Pages

Monday, May 28, 2012

ပြည်သူ ၆၇၆၇၆၇ဦး လက်မှတ် ရေးထိုးစေမယ့် ထာဝရငြိမ်းချမ်း ၆၇

by;popularmyanmar


တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်းလက်နက်စွဲကိုင်တိုက်ခိုက် သတ်ဖြတ်နေကြခြင်း၊ စစ်ပွဲများ ဆင်နွှဲနေကြခြင်းကို ချက်ချင်းရပ်တံ့ပေးရန် စစ်မှန်၍တရာမျှတ သည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ လက် တွဲဦးဆောင်၍ အမြန်ဆုံးဆွေးနွေးဖော်ဆောင်ရန်အတွက်  ပြည်သူများမှ လက်မှတ်ရေးထိုးဆန္ဒပြု တောင်းဆိုရန် Generation Wave(မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)က ဦးဆောင်ပြီး လှုပ်ရှားလျက်ရှိသည်။ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးအဖွဲ့ ဝင်များသည် မေလ၁၈ရက်နေ့ နံနက်၇ နာရီခွဲက ရန်ကုန်မြို့မှ ပဲခူးမြို့ သို့ စတင်ထွက်ခွာခဲ့ရာ ပဲခူးမြို့ရှိ လူငယ်များနှင့် တွေ့ဆုံပြီး ‘လူငယ်နှင့်အနာဂတ်’ ခေါင်းစဉ်ဖြင့် တရင်းတနှီး ဆွေးနွေးခဲ့ကြသည်။ လူငယ်တွေ စိတ်ပါဝင်စားနေသည့် မြန် မာနိုင်ငံရေး၊ ပရဟိတကိစ္စရပ်များ စသည့်အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ငြိမ်းချမ်းရေးအတွက် ပြည်သူတွေ ဆန္ဒထုတ်ဖော် မည့် အစီအစဉ်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ပဲခူးမြို့ရှိ လူငယ်အဖွဲ့ အစည်းများကလည်းသူတို့တတ်စွမ်းသရွေ့ အကူအညီပေးသွားမည် ဖြစ်ကြောင်း ပြောကြားပေးခဲ့ ပါသည်။ ”ဖြစ်လာတဲ့ အပြောင်းအလဲတွေအပေါ်မှာလူငယ်တွေက စိတ်ဝင်တစား ရှိလာကြတယ်။ အဲဒီအပြောင်းအလဲတွေကလည်း သူတို့ရဲ့ ဘဝတွေမှာဘာတွေ ပြောင်း လဲစေနိုင်တယ်ဆိုတဲ့ဟာတွေ လေ့လာခဲ့တယ်။ အပြောင်းအလဲတွေပေါ်မှာ ဖြစ်လာမယ့် အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေကို သိခွင့်ရခဲ့တယ်။ သူတို့ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေကို လေ့လာဖြစ်ခဲ့တယ်”ဟု မျိုးဆက်သစ်လူငယ်များ အစည်းအရုံးအဖွဲ့ဝင် ကိုမိုဃ်းသွေးက လူငယ်တွေအပေါ် ထိတွေ့ဆွေးနွေးသည့် အမြင်ကို ပြောပါသည်။
ပဲခူးမြို့မှတစ်ဆင့် တောင်ငူမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ တောင်ငူမြို့ခံလူငယ်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး အဖွဲ့ဝင်လူငယ်များနှင့် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် တောင်ငူမြို့ရှိ စည်ပင်ကျောင်းတိုက် ဆရာတော် ဘုရားကြီးအား သွားရောက်ဖူးမြော်ခဲ့ကြသည်။ ထာဝရငြိမ်း ချမ်းရေးအတွက် တောင်ငူ ပြည်သူ၊ပြည်သားများကလည်း အဆင်သင့်ရှိကြောင်း သိခွင့်ရခဲ့သည်။ ယခုကဲ့သို့ နိုင်ငံရေးကို လူငယ်တော်တော်များက စိတ်ဝင်တစား ရှိကြ သလို၊ လူမှုပရဟိတ ပညာရေးအစရှိသည့် ကဏ္ဍအသီးသီးကို ဦးဆောင်ပြီး ပြည်သူနှင့်တစ်သားတည်း တက်ကြွသူများအဖြစ် လှုပ်ရှားနေကြ ကြောင်းကို ထာဝရငြိမ်းချမ်း ၆၇နှင့် ပတ်သက်ပြီး မျိုးဆက်သစ်လူငယ်များ အစည်းအရုံးအဖွဲ့ဝင် အိအိမိုးက..”မြန်မာနိုင်ငံသူ၊နိုင်ငံသား ၆၇၆၇၆၇ ဦးစုပေါင်းပြီး ပြည်တွင်းစစ်ပွဲတွေ ရပ်စဲရေး အတွက် လက်မှတ်ရေးထိုးတယ်။ ရရှိလာတဲ့လက်မှတ်များကို နိုင်ငံခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေက အမြန်ဆုံး အကောင် အထည်ဖော်ပေးဖို့ ရည်ရွယ်ပြီး လက်မှတ်မိတ္တူတွေကို ပေးပို့မှာပါ”ဟု ပြောသည်။ လက်မှတ်မိတ္တူများကို ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇နှစ်ပြည့်မွေးနေ့အမီ စုဆောင်းပြီး ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး၏ ခရီးစဉ် ကို နေပြည်တော်မြို့တွင် အဆုံးသတ်ခဲ့ရာ နေပြည်တော်မြို့ရှိ လူငယ်များနှင့် ပုဗ္ဗသီရိမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဖြိုးဇေယျာသော်ကိုလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက တွေ့ဆုံခဲ့ပြီး လူငယ်နှင့်အနာဂတ် အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ လက်ရှိလူငယ်တွေ ရင်ဆိုင်နေရသည့် အခက်အခဲတွေကို အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment