ့သူ အနည်းစုထဲတွင်ပါဝင်ပြီး
သူကိုယ်တိုင်ကလည်း ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အစောပိုင်းကာလအထိ
စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ်သည်။
"Knowledge, Control and Power: The Politics of Military Rule in Burma
Under General Ne Win (1962-88)." စာတမ်းဖြင့် အမေရိကန်ပြည်ထောင်စုရှိ
Wisconsin တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည့် ဒေါက်တာ ဇာနည်သည်
မြန်မာနိုင်ငံအတွင်း လူမျိုးရေးစိတ်ဓာတ်ပြင်းထန်နေသည့်အပေါ် အတော်ကို
စိုးရိမ်သူတစ်ဦးဖြစ်ပြီး နိုင်ငံ တကာအသိုင်းအ၀ိုင်းတွင် မြန်မာများ
အကဲ့ရဲ့မခံရစေရေး မည်သို့ လုပ်သင့် သည်ကို ယခုအင်တာဗျူး၌ အကြံပြုဆွေးနွေး
ထားပါသည်။
MAWKUN: လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုသုံးသပ်ချင်လဲ။
Dr. Zarni: ခြုံကြည့်မယ်ဆိုရင် ရှေ့ဆက်သွားဖို့
အလားအလာတော့ရှိတယ်။ နောက်ဆုတ်ဖို့ကတော့ တော်တော်လေး ခက်သွားမယ်။
တပ်ထဲကခေါင်းဆောင်တွေကလည်း သဘောပေါက်မှာပေါ့ -
နောက်ပြန်သွားလို့မရဘူးဆိုတာ။ ဘာလို့လဲ ဆိုတော့ စစ်တပ်က အုပ်ချုပ်ခဲ့တာ
ရာစုနှစ်တစ်ဝက်မှာ တိုင်းပြည်ဟာ ချွတ်ခြုံကျသွားခဲ့တယ်။ ကျွန်တော်တို့က
အပြင်က နေပြီး မကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူး။ (ပြည်ထောင်စု)
ဝန်ကြီးဦးစိုးသိန်းတို့ နယူးယောက်မှာ ပြောတဲ့ဟာကို ကြည့် မယ်ဆိုရင်
ဗမာပြည်မှာ ကောင်းတာဘာမှမရှိတော့ဘူး၊ ဘယ်နေရာပဲကြည့်ကြည့်
သုံးမရတော့ဘူးဆိုတာကို ပွင့်ပွင့်လင်း လင်း ဗမာလိုပြောသွားတယ်လေ။ ပညာရေး၊
ကျန်းမာရေး၊ စီးပွားရေး၊ စိတ်ဓာတ် အကုန်လုံးကျနေတာ။
MAWKUN: သူတို့ကိုယ်ကျိုးစီးပွားတွေနဲ့ ၀င်လာကြတဲ့ နိုင်ငံကြီးတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လိုအချက်တွေကို သတိမူသင့်လဲ။
Dr. Zarni: တရုတ်၊ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယ အဲဒီ
အင်အားစုလေးစုနဲ့ ဥရောပသမဂ္ဂ ကျွန်တော်တို့ဆီကို လာပြီးတော့ သူတို့
အကြံနဲ့သူတို့၊ သူတို့အကျိုးစီးပွားနဲ့ သူတို့ ပြန်ဝင်လာကြတယ်။
ဒီပြန်ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူတွေ မှာ နိုင်ငံရေးအခံ၊
အတွေးအမြင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ခံမရှိဘူး၊
တိုးတက်မလာဘူးဆိုရင်တော့ ရှေ့လျှောက်မှာ ကောင်းတဲ့ အပိုင်းရှိသလို၊
ပိုပြီးတော့လည်း ဆိုးလာနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ ဦးနေ၀င်းခေတ်မှာ
နေခဲ့ရတဲ့အနေ အထားမျိုးထက် အဆပေါင်းများစွာ ဆိုးနိုင်တဲ့အနေအထားရှိတယ်။
ဘာပြုလို့လဲဆိုတော့ နိုင်ငံရေးကစားတဲ့၊ စီးပွားရေးကစားတဲ့
အကျိုးအမြတ်ထုတ်တဲ့လူတွေက အရမ်းများလာတယ်။ အဲတော့ ဒီတစ်ခါ တိုင်းပြည်မှာ
ခေါင်းဆောင်မှု အသုံးမကျရင်တော့ ဒုတိယအခွင့်အလမ်းပြန်ရမှာမဟုတ်ဘူး။
ဆိုလိုတာက တစ်စစီကို စုတ်ပြတ်သွားမယ့် အနေအထားမျိုးမြင်တယ်။
ကျွန်တော်တို့ဆီကို တရုတ်ဝင်လာတာပဲဖြစ်ဖြစ်၊
အမေရိကန်ပြန်ဝင်လာတာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်က ပြန်ဝင်လာ တာပဲဖြစ် ဖြစ်၊
ဂျပန်ကလာတာပဲဖြစ်ဖြစ် အကူအညီပေးတဲ့အခါ လူသားချင်းစာနာတဲ့အကူအညီပဲဖြစ်ဖြစ်၊
စီးပွားရေးဖွံ့ဖြိုး ဖို့ပဲဖြစ်ဖြစ် ငွေ သန်းကို ရာနဲ့ချီပြီးပေးမယ်။
ဒါတွေက တကယ်တန်းပြောရင် ကျွန်တော်တို့နိုင်ငံက ပြည်သူအများစု ချွတ်ခြုံ
ကျနေတဲ့ အခါဆိုတော့၊ ပြာပုံပေါ်မှာ ရောက်နေတဲ့အခြေအနေမျိုးမှာဆိုတော့
ဒေါ်လာတစ်သန်းပဲဖြစ်ဖြစ်၊ တစ်သောင်းပဲ ဖြစ်ဖြစ်၊ တစ်သိန်းပဲဖြစ်ဖြစ်
ကမ္ဘာ့ဘဏ်တို့၊ အင်္ဂလန်တို့က ပေးတဲ့အခါမှာ အားလုံးက ၀မ်းလည်းသာတယ်၊
ကျေးဇူးလည်း တင်ကြတယ်။
ဒါပေမဲ့ ဒီပိုက်ဆံတွေဝင်လာတာက၊ တကယ်တန်းပြောရရင်
နိုင်ငံခြားအကူအညီဆိုတာမရှိဘူးဗျ။ အလကား ထမင်းကျွေး တာမဟုတ်ဘူး။ သူတို့က
ကျွန်တော်တို့ကို ချစ်လို့ ဒီပိုက်ဆံပစ်ပေးတာမဟုတ်ဘူး။ ဒါတွေက ထောင်မြင်၊
ရာစွန့်ဆိုတဲ့ ပုံစံ မျိုးပေါ့ဗျာ။ ဘီလီယံနဲ့ချီပြီး
အကျိုးရှိမယ့်နေရာမျိုးမှာ ဒေါ်လာသန်းတစ်ရာလောက်ပေးလိုက်ရတာ သူတို့အတွက်
ပြဿနာ မရှိဘူး။ အဲဒါကိုမြင်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေက
ငွေထုတ်ကြီးတွေ ပိုက်ပြီးဝင်လာတဲ့ သူတွေကို ကျေးဇူးရှင်ကြီး တွေ၊
ကယ်တင်ရှင်ကြီးတွေလို့ မှတ်ယူပြီး သပြေပန်းနဲ့ကြိုနေမယ်ဆိုရင်
ကျွန်တော်တို့ နိုင်ငံ အတွက်ပြဿနာရှိနိုင်တယ်။
MAWKUN: ပြည်တွင်းမှာ တရုတ်ရဲ့ အကျိုးစီးပွားက အမြောက်အမြားပဲ။ အတော်များများကတော့ စစ်အစိုးရလက်ထက်တုန်း က နှစ်ဘက်အစိုးရ သဘောတူညီမှုတွေနဲ့ လုပ်ထားတဲ့ကိစ္စတွေ။ အဲဒီအထဲက တချို့ လုပ်ငန်း တွေကို ဒေသခံတွေက အကြောင်းကြောင်းကြောင့် လက်မခံလိုကြဘူး။ ဥပမာ - လက်ပံတောင်းတောင်ကိစ္စလိုဟာမျိုးပေါ့။ အဲတော့ နောက်ထပ်ကော ဘယ်လို အခင်းအကျင်းတွေကို မြင်တွေ့ရဖွယ်ရှိလဲ။
Dr. Zarni: အရင်က စီမံကိန်းတွေက တရုတ်နဲ့ပဲ
လက်မှတ်ထိုးထိုး၊ တခြားနိုင်ငံတွေနဲ့ပဲ ထိုးထိုး ပြည်သူက ဘာမှ
ပြောပိုင်ခွင့်မရှိတဲ့ အနေအထားမျိုးမှာ အုပ်ချုပ်သူလူတန်းစားတွေက
လုပ်သွားခဲ့တဲ့ဟာတွေ။ ဗိုလ်ချုပ်ခင်ညွန့်တို့ လက်ထက် ကတည်းက တရုတ်နဲ့
တအားရောပြီး အထက်ဗမာပြည်တစ်ခုလုံးမှာ ဗမာစကားကို တစ်ခွန်းမှ မပြောတတ်တဲ့
ယူနန်ဘက်ကသူတွေကို မှတ်ပုံတင်တွေထုတ်ပေးတာတွေ လုပ်လာခဲ့ကြတယ်။
လောလောဆယ် လူတွေသိနေကြတာက ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေကို
နှင်ဖို့လောက်ပဲပြောနေကြပေမဲ့ သူတို့က ကျွန်တော်တို့နိုင်ငံအတွက်
အဓိကအန္တရာယ်မဟုတ်ဘူး။ တကယ်က အထက်ဗမာပြည်တစ်ခုလုံး၊ အဓိကမန္တလေးမှာ
တရုတ်ရဲ့စီးပွားရေးတွေရှိတယ်။ သူတို့က မြေတွေကို လိုက်ဝယ်တယ်။
လူမှုရေးကိစ္စတွေမှာပါ တော်တော်လေးဝင်ပြီး လွှမ်းမိုးတဲ့သဘောမှာရှိတယ်။
စီးပွားရေးတစ်ခုတည်းတင်မဟုတ်ဘူး။ တကယ် တိုင်းပြည်မှာ အန္တရာယ်ရှိတာက
တရုတ်ပြည်ကြီးရဲ့ အကျိုးစီးပွားတွေက ကျွန်တော်တို့ အထက်ဗမာပြည်ကြီးကို
မျိုလိုက်တာ။ အဲဒါက ကျွန်တော်တို့တွေ အတွက် ပိုပြီးတော့
ကြောက်စရာကောင်းတယ်။ အဲဒါကို အဓိကထားပြီးတော့ စဉ်းစားဖို့ကောင်းတယ်။
မြေနိမ့်ရာ လှံစိုက်တဲ့ပုံစံမျိုး၊ ဘင်္ဂါလီကို ရှင်းလိုက်၊ နိုင်ငံက
နှင်ထုတ်လိုက်တို့ဆိုတာတွေက တလွဲဆံပင်ကောင်းပြီးတော့ ဖက်ဆစ်ဆန်ဆန်တွေ
ဖြစ်နေကြတယ်။ လူမျိုးရေးမုန်းတီးမှုများနေတာ။
တကယ်တန်းကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေကို
ခြိမ်းခြောက်နေတာက အထက်ဗမာပြည်ကို မျိုသွားတဲ့ တရုတ်ရဲ့
အကျိုးစီးပွားအဆက်အနွယ်တွေပဲ။ ဒါကို ကျွန်တော်တို့က အဓိကထားပြီး
လုပ်မှရမယ်။
နောက်ပြီးတော့ တစ်ချိန်တုန်းက ချုပ်ထားတဲ့
စီးပွားရေးစာချုပ်တွေက ပြည်သူကို မတရားချုပ်ခြယ်တဲ့၊ ပြည်သူကို မတရား
သတ်တဲ့ အစိုးရက လုပ်ခဲ့တာဆိုတော့ အဲဒီစာချုပ်တွေကို ကျွန်တော်တို့က
ပြန်သုံးသပ်ပြီးတော့၊ စိစစ်ပြီးတော့ ပြင်သင့်တာ တွေကို
ပြင်ဖို့လိုလိမ့်မယ်နဲ့တူတယ်။ မဟုတ်ရင်တော့ ပြည်သူက ကျောကော့နေအောင်
ခံရလိမ့်မယ်။
(ဆက်လက်ဖော်ပြပေးပါမည်)
(share by :
Yangon Press International )
No comments:
Post a Comment