ကိုလိုအုပ်ချုပ်ရေးလို ရွေးကောက်ပွဲမျိုး ကျင်းပပေးရခြင်းက အနှစ်နှစ်ဆယ်လုံးလုံး သူတို့မရခဲ့တဲ့၊ ဒီအတိုင်းဆက်သွားရင် နောက်အနှစ် (၂၀၀)ကြာလည်း မရနိုင်တဲ့ တရားဝင်မှု(Legitimacy)ကို လိုချင်တဲ့အတွက်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အာဏာနှင့် ငွေတွေ အလျှံပယ်ရှိနေတဲ့ ဗိုလ်ချုပ်တွေအဖို့ ဒေသဆိုင်ရာ အိမ်ကျယ်ဘ၀က တစ်ဆင့်တက်ပြီး နိုင်ငံတကာမှာ တွင်ကျယ်နိုင်ဖို့က လူရိုသေ၊ ရှင်ရိုသေ တရားဝင် အစိုးရဖြစ်ဖို့ လိုအပ်နေပါတယ်။ ဒါကို လူထုကသာ ပေးနိုင်တာမို့ အနှစ်နှစ်ဆယ်ကျော် မျက်ကန်း တစ္ဆေမကြောက် တစ်ကိုယ်ရေ ကောင်းစားရေးအတွက် ထင်ရာစိုင်းနေတဲ့ စစ်ဗိုလ်ချုပ်တွေအဖို့ မလွှဲမရှောင်သာ လူထုရှေ့မှောက် (ဟန်ဆောင်လို့ဘဲဖြစ်ဖြစ်) အဆုံးအဖြတ်ခံဖို့ ဖြစ်လာရတာပါ။
ကောင်းပြီ။ ဒါဆို ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်တွေက လူထုအဆုံးအဖြတ်အတိုင်း နာခံကြတော့မှာလားဆိုရင် ထင်သာထင် မ၀င်ဘူး ကျောင်းအမလို့ ဖြေရပါလိမ့်မယ်။ ဆီးရီးယား၊ အီဂျစ်၊ ကင်ညာ၊ ဇင်္ဘာဘွေ၊ အီရန်၊ အာဖဂန်နစ္စတန်၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေလို အာဏာရှင်နှင့် အာဏာရှင်တစ်ပိုင်းနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ လူထုရဲ့ အဆုံးအဖြတ်မှန်ကို ရယူရေးထက် ရွေးကောက်ပွဲကို မိမိအာဏာ ဆက်လက်တည်တံ့ရေးအတွက် ထင်သလို ခုတုန်းလုပ်ခဲ့တာတွေသာ တွေ့ရပါတယ်။ ရက်စက်တဲ့ အာဏာရှင်တွေအောက်မှာ ပြည်သူတွေရဲ့ မူလ အခွင့်အရေးတွေဟာ ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့် အလိုအလျောက် မရောက်လာတတ်ပါဘူး။
နအဖလို အာဏာရှင်မျိုးတွေအတွက် ရွေးကောက်ပွဲဆိုတာ (၁) အမည်ခံ ရွေးကောက်ပွဲ ကျင်းပဖို့ (၂) မဖြစ် ဖြစ်တဲ့နည်းနှင့် အနိုင်ရရှိဖို့သာ ဖြစ်ပါတယ်။ ဖိနှိပ်၊ မဲလိမ်၊ မဲခိုး၊ မဲညစ်တာတွေကို လုပ်တတ်ကြပြီး ပြည်ပက ပြစ်တင်ရှုံ့ချ ကန့်ကွက်မှုတွေဟာ ရက်သတ္တပါတ် အနည်းငယ်က လအနည်းငယ်လောက်သာ ကြာမြင့်တတ်ပါတယ်။ ပြည်တွင်းက မကြေမနပ်သူတွေကိုတော့ တရားဝင် အရွေးကောက်ခံ အစိုးရအဖြစ် ဇွတ်ကြေညာပြီး ပိုလို့တောင် ဖိနှိပ်နိုင်ကြပါတယ်။ နောက်ဆုံးမတော့ ပြည်တွင်း၊ ပြည်ပက အင်အားစုတွေဟာ ဖိနှိပ်မှုတွေ လျော့ပါးလာရေး၊ ဥပဒေတွင်းတိုက်ပွဲ ရင်ဆိုင်ရေး၊ စားဝတ်နေရေး အကြပ်အတည်းတွေ ဖြေရှင်းရေး၊ တိုင်းပြည်ထူထောင်ရေး၊ ဒေသတည်ငြိမ်ရေးတို့အတွက် မတရားတက်လာတဲ့ အစိုးရကိုဘဲ ဦးတည် အဖြေရှာဖို့ ဖြစ်လာရပြန်ပါတယ်။ မုန့်လုံးကို စက္ကူကပ်ပြန်တာ ဖြစ်ပါတယ်။ ဒါကို ခေတ်သစ်အာဏာရှင်တွေ ကောင်းကောင်း သိထားကြပါတယ်။
အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကိုဘဲ ဇောင်းပေး ပြောလာပါပြီ။ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတတ်တဲ့ လက်တွေ့နိုင်ငံရေး (Real Politics) ဖြစ်စဉ်တွေပါ။
NLD သမိုင်းမှာ ၁၉၉၀ရွေးကောက်ပွဲပြီး ဂန္ဒီခမ်းမကြေညာချက်၊ နောက်တစ်ဆင့်လျော့ပြီး အရွေးချယ်ခံ အမတ်များကို ၁/၉၀အရ ဖွဲ့စည်းပုံရေးဆွဲခွင့်ပြုရေး တောင်းဆိုချက်၊ နောက်တစ်ခါ လွှတ်တော်သာခေါ်ပေးပါ၊ De jure အစိုးရအဖြစ် အသိအမှတ်ပြုပေးပါမယ်ဆိုတဲ့ တောင်းဆိုချက်နှင့် နောက်ဆုံး ရွှေဂုံတိုင်ကြေညာချက်အထိ အခြေခံတောင်းဆိုချက်တွေ ရွေ့လျောလာမှုတွေက အရှိတရားတွေပါ။ လက်တွေ့ကျကျ ဆက်စပ် နှိုင်းယှဉ် သင်္ခန်းစာထုတ်နိုင်ကြပါတယ်။
တိုင်းရင်းသားတွေဖက်ကိုလည်း ပြန်ကြည့်ပါ။ လက်နက်ကိုင်တော်လှန်ရေးအားဖြင့်သာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်တယ်ကနေပြီး လက်နက်ကိုင်လမ်းစဉ်သည် အဖြေမဟုတ်ဘဲ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးသည်သာ မှန်ကန်တယ်ဆိုတာကို အခြေအနေအရ ပြောင်းလဲတောင်းဆိုရပါတယ်။ တစ်ချိန်က သစ္စာဖေါက်တွေအဖြစ် သတ်မှတ် ရှုံ့ချခံခဲ့ရတဲ့ ငြိမ်းအဖွဲ့တွေကိုလည်း အခု သွေးသောက် မဟာမိတ် ပြန်လုပ်ရပါတယ်။ နိုင်ငံရေးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ကြီး တာမလာဘောဆိုတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြသနာ မဟုတ်သလို၊ NLD၊ စစ်တပ်၊ KNU KIA NMSP စတဲ့ ပါတီအဖွဲ့အစည်း ပြသနာ မဟုတ်ပါဘူး။ လူထုအကျိုးစီးပွါးကို စေတနာမှန်၊ အနစ်နာခံပြီး၊ လက်တွေ့ကျကျ ဘယ်နည်း ဘယ်ပုံ ထမ်းဆောင်နိုင်သလဲက နိုင်ငံရေးလမ်းကြောင်းကို ချမှတ်ပါတယ်။
NLDက ဘယ်လမ်းလိုက်မလဲဆိုတာက မေးခွန်းမှန် မဟုတ်ပါဘူး။ လမ်းကြောင်းမှန်ကို NLD သွား မသွားကသာ မေးခွန်းမှန် ဖြစ်ပါတယ်။ လမ်းကြောင်းမှန်ဆိုတာကို ဘယ်လို သတ်မှတ်မလဲ။ လက်နက်ကိုင် တော်လှန်ရေးမှအပ အခြားမရှိက မနေ့က လမ်းကြောင်းမှန်ပါ။ ယနေ့ လမ်းကြောင်းမှန် မဟုတ်တော့ပါဘူး။ လုပ်နည်းလုပ်ဟန်တွေ၊ လမ်းကြောင်းတွေက အခြေအနေအရ ပြောင်းလဲတတ်သော်လည်း တိုင်းရင်းသားများရဲ့ နိုင်ငံရေး အန္တိမ ရည်မှန်းချက်ဖြစ်သော မိမိအမျိုးသားများ လွတ်မြောက်ရေး ပန်းတိုင်ကတော့ ဘယ်သောအခါမှ မပြောင်းလဲသွားနိုင်ပါဘူး။ ဒီသဘောတရားသည် ငြိမ်းအဖွဲ့တွေ၊ မငြိမ်းအဖွဲ့တွေ၊ အတိုက်အခံအဖွဲ့အားလုံး အပါအ၀င် NLD ကိုလည်း သက်ရောက်ပါတယ်။
နိုင်ငံရေးရှိဖို့က ပါတီရှိဖို့ထက် အရေးကြီးတယ်။ နိုင်ငံရေးရှိရင် ပါတီမရှိလည်း ကိစ္စမရှိဘူး။ ပါတီရှိပြီး နိုင်ငံရေး မရှိလျှင် ဝိညာဉ်မရှိ၊ အလကားဘဲလို့ ဆရာဦးဝင်းတင် ပြောတာ အင်မတန် မှန်ကန်ပါတယ်။ ယနေ့ တရားဝင် နိုင်ငံရေးပါတီ (၁၀)ပါတီ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ (၁၀)ပါတီလုံးကို ရည်တွက်ပြနိုင်သူ အင်မတန် နည်းပါးလိမ့်မယ် ထင်ပါတယ်။ သို့သော် ဦးအေးသာအောင်လို၊ ဦးပူကျင်ရှင်းထန်လို ပုဂ္ဂိုလ်မျိုး ရှိနေသရွေ့ ပါတီမရှိလည်း နိုင်ငံရေး ရှိနေပါတယ်။ နိုင်ငံရေး ရှိခြင်း မရှိခြင်းသည် ပါတီဝင်များ၊ ခေါင်းဆောင်များအပေါ်တွင်သာ တည်ပါတယ်။ ပါတီ ရှိခြင်း မရှိခြင်းပေါ်မှာ မတည်ပါဘူး။ မည်သို့သော ဖိနှိပ်ချုပ်ချယ်သော ဥပဒေအောက်တွင်ဖြစ်စေ၊ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတစ်ခုမှာ ဆရာဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးရဲ့ ဦးဆောင်မှု ရှိနေသရွေ့ နိုင်ငံရေး မသေပါဘူး။
စစ်တပ်က နိုင်ငံရေးနယ်ပယ်က စနစ်တကျ ဆုတ်ခွါပေးဖို့ ရွေးကောက်ပွဲ လုပ်ပေးတာလို့ ဦးသုဝေကဘဲ ဆိုပြန်ပါတယ်။ စစ်တပ်ကို စိတ်နှင့်တောင် မပစ်မှားနဲ့ဆိုပြီး ပဒုမ္မာကွင်းမှာ ကျည်ကာအကျီဝတ် အသံဗြဲကြီးနဲ့အော်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ကြီးကို ပြေးသတိရလိုက်မိပါတယ်။ ဗိုလ်ချုပ်တွေက အင်္ဂုလိမာလလို အကျွတ်တရားရပြီး နိုင်ငံရေးနယ်ပယ်က စနစ်တကျ ဆုတ်ခွါဖို့အတွက် ရွေးကောက်ပွဲ လုပ်ပေးတယ်တယ်ဆိုတဲ့ ဦးသုဝေရဲ့ အမြင်အရဆိုရင် အထုခံ လူထုကဘဲ ဗိုလ်ချုပ်တွေကို သံဃာစင်ပေါ်တင်ပြီး ထိုင်ရှိခိုးပေးရမလို ဖြစ်နေပါတယ်။
အနှစ်နှစ်ဆယ်လုံးလုံး လူထုကို စိတ်ရှိတိုင်း နှိပ်စက်နေတဲ့ ဗိုလ်ချုပ်တွေကို အကျွတ်တရားရသွားတဲ့ သူတော်စင်တွေအဖြစ် အခြေအမြစ်မဲ့ အတင်းကာရော ပုံဖေါ်မှုမျိုးက ရုတ်ပျက် ဆင်းပျက်နိုင်လှပါတယ်။ တစ်ကယ် အကျွတ်တရားရသွားတဲ့ပုံ၊ လူထုပေါ် စေတနာထားလာပုံမျိုးကို ဗိုလ်ချုပ်တစ်ယောက်လောက်မှာတောင် ရှားရှားပါးပါး တွေ့မိပါသလားလို့ မေးလိုပါတယ်။ လက်ငင်းတွေ့နေရတာကတော့ ၂၅ရာခိုင်နှုံး အမည်တပ်ပြီး ရှိသမျှအာဏာကို သိမ်းကြုံးယူထားရုံနှင့်တင် လောဘမသတ်နိုင်သေးဘဲ လူထုခွဲတမ်း ၇၅ရာခိုင်နှုံးထဲ အတင်းဝင်နှိုက်ဖို့ အရှိန်အ၀ါသုံး အရှက်မရှိ မျက်နှာပြောင်တိုက် မဲဆွယ်နေတာသာ ဖြစ်ပါတယ်။ လွှတ်တော်တစ်ခုလုံးကို စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက်တွေသာ၊ အလုံးအရင်းနဲ့ လွှမ်းမိုးချုပ်ကိုင်ပြီး လူထုကို ဆက်နှိပ်စက်၊ အောင်သေ အောင်သားစားဖို့ စစ်ဗိုလ်တွေ သူရဲ မင်းရဲ ကြိုးစားနေတာကို ဆရာဦးသုဝေ မမြင်မိပေဘူးလား။ စစ်ဗိုလ်တွေကို ပစ်ဖါးတဲ့ ဒီလိုပြောလုံးမျိုးကို လူထုက သိပ်သတိထားတတ်တာမို့ ခေါင်းဆောင်လုပ်သူများ ဆင်ခြင်သင့်ကြပါတယ်။
အောင်ထီ

No comments:
Post a Comment